သံယုတ္တနိကာယ်—၅၃
၁ — ဂင်္ဂ ါပေယျာလဝဂ်
၁ — ၁၂ — ဈာန်စသော ၁၂ —သုတ်
၉၂၃—၉၃၄။ သာဝတ္ထိနိဒါန်း။ ထိုအခါ။ပ။ ရဟန်းတို့ ဈာန်တို့ကား ဤလေးပါးတို့တည်း။ အဘယ်လေးပါးတို့နည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ကာမတို့မှ ကင်းဆိတ်၍သာလျှင် အကုသိုလ်တရားတို့မှ ကင်းဆိတ်၍သာလျှင် ကြံစည်မှု ‘ဝိတက်’နှင့် တကွဖြစ်သော သုံးသပ်မှု ‘ဝိစာရ’နှင့် တကွဖြစ်သော နီဝရဏ ကင်းဆိတ်ခြင်းကြောင့် ဖြစ်သော နှစ်သိမ့်မှု ‘ပီတိ’ ချမ်းသာမှု ‘သုခ’ရှိသော ပဌမဈာန်သို့ရောက်၍ နေ၏။ ဝိတက်ဝိစာရ ငြိမ်းခြင်းကြောင့် မိမိသန္တာန်၌ စိတ်ကို ကြည်လင်စေတတ်သော စိတ်၏တည်ကြည်မှု ‘သမာဓိ’ကို ပွါးစေတတ်သော ကြံစည်မှု ‘ဝိတက်’ သုံးသပ်မှု ‘ဝိစာရ’ မရှိသော တည်ကြည်မှု ‘သမာဓိ’ ကြောင့် ဖြစ်သော နှစ်သိမ့်မှု ‘ပီတိ’ ချမ်းသာမှု ‘သုခ’ ရှိသော ဒုတိယဈာန်သို့ ရောက်၍ နေ၏။ နှစ်သိမ့်မှု ‘ပီတိ’ ကိုလည်း မတပ်မက်ခြင်းကြောင့် လျစ်လျူရှုသည် ဖြစ်၍ နေ၏၊ သတိ, သမ္ပဇဉ်ရှိသည် ဖြစ်၍ ချမ်းသာမှု ‘သုခ’ကိုလည်း ကိုယ်ဖြင့် ခံစား၏၊ အကြင်တတိယဈာန်ကြောင့် ထိုသူ့ကို “လျစ်လျူရှုသူ၊ သတိရှိသူ၊ ချမ်းသာစွာ နေလေ့ရှိသူ”ဟု အရိယာပုဂ္ဂိုလ်တို့သည် ပြောကြားကုန်၏၊ ရဟန်းသည် ထိုတတိယဈာန်သို့ ရောက်၍ နေ၏။ ချမ်းသာဆင်းရဲကို ပယ်ခြင်းကြောင့်လည်းကောင်း၊ ရှေးဦးကပင်လျှင်ဝမ်းသာခြင်း နှလုံးမသာခြင်းတို့၏ ချုပ်နှင့်ခြင်းကြောင့်လည်းကောင်း ချမ်းသာဆင်းရဲ မရှိသော လျစ်လျူရှုမှု ‘ဥပေက္ခာ’ ကြောင့် ဖြစ်သည့် သတိ၏ စင်ကြယ်ခြင်းရှိသော စတုတ္ထဈာန်သို့ ရောက်၍ နေ၏။ ရဟန်းတို့ ဈာန်တို့ကား ဤလေးပါးတို့ပင်တည်း။
ရဟန်းတို့ ဂင်္ဂါမြစ်သည် အရှေ့သို့ ညွတ်ကိုင်း ရှိုင်းသကဲ့သို့ ဤအတူပင် ရဟန်းသည် ဈာန်လေးပါးတို့ကို ပွါးများသည်ရှိသော် ကြိမ်ဖန်များစွာ ပြုလုပ်သည်ရှိသော် နိဗ္ဗာန်သို့ ညွတ်ကိုင်း ရှိုင်း၏။ ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် ဈာန်လေးပါးတို့ကို ပွါးများသည်ရှိသော် ကြိမ်ဖန်များစွာ ပြုလုပ်သည်ရှိသော် နိဗ္ဗာန်သို့ ညွတ်ကိုင်း ရှိုင်းသနည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ကာမတို့မှ ကင်းဆိတ်၍သာလျှင် အကုသိုလ်တရားတို့မှ ကင်းဆိတ်၍သာလျှင် ကြံစည်မှု ‘ဝိတက်’ နှင့် တကွဖြစ်သော သုံးသပ်မှု ‘ဝိစာရ’နှင့် တကွဖြစ်သော နီဝရဏ ကင်းဆိတ်ခြင်းကြောင့် ဖြစ်သော နှစ်သိမ့်မှု ‘ပီတိ’ချမ်းသာမှု ‘သုခ’ရှိသော ပဌမဈာန်သို့ ရောက်၍ နေ၏။ ဝိတက်ဝိစာရတို့၏ ငြိမ်းခြင်းကြောင့်။ပ။ ဒုတိယ့ဈာန်သို့။ တတိယဈာန်သို့။ စတုတ္ထဈာန်သို့ ရောက်၍ နေ၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် ဈာန်လေးပါးတို့ကို ပွါးများသည်ရှိသော် ကြိမ်ဖန်များစွာ ပြုလုပ်သည်ရှိသော် နိဗ္ဗာန်သို့ ညွတ်ကိုင်း ရှိုင်း၏ဟု (မိန့်ဆို၏)။
ဒွါဒသမသုတ်။
ရှေးဦးစွာသော ဂင်္ဂါပေယျာလဝဂ် ပြီး၏။
[အပ္ပမာဒဝဂ် ဗလကရဏီယဝဂ် ဧသနာဝဂ်တို့ကို ချဲ့အပ်ကုန်၏]။