သံယုတ္တနိကာယ်—၅၄
၁—ဧကဓမ္မဝဂ်
၉—ဝေသာလီသုတ်
၉၈၅။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်— အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဝေသာလီ ပြည်မဟာဝုန်တော ပြာသာဒ်ဆောင်ပေါက်သော ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့အား များစွာသောအကြောင်းဖြင့် အသုဘတရားကို ဟောကြားတော်မူ၏၊ အသုဘ ကမ္မဋ္ဌာန်း၏ ဂုဏ်ကို ဟောကြားတော်မူ၏၊ အသုဘကမ္မဋ္ဌာန်းပွားများခြင်း၏ ဂုဏ်ကိုဟောကြားတော်မူ၏။
ထိုအခါ မြတ်စွာဘုရားသည် “ရဟန်းတို့ ငါဘုရားသည် လဝက်ပတ်လုံး (လထက်ဝက်ဆယ့်ငါးရက်တိုင်တိုင်) တစ်ပါးတည်း ကိန်းအောင်းနေလို၏၊ ဆွမ်းပို့မည့် ရဟန်းမှတစ်ပါး ငါ၏ထံသို့ မည်သူမျှ မချဉ်းကပ်ရ”ဟု ရဟန်းတို့အား မိန့်တော်မူ၏။ ထိုရဟန်းတို့သည် “ကောင်းပါပြီ အသျှင်ဘုရား”ဟု မြတ်စွာဘုရားအား ဝန်ခံ၍ မြတ်စွာဘုရားထံသို့ ဆွမ်းပို့သော ရဟန်းမှတစ်ပါး မည်သူမျှ မချဉ်းကပ်ကုန်။
ထိုအခါ မြတ်စွာဘုရားသည် “များစွာသောအကြောင်းဖြင့် အသုဘတရားကို ဟောကြားတော်မူ၏၊ အသုဘကမ္မဋ္ဌာန်း၏ ဂုဏ်ကို ဟောကြားတော်မူ၏၊ အသုဘကမ္မဋ္ဌာန်း ပွါးများခြင်း၏ ဂုဏ်ကို ဟောကြားတော်မူ၏”ဟု ထိုရဟန်းတို့သည် များစွာသောအခြင်းအရာတို့ဖြင့် ပြွမ်းသောအသုဘဘာဝနာ၌ အားထုတ်ခြင်းကို အစဉ်ကြိုးစား အားထုတ်လျက် နေကြကုန်၏၊ ထိုရဟန်းတို့သည် မိမိခန္ဓာကိုယ်၌ငြီးငွေ့ကုန် ရှက်နိုးကုန် စက်ဆုပ်ကုန်ရကား အသက်ကို ဆောင်တတ်သော ဓားလက်နက်ကိုရှာမှီးကြကုန်၏၊ ရဟန်း ဆယ်ပါးတို့သည်လည်း တစ်နေ့ချင်းဖြင့် ဓားကို ဆောင်ကြကုန်၏ (ဓားဖြင့်သတ်သေကြကုန်၏)၊ ရဟန်း နှစ်ဆယ်တို့သည်လည်း။ပ။ ရဟန်းသုံးဆယ်တို့သည်လည်း တစ်နေ့ချင်းဖြင့်ဓားကို ဆောင်ကြကုန်၏။
ထို့နောက် မြတ်စွာဘုရားသည် ထိုလဝက်ကုန်သဖြင့် (တစ်ပါးတည်း) ကိန်းအောင်းနေရာမှ ထတော်မူခဲ့၍ အသျှင်အာနန္ဒာကို “အာနန္ဒာ အဘယ့်ကြောင့် ရဟန်းအပေါင်းသည် နည်းပါးသကဲ့သို့ ဖြစ်သနည်း”ဟု မိန့်တော်မူ၏၊ အသျှင်ဘုရား မှန်ပါ၏၊ “မြတ်စွာဘုရားသည် ရဟန်းတို့အား များစွာသောအကြောင်းဖြင့် အသုဘတရားကို ဟောကြားတော်မူ၏၊ အသုဘကမ္မဋ္ဌာန်း၏ ဂုဏ်ကိုဟောကြားတော်မူ၏၊ အသုဘကမ္မဋ္ဌာန်း ပွားများခြင်း၏ ဂုဏ်ကို ဟောကြားတော်မူ၏”ဟု များစွာသောအခြင်းအရာတို့ဖြင့် ပြွမ်း သောအသုဘဘာဝနာ၌ အားထုတ်မှုကို အစဉ်ကြိုးစားအားထုတ်လျက်နေကြကုန်၏။ ထိုရဟန်းတို့သည် ဤခန္ဓာကိုယ်၌ ငြီးငွေ့ကုန် ရှက်နိုးကုန် စက်ဆုပ်ကုန်ရကား အသက်ကိုဆောင်တတ်သော ဓားလက်နက် ကို ရှာမှီးကုန်ပါ၏၊ ရဟန်းဆယ်ပါးတို့သည်လည်း တစ်နေ့ချင်းဖြင့်ဓားကို ဆောင်ကြကုန်၏ (ဓားဖြင့် သတ်သေကြကုန်၏)၊ ရဟန်းနှစ်ဆယ်တို့သည်လည်း။ပ။
ရဟန်းသုံးဆယ်တို့သည်လည်း တစ်နေ့ချင်းဖြင့် ဓားကို ဆောင်ကြကုန်၏။ အသျှင်ဘုရား တောင်းပန်ပါ၏၊ မြတ်စွာဘုရားသည် (အသုဘကမ္မဋ္ဌာန်းမှ) တစ်ပါးသော တရားဒေသနာတော်ကို ဟောကြားတော်မူပါ၊ (ယင်းတရားဒေသနာတော်ကြောင့်) ဤရဟန်းအ ပေါင်းသည် အရဟတ္တဖိုလ်၌ တည်ရာပါ၏ဟု (လျှောက်၏)။
အာနန္ဒာ သို့ဖြစ်လျှင် ဝေသာလီပြည်ကို အမှီပြု၍ နေကုန်သော ရဟန်းအားလုံးတို့ကို စည်းဝေးရာ့ဇရပ်၌ စုဝေးစေလော့ဟု မိန့်တော်မူ၏။ “အသျှင်ဘုရား ကောင်းပါပြီ”ဟု အသျှင်အာနန္ဒာသည် မြတ်စွာဘုရားအား ဝန်ခံလျှောက်ထား၍ ဝေသာလီပြည်ကို အမှီပြု၍ နေကုန်သော ရဟန်းအားလုံးတို့ကို စည်းဝေးရာဇရပ်၌ စုဝေးစေပြီးလျှင် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားအား “အသျှင်ဘုရားရဟန်းအပေါင်းသည် စုဝေးနေကြပါပြီ၊ ယခုအခါ၌ ကြွရန် အချိန်ကို အသျှင်ဘုရား သိပါ၏၊ (ကြွရန်မှာအသျှင်ဘုရား၏ အလိုအတိုင်း ဖြစ်ပါ၏”)ဟု လျှောက်၏။
ထိုအခါ မြတ်စွာဘုရားသည် စည်းဝေးရာဇရပ်သို့ ချဉ်းကပ်၍ ခင်းထားသော နေရာ၌ ထိုင်နေတော်မူပြီးသော် ရဟန်းတို့ကို ရဟန်းတို့ ဤအာနာပါနဿတိသမာဓိသည် ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်သည်ရှိသော် ငြိမ်လည်း ငြိမ်သက်၏၊ မွန်လည်း မွန်မြတ်၏၊ ထပ်လောင်း (ဖြည့်စွက်) စရာလည်း မလို၊ ချမ်းသာသော နေရာလည်း ဖြစ်၏၊ ဖြစ်တိုင်းဖြစ်တိုင်းသောအကုသိုလ်အယုတ်တရားတို့ကိုလည်း တစ်ခဏချင်း ကွယ်ပျောက်ငြိမ်းအေးစေနိုင်၏။
ရဟန်းတို့ နွေလတို့၏ နောက်ဆုံးလ၌ အထက်သို့ လွင့်တက်သော မြူမှုန်ကို အခါမဲ့ သည်းထန်စွာ (ရွာသွန်းသော) မိုးကြီးသည် တစ်ခဏချင်း ကွယ်ပျောက်ငြိမ်းအေးစေနိုင်သကဲ့သို့ ဤအတူပင် ရဟန်းတို့အာနာပါနဿတိသမာဓိသည် ပွားများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်သည်ရှိသော် ငြိမ်လည်း ငြိမ်သက်၏၊ မွန်လည်း မွန်မြတ်၏၊ ထပ်လောင်း (ဖြည့်စွက်) စရာလည်း မလို၊ ချမ်းသာသော နေရာလည်း ဖြစ်၏၊ ဖြစ်တိုင်းဖြစ်တိုင်းသောအကုသိုလ်အယုတ်တရားတို့ကိုလည်း တစ်ခဏချင်း ကွယ်ပျောက်ငြိမ်းအေးစေနိုင်၏။ ရဟန်းတို့ အာနာပါနဿတိသမာဓိသည် အဘယ်သို့ ပွားများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်သည်ရှိသော် ငြိမ်လည်း ငြိမ်သက် မွန်လည်း မွန်မြတ်သနည်း၊ ထပ်လောင်း (ဖြည့်စွက်) စရာလည်း မလို၊ ချမ်းသာသော နေရာလည်း ဖြစ်၍ ဖြစ်တိုင်းဖြစ်တိုင်းသောအကုသိုလ်အယုတ်တရားတို့ကို တစ်ခဏချင်းကွယ်ပျောက်ငြိမ်းအေးစေနိုင်သနည်း။
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် တောသို့ သွားရောက်၍ဖြစ်စေ၊ သစ်ပင်ရင်းသို့ သွားရောက်၍ဖြစ်စေ၊ ဆိတ်ငြိမ်ရာသို့ သွားရောက်၍ဖြစ်စေ တင်ပလ္လင်ခွေပြီးလျှင် ကိုယ်ကိုဖြောင့်မတ်စွာ ထား၍ သတိကို (ကမ္မဋ္ဌာန်းသို့) ရှေးရှုဖြစ်စေလျက် ထိုင်နေ၏။ ထိုရဟန်းသည်သတိရှိလျက်သာလျှင် ထွက်သက် လေကို ထုတ်၏၊ သတိရှိလျက်သာလျှင် ဝင်သက်လေကို ရှူ။ပ။
တစ်ဖန်စွန့်လွှတ်မှုကို အဖန်ဖန်ရှုလျက် “ထွက်သက်လေကို ထုတ်အံ့”ဟု အားထုတ်၍ ကျင့်၏၊ တစ်ဖန်စွန့်လွှတ်မှုကို အဖန်ဖန်ရှုလျက် “ဝင်သက် လေကို ရှူအံ့”ဟု အားထုတ်၍ ကျင့်၏။ ရဟန်းတို့ဤသို့ ပွားများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်သော ဤအာနာပါနဿတိသမာဓိသည် ငြိမ်လည်းငြိမ်သက်၏၊ မွန်လည်း မွန်မြတ်၏၊ ထပ်လောင်း (ဖြည့်စွက်) စရာလည်း မလို၊ ချမ်းသာသောနေရာလည်း ဖြစ်၏၊ ဖြစ်တိုင်းဖြစ်တိုင်းသောအကုသိုလ်အယုတ်တရား တို့ကို တစ်ခဏချင်းကွယ်ပျောက်ငြိမ်းအေးစေနိုင်၏ဟု (မိန့်တော်မူ၏)။
နဝမသုတ်။