သံယုတ္တနိကာယ်—၅၆

၆—အဘိသမယဝဂ်

၄—ဒုတိယ သံဘေဇ္ဇသုတ်

၁၁၂၄။ ရဟန်းတို့ ဥပမာသော်ကား ဂင်္ဂါ ယမုနာ အစိရဝတီ သရဘူ မဟီဟူသော ဤမြစ်ကြီးတို့စီးဆင်းပေါင်းဆုံရာရှိ ရေသည် နှစ်စက်သုံးစက်သာ ကြွင်းကျန်၍ ကုန်ခန်းခြင်းသို့ ရောက်ရာ၏။ ရဟန်းတို့ထိုအရာကို အဘယ်သို့ မှတ်ထင်ကုန်သနည်း၊ ကုန်ခန်းပြီးသော မြစ်ကြီးငါးသွယ် ပေါင်းဆုံရာရှိ ရေနှင့်ကြွင်းကျန်သော ရေနှစ်စက်သုံးစက်တို့သည် အဘယ်အရာက ပို၍ များသနည်းဟု မိန့်တော်မူ၏။

အသျှင်ဘုရား ကုန်ခန်းပြီးသော မြစ်ကြီးငါးသွယ် ပေါင်းဆုံရာရှိ ရေကသာ ပို၍ များပါ၏၊ ကြွင်းကျန်သော ရေနှစ်စက်သုံးစက်တို့ကား အနည်းငယ်မျှသာတည်း၊ ကုန်ခန်းပြီးသော မြစ်ကြီးငါးသွယ် ပေါင်းဆုံရာရှိ ရေကို ထောက်ဆ၍ ကြွင်းကျန်သော ရေနှစ်စက်သုံးစက်တို့သည် မရေတွက်လောက်ကုန်၊ မနှိုင်းယှဉ်လောက်ကုန်၊ အစိတ်အပိုင်းသို့လည်း မရောက်နိုင်ပါကုန်ဟု (လျှောက်ကုန်၏)။ ရဟန်းတို့ ဤအတူပင်အရိယာတပည့်ဖြစ်သော ပုဂ္ဂိုလ်၏။ပ။ အားထုတ်ရမည်ဟု (မိန့်တော်မူ၏)။

စတုတ္ထသုတ်။