သံယုတ္တနိကာယ်—၅၃

၅ — သြဃဝဂ်

၁ — ၁ဝ — သြဃစသော ၁ဝ — သုတ်

၉၆၇—၉၇၆။ ရဟန်းတို့ အထက်ပိုင်းသံယောဇဉ်တို့ကား ဤငါးပါးတို့တည်း။ အဘယ်ငါးပါးတို့ နည်း၊ ရူပရာဂ၊ အရူပရာဂ၊ မာန၊ ဥဒ္ဓစ္စ၊ အဝိဇ္ဇာတို့တည်း။ ရဟန်းတို့ အထက်ပိုင်းသံယောဇဉ် တို့ကား ဤငါးပါးတို့ပင်တည်း။ ရဟန်းတို့ ဤအထက်ပိုင်းသံယောဇဉ်တို့ကို ထူးသောဉာဏ်ဖြင့် သိခြင်းငှါ ပိုင်းခြား၍ သိခြင်းငှါ ကုန်စေခြင်းငှါ ပယ်ခြင်းငှါ ဈာန်လေးပါးတို့ကို ပွါးများအပ်ကုန်၏။ အဘယ်လေးပါးတို့နည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ကာမတို့မှ ကင်းဆိတ်၍သာလျှင် အကုသိုလ်တရားတို့မှကင်းဆိတ်၍သာလျှင် ကြံစည်မှု ‘ဝိတက်’နှင့် တကွဖြစ်သော သုံးသပ်မှု ‘ဝိစာရ’နှင့် တကွဖြစ်သော နီဝရဏကင်းဆိတ်ခြင်းကြောင့် ဖြစ်သော နှစ်သိမ့်မှု ‘ပီတိ’ ချမ်းသာမှု ‘သုခ’ရှိသော ပဌမဈာန်သို့ ရောက်၍ နေ၏။ ဝိတက်ဝိစာရတို့ ငြိမ်းခြင်းကြောင့် မိမိသန္တာန်၌ စိတ်ကို ကြည်လင်စေတတ်သော စိတ်၏ တည်ကြည်မှု ‘သမာဓိ’ကို ဖြစ်စေတတ်သော ကြံစည်မှု ‘ဝိတက်’ သုံးသပ်မှု ‘ဝိစာရ’ မရှိသောတည်ကြည်မှု ‘သမာဓိ’ကြောင့် ဖြစ်သော နှစ်သိမ့် မှု ‘ပီတိ’ ချမ်းသာမှု ‘သုခ’ ရှိသော ဒုတိယဈာန်သို့ရောက်၍ နေ၏။ပ။ တတိယဈာန်သို့ ရောက်၍ နေ၏။ပ။ စတုတ္ထဈာန်သို့ ရောက်၍ နေ၏။ ရဟန်းတို့ဤအထက်ပိုင်းသံယောဇဉ်ငါးပါးတို့ကို ထူးသော ဉာဏ်ဖြင့် သိခြင်းငှါ ပိုင်းခြား၍ သိခြင်းငှါ ကုန်စေခြင်းငှါပယ်ခြင်းငှါ ဤဈာန်လေးပါးတို့ကို ပွါးများအပ်ကုန်၏ဟု (မိန့်တော်မူ၏)။

[မဂ္ဂသံယုတ်ကိုကဲ့သို့ ချဲ့အပ်ကုန်၏]။

ကိုးခုမြောက် ဈာနသံယုတ် ပြီး၏။