သံယုတ္တနိကာယ်—၉
၂—ဥပဋ္ဌာနသုတ်
၂၂၂။ အခါတစ်ပါး၌ ရဟန်းတစ်ပါးသည် ကောသလတိုင်း တောအုပ်တစ်ခု၌ နေ၏၊ ထိုအခါ ထို ရဟန်းသည် နေ့သန့်စင်ရာသို့ ကပ်လျက် အိပ်၏၊ ထိုအခါ ထိုတောအုပ်၌ စိုးအုပ်၍ နေသော နတ်သည် ထိုရဟန်းအား အစဉ်သနားသည် ဖြစ်၍ အကျိုးစီးပွားကို လိုသောကြောင့် ထိုရဟန်းကို ထိတ်လန့်စေလို ရကား ထိုရဟန်းထံသို့ ချဉ်းကပ်ပြီးလျှင် ဂါထာတို့ဖြင့် ရွတ်ဆို လျှောက်ထား၏—
“ရဟန်း ထလော့၊ အဘယ်ကြောင့် အိပ်ဘိသနည်း၊ သင့်အား အိပ်ခြင်းဖြင့် အဘယ်အကျိုးရှိအံ့နည်း။ ထိုစကား မှန်၏၊ ကိလေသာဟူသော နာကျင်ခြင်းရှိသော တဏှာမြား စူးဝင်အပ်သည် ဖြစ်၍ ထိခိုက်သော သင့်အား အိပ်ခြင်းသည် အဘယ် အကျိုးရှိအံ့နည်း။
အကြင်ယုံကြည်မှု ‘သဒ္ဓါတရား’ဖြင့် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ခဲ့၏၊ ထိုယုံကြည်မှု ‘သဒ္ဓါတရား’ကိုသာလျှင် ပွားစေလော့၊ အိပ်ခြင်း၏ အလိုနိုင်ငံသို့ မလိုက် ပါလင့်”ဟု ရွတ်ဆို လျှောက်ထား၏။
“(နတ်သား) ကာမဂုဏ်တို့သည် အမြဲ မရှိကုန်၊ မတည်တံ့ကုန်၊ ယင်းကာမဂုဏ်တို့၌ ပညာနည်းသော သူသည်သာ ပြင်းစွာ တွေဝေ၏၊ အနှောင်အဖွဲ့တို့မှ လွတ် ပြီးသော (တဏှာဒိဋ္ဌိအမှီဖြင့်) မမှီသော ရဟန်းကို (နေ့၌ အိပ်ခြင်းသည်) အဘယ် ကြောင့် ပူပန်စေနိုင်အံ့နည်း။
(နတ်သား) ပြင်းစွာ တပ်မက်မှု ‘ဆန္ဒရာဂ’ကို ပယ်ခြင်းကြောင့် မသိမှု ‘အဝိဇ္ဇာ’ကို လွန်မြောက်ခြင်းကြောင့် လွန်စွာ စင်ကြယ်ခြင်းရှိသော စတုသစ္စာဉာဏ်နှင့် ပြည့်စုံ သော ထိုရဟန်းကို (နေ့၌ အိပ်ခြင်းသည်) အဘယ်ကြောင့် ပူပန်စေနိုင်အံ့နည်း။
(နတ်သား) မသိမှု ‘အဝိဇ္ဇာ’ကို အသိဉာဏ် ‘ဝိဇ္ဇာ’ဖြင့် ဖြတ်တောက်၍ အာသဝ တရားတို့၏ ကုန်ခြင်းကြောင့် ပူဆွေးမှု မရှိသော ပြင်းစွာ ပင်ပန်းမှု မရှိသော ရဟန်းကို (နေ့၌ အိပ်ခြင်းသည်) အဘယ်ကြောင့် ပူပန်စေနိုင်အံ့နည်း။
(နတ်သား) ထက်သန်သော လုံ့လရှိသော၊ နိဗ္ဗာန်သို့ စေလွှတ်အပ်သော စိတ်ရှိ သော၊ မြဲမြံကြံ့ခိုင်သော လုံ့လရှိသော၊ နိဗ္ဗာန်ကို တောင့်တသော ရဟန်းကို (နေ့၌ အိပ်ခြင်းသည်) အဘယ်ကြောင့် ပူပန်စေနိုင်အံ့နည်း”ဟု (မိန့်ဆို၏)။