သံယုတ္တနိကာယ်—၅၁
၃—အယောဂုဠဝဂ်
၁၂—တထာဂတသုတ်
၈၄၄။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို ဤသို့ မိန့်တော်မူ၏—“ရဟန်းတို့ ထိုအရာကိုအဘယ်သို့ မှတ်ထင်ကုန်သနည်း၊ အဘယ်တရားကို ပွါးများခြင်း ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းကြောင့်မြတ်စွာဘုရားသည် ဤသို့ တန်ခိုးကြီးသနည်း၊ ဤသို့ အာနုဘော်ကြီးသနည်း”ဟု မိန့်တော်မူ၏။ အသျှင်ဘုရား အကျွန်ုပ်တို့အား တရားတော်တို့သည် မြတ်စွာဘုရားလျှင် အရင်းအမြစ် ရှိပါကုန်၏၊ မြတ်စွာဘုရားလျှင် ထုတ်ဆောင်သူ ရှိပါကုန်၏။ပ။ ရဟန်းတို့ ဣဒ္ဓိပါဒ်လေးပါးတို့ကို ပွါးများခြင်း ကြိမ်ဖန်များစွာပြုလုပ်ခြင်းကြောင့် မြတ်စွာဘုရားသည် ဤသို့ တန်ခိုးကြီး၏၊ ဤသို့ အာနုဘော်ကြီး၏။
အဘယ်လေးပါးတို့ကို ပွါးများခြင်း ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းကြောင့် တန်ခိုးအာနုဘော်ကြီးသ နည်း။ ရဟန်းတို့ ဤသာသနာတော်၌ မြတ်စွာဘုရားသည် အလို ‘ဆန္ဒ’ကို မှီ၍ ဖြစ်သော သမာဓိ အား ထုတ်မှုလုံ့လတို့နှင့် ပြည့်စုံသော ဣဒ္ဓိပါဒ်ကို ပွါးများ၏။ ဤသို့ ပွါးများသည်ရှိသော် ငါ၏ အလို ‘ဆန္ဒ’ သည်အလွန်လည်း မတွန့်ဆုတ်လတ္တံ့၊ အလွန်လည်း မတက်ကြွလတ္တံ့၊ အတွင်း၌လည်း မကျုံ့လတ္တံ့၊ အပ၌လည်း မပျံ့လွင့်လတ္တံ့။ ရှေးအဖို့၌ကဲ့သို့ နောက်အဖို့၌လည်းကောင်း၊ နောက်အဖို့၌ကဲ့သို့ ရှေးအဖို့၌လည်းကောင်း၊ အောက်အဖို့၌ကဲ့သို့ အထက်အဖို့၌လည်းကောင်း၊ အထက်အဖို့၌ကဲ့သို့ အောက်အဖို့၌လည်းကောင်း၊ နေ့အဖို့၌ကဲ့သို့ ညဉ့်အဖို့၌လည်းကောင်း၊ ညဉ့်အဖို့၌ကဲ့သို့ နေ့အဖို့၌လည်းကောင်း ရှေးအဖို့နောက်အဖို့တို့၌ အမှတ်သညာ ရှိလျက် နေ၏။ ဤသို့ မြှေးယှက်ခြင်း မရှိသော ပွင့်လင်းသော စိတ်ဖြင့် အရောင်အလင်းရှိသော စိတ်ကို ပွါးများ၏။
ဝီရိယကို မှီ၍ ဖြစ်သော သမာဓိ။ပ။ စိတ်ကို မှီ၍ ဖြစ်သော သမာဓိ။ပ။ ပညာကို မှီ၍ ဖြစ်သောသမာဓိ အားထုတ်မှု လုံ့လတို့နှင့် ပြည့်စုံသော ဣဒ္ဓိပါဒ်ကို ပွါးများ၏။ ဤသို့ ပွါးများသည်ရှိသော် ငါ၏ပညာသည် အလွန်လည်း မတွန့်ဆုတ်လတ္တံ့၊ အလွန်လည်း မတက်ကြွလတ္တံ့၊ အတွင်း၌လည်းမကျုံ့လတ္တံ့၊ အပ၌လည်း မပျံ့လွင့်လတ္တံ့။ ရှေးအဖို့၌ကဲ့သို့ နောက်အဖို့၌လည်းကောင်း၊ နောက်အဖို့၌ကဲ့သို့ ရှေးအဖို့၌ လည်းကောင်း၊ အောက်အဖို့၌ကဲ့သို့ အထက်အဖို့၌လည်းကောင်း၊ အထက်အဖို့၌ကဲ့သို့ အောက်အဖို့၌ လည်းကောင်း၊ နေ့အဖို့၌ကဲ့သို့ ညဉ့်အဖို့၌လည်းကောင်း၊ ညဉ့်အဖို့၌ကဲ့သို့ နေ့အဖို့၌လည်းကောင်း ရှေး အဖို့နောက်အဖို့တို့၌ အမှတ်သညာရှိလျက် နေ၏။ ဤသို့မြှေးယှက်ခြင်း မရှိသော ပွင့်လင်းသော စိတ် ဖြင့် အရောင်အလင်းရှိလာအောင် စိတ်ကို ပွါးများ၏။
ရဟန်းတို့ ဤဣဒ္ဓိပါဒ်လေးပါးတို့ကို ပွါးများခြင်း ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းကြောင့် မြတ်စွာဘုရားသည် ဤသို့ တန်ခိုးကြီး၏၊ ဤသို့ အာနုဘော်ကြီး၏။
ရဟန်းတို့ ဤဣဒ္ဓိပါဒ်လေးပါးတို့ကို ပွါးများခြင်း ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းကြောင့် မြတ်စွာဘုရားသည် ဤသို့ များပြားသော တန်ခိုးဖန်ဆင်းခြင်းကို ပြီးစီးစေ၏၊ တစ်ယောက်တည်း ဖြစ်လျက်လည်း အများ ဖြစ်သွားနိုင်၏၊ အများ ဖြစ်လျက်လည်း တစ်ယောက်တည်း ဖြစ်လာနိုင်၏။ပ။ ဗြဟ္မာ့ပြည်တိုင်အောင်လည်း ကိုယ်ကို မိမိအလိုအတိုင်း ဖြစ်စေနိုင်၏။
ရဟန်းတို့ ဤဣဒ္ဓိပါဒ်လေးပါးတို့ကို ပွါးများခြင်း ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းကြောင့် မြတ်စွာဘုရားသည် အာသဝကုန်သဖြင့် အာသဝကင်းသော (ကိလေသာမှ) လွတ်မြောက်သော (အရဟတ္တဖိုလ်) စိတ်နှင့်လွတ်မြောက်သော (အရဟတ္တဖိုလ်) ပညာကို ယခုဘဝ၌ပင် ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် သိ၍မျက်မှောက် ပြုလျက် ရောက်၍ နေရ၏ဟု (မိန့်တော်မူ၏)။
ဒွါဒသမသုတ်။
[အဘိညာဉ်ခြောက်ပါးတို့ကိုလည်း ချဲ့အပ်ကုန်၏]။
သုံးခုမြောက် အယောဂုဠဝဂ် ပြီး၏။