သံယုတ္တနိကာယ်—၅၁
၁—စာပါလဝဂ်
၅—ဣဒ္ဓိပဒေသသုတ်
၈၁၇။ ရဟန်းတို့ အတိတ်ကာလ၌ ဣဒ္ဓိတစ်စိတ်တစ်ဒေသကို ပြီးစီးစေခဲ့ကြသူ သမဏဗြာဟ္မဏ ဟူသမျှအားလုံးတို့သည် ဣဒ္ဓိပါဒ်လေးပါးတို့ကို ပွါးများခြင်း ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းကြောင့် ဣဒ္ဓိတစ်စိတ်တစ်ဒေသကို ပြီးစီးစေခဲ့ကုန်ပြီ။ ရဟန်းတို့ အနာဂတ်ကာလ၌ ဣဒ္ဓိတစ်စိတ်တစ်ဒေသကို ပြီးစီးစေလတ္တံ့သော သမဏဗြာဟ္မဏဟူသမျှ အားလုံးတို့သည် ဣဒ္ဓိပါဒ်လေးပါးတို့ကို ပွါးများခြင်း ကြိမ်ဖန်များစွာပြုလုပ်ခြင်းကြောင့် ဣဒ္ဓိတစ်စိတ်တစ်ဒေသကို ပြီးစီးစေကုန်လတ္တံ့။ ရဟန်းတို့ ပစ္စုပ္ပန်ကာလ၌ ဣဒ္ဓိတစ်စိတ်တစ်ဒေသကို ပြီးစီးစေသူ သမဏဗြာဟ္မဏ ဟူသမျှ အားလုံးတို့သည် ဣဒ္ဓိပါဒ်လေးပါးတို့ကို ပွါးများခြင်း ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းကြောင့် ဣဒ္ဓိတစ်စိတ်တစ်ဒေသကို ပြီးစီးစေကုန်၏။
အဘယ်လေးပါးတို့နည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ဆန္ဒကို မှီ၍ ဖြစ်သော သမာဓိအားထုတ်မှု လုံ့လတို့နှင့် ပြည့်စုံသော ဣဒ္ဓိပါဒ်ကို ပွားများ၏၊ ဝီရိယကို မှီ၍ ဖြစ်သော သမာဓိ။ပ။
စိတ်ကို မှီ၍ ဖြစ်သော သမာဓိ။ပ။ ပညာကို မှီ၍ ဖြစ်သော သမာဓိ အားထုတ်မှု လုံ့လတို့နှင့် ပြည့်စုံသော ဣဒ္ဓိပါဒ်ကို ပွါးများ၏။
ရဟန်းတို့ အတိတ်ကာလ၌ ဣဒ္ဓိတစ်စိတ်တစ်ဒေသကို ပြီးစီးစေခဲ့ကြသူ သမဏဗြာဟ္မဏ ဟူသမျှအားလုံးတို့သည် ဣဒ္ဓိပါဒ်လေးပါးတို့ကို ပွါးများခြင်း ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းကြောင့်ဣဒ္ဓိတစ်စိတ်တစ် ဒေသကို ပြီးစီးစေကုန်ပြီ။ ရဟန်းတို့ အနာဂတ်ကာလ၌ ဣဒ္ဓိတစ်စိတ်တစ်ဒေသကိုပြီးစီးစေလတ္တံ့သော သမဏဗြာဟ္မဏ ဟူသမျှ အားလုံးတို့သည် ဣဒ္ဓိပါဒ်လေးပါးတို့ကို ပွါးများခြင်းကြိမ်ဖန်များစွာ ပြုလုပ် ခြင်းကြောင့် ဣဒ္ဓိတစ်စိတ်တစ်ဒေသကို ပြီးစီးစေကုန်လတ္တံ့။ ရဟန်းတို့ပစ္စုပ္ပန်ကာလ၌ ဣဒ္ဓိတစ်စိတ်တစ် ဒေသကို ပြီးစီးစေသူ သမဏဗြာဟ္မဏဟူသမျှ အားလုံးတို့သည်ဣဒ္ဓိပါဒ်လေးပါးတို့ကို ပွားများခြင်း ကြိမ် ဖန်များစွာ ပြုလုပ်ခြင်းကြောင့် ဣဒ္ဓိတစ်စိတ်တစ်ဒေသကိုပြီးစီးစေကုန်၏ဟု (မိန့်တော်မူ၏)။
ပဉ္စမသုတ်။