သံယုတ္တနိကာယ်—၉
၃—ကဿပဂေါတ္တသုတ်
၂၂၃။ အခါတစ်ပါး၌ အသျှင်ကဿပဂေါတ္တသည် ကောသလတိုင်း တောအုပ်တစ်ခု၌ နေ၏၊ ထိုအခါ အသျှင်ကဿပဂေါတ္တသည် နေ့သန့်စင်ရာသို့ ကပ်၍ သားမုဆိုးတစ်ယောက်ကို ဆုံးမ၏၊ ထိုအခါ ထို တောအုပ်၌ စိုးအုပ်၍ နေသော နတ်သည် အသျှင်ကဿပဂေါတ္တအား ထိတ်လန့်စေလိုသည် ဖြစ်၍ ထို အသျှင်ကဿပဂေါတ္တထံသို့ ချဉ်းကပ်ပြီးလျှင် ဂါထာတို့ဖြင့် ရွတ်ဆို၏—
“ရဟန်း တောင်ချောက်ကြား၌ သွားလာနေသော ပညာမဲ့၍ အကြောင်းအကျိုး သိနိုင်သည့် စိတ်မရှိသော မုဆိုးကို အခါ မဟုတ်သည်၌ ဆုံးမသော ရဟန်းသည် နှုံ့နှေးမိုက်မဲသူကဲ့သို့ အကျွန်ုပ် (ဉာဏ်၌) ထင်ပါ၏။
မုဆိုးမိုက်သည် နားထောင်၏၊ သိကား မသိ။ ကြည့်၏၊ မြင်ကား မမြင်။ တရားဟောသော်လည်း အနက်အဓိပ္ပာယ်ကို မသိနိုင်။
ကဿပ သင်သည် ဆယ်တိုင်သော မီးတို့ကို ညှိထွန်းစေကာမူ (ထိုသားမုဆိုး သည်) အဆင်းတို့ကို မမြင်ရလတံ္တ့၊ ထိုတောမုဆိုးအား (ပညာ) မျက်စိ မရှိသည် သာတည်း”ဟု ရွတ်ဆို၏။
ထိုအခါ၌ အသျှင်ကဿပဂေါတ္တသည် ထိုနတ် ထိတ်လန့်စေအပ်သည် ဖြစ်၍ ထိတ်လန့်ခြင်းသို့ ရောက်၏။