သံယုတ္တနိကာယ်—၅၁
၁—စာပါလဝဂ်
၄—နိဗ္ဗိဒါသုတ်
၈၁၆။ ရဟန်းတို့ ဤဣဒ္ဓိပါဒ်လေးပါးတို့ကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သည်ရှိ သော်စင်စစ် ငြီးငွေ့ခြင်းငှါ စွဲမက်မှု ‘ရာဂ’ ကင်းခြင်းငှါ ချုပ်ခြင်းငှါ (ကိလေသာ) ငြိမ်းအေးခြင်းငှါ အထူးသိခြင်းငှါ ကိုယ်တိုင် သိခြင်းငှါ နိဗ္ဗာန်အကျိုးငှါ ဖြစ်ကုန်၏။ အဘယ်လေးပါးတို့နည်း၊
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ဆန္ဒကို မှီ၍ ဖြစ်သော သမာဓိ အားထုတ်မှု လုံ့လ တို့နှင့်ပြည့်စုံသော ဣဒ္ဓိပါဒ်ကို ပွါးများ၏၊ ဝီရိယကို မှီ၍ ဖြစ်သော သမာဓိ။ပ။ စိတ်ကို မှီ၍ ဖြစ်သောသမာဓိ။ပ။ ပညာကို မှီ၍ ဖြစ်သော သမာဓိ အားထုတ်မှု လုံ့လတို့နှင့် ပြည့်စုံသော ဣဒ္ဓိပါဒ်ကို ပွါးများ၏။
ရဟန်းတို့ ဤဣဒ္ဓိပါဒ်လေးပါးတို့ကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သည်ရှိသော် စင်စစ်ငြီးငွေ့ခြင်းငှါ စွဲမက်မှု ‘ရာဂ’ကင်းခြင်းငှါ ချုပ်ခြင်းငှါ (ကိလေသာ) ငြိမ်းအေးခြင်းငှါ အထူးသိခြင်းငှါကိုယ်တိုင် သိခြင်းငှါ နိဗ္ဗာန်အကျိုးငှါ ဖြစ်ကုန်၏ဟု (မိန့်တော်မူ၏)။
စတုတ္ထသုတ်။