သုတ္တနိပါတ်ပါဠိတော်

၁ဝ-အာဠဝကသုတ်

အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် အာဠဝီပြည် အာဠဝကဘီလူး၏ ဗိမာန်၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ အာဠဝကဘီလူးသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ''ရဟန်း ထွက်သွားလိုက်ပါလော့''ဟု ဆို၏။ ''ဒကာဘီလူး ကောင်းပြီ''ဟု ဆိုကာ မြတ်စွာဘုရားသည် ထွက်တော်မူ၏။ ''ရဟန်း ဝင်ပါဦးလော့''ဟု ဆို၏။ ''ဒကာဘီလူး ကောင်းပြီ''ဟု ဆိုကာ မြတ်စွာဘုရားသည် ဝင်တော်မူ၏။

နှစ်ကြိမ်မြောက်လည်း။ပ။ သုံးကြိမ်မြောက်လည်း အာဠဝကဘီလူးသည် မြတ်စွာဘုရားကို ''ရဟန်းထွက်သွားလိုက်ပါလော့''ဟု ဆို၏။ ''ဒကာဘီလူး ကောင်းပြီ''ဟု ဆိုကာ မြတ်စွာဘုရားသည် ထွက်တော်မူ၏။ ''ရဟန်း ဝင်ပါဦးလော့''ဟု ဆို၏။ ''ဒကာဘီလူး ကောင်းပြီ''ဟု ဆိုကာမြတ်စွာဘုရားသည် ဝင် တော်မူ၏။

လေးကြိမ်မြောက် အာဠဝကဘီလူးသည် မြတ်စွာဘုရားကို ''ရဟန်း ထွက်သွားလိုက်ပါလော့''ဟု ဆို၏။ ဒကာဘီလူး ပြုဖွယ်ကိစ္စရှိသမျှကို ပြုလော့၊ ငါ မထွက်တော့အံ့ဟု (မိန့်တော်မူ၏)။

ရဟန်း သင့်ကို ပြဿနာမေးအံ့၊ အကယ်၍ မဖြေနိုင်မူ သင်၏ စိတ်ကိုသော်လည်း ပျံ့လွင့်စေအံ့၊ သင်၏ နှလုံးသားကို မူလည်း ခွဲလိုက်အံ့၊ ခြေတို့ကို မူလည်းကိုင်၍ ဂင်္ဂါမြစ် တစ်ဖက်ကမ်းသို့ ပစ်ချလိုက်အံ့ဟု (ဆို၏)။

ဒကာအာဠဝက နတ် မာရ်နတ် ဗြဟ္မာနှင့် တကွသော နတ်လောကနှင့် သမဏဗြာဟ္မဏ မင်းများလူများနှင့် တကွသော လူ့လောက၌ ငါ၏စိတ်ကိုသော်လည်း ပျံ့လွင့်စေနိုင်သူ နှလုံးသားကို မူလည်းခွဲနိုင်သူ ခြေတို့ကို မူလည်းကိုင်၍ ဂင်္ဂါမြစ် တစ်ဖက်ကမ်းသို့ ပစ်ချနိုင်သူကို ငါဘုရား မြင်တော်မမူ၊သို့ ပင်ဖြစ်စေကာမူ ဒကာအာဠဝက အလိုရှိသော ပြဿနာကို မေးလော့ဟု (မိန့်တော်မူ၏)။

ထို့နောက် အာဠဝကဘီလူးသည် မြတ်စွာဘုရားကို ဂါထာဖြင့် ရွတ်ဆို (လျှောက်ထား) ၏-

၁၈၃။ ''ဤလောက၌ ယောကျာ်း၏ မြတ်သော ဥစ္စာဟူသည် အဘယ်နည်း၊ ကောင်းသော အလေ့အကျင့်တို့တွင် အဘယ်ကောင်းသော အလေ့အကျင့်သည် ချမ်းသာကို ဆောင်နိုင်သနည်း၊ အရသာတို့တွင် အဘယ်အရသာသည် အလွန့်အလွန် ချိုမြိန်သော အရသာဖြစ်သနည်း၊ အဘယ်သို့ အသက်ရှင်ခြင်းကို မြတ်သော အသက်ရှင်ခြင်းဟူ၍ ဆိုကုန်သနည်း။ (၁)

၁၈၄။ (အာဠဝက) ဤလောက၌ ယောကျာ်း၏ မြတ်သော ဥစ္စာဟူသည် ယုံကြည်မှု 'သဒ္ဓါ'တရားပင်တည်း၊ ကောင်းသော အလေ့အကျင့်ဖြစ်သော ကုသိုလ်ကမ္မပထ တရား ဆယ်ပါးသည်ချမ်းသာကို ဆောင်နိုင်၏။ အရသာတို့တွင်မှန်ကန်သော ဝစီသစ္စာသည် အလွန့်အလွန် ချိုမြိန်သော အရသာဖြစ်၏။ ပညာဖြင့် အသက် ရှင်ခြင်းကို မြတ်သော အသက်ရှင်ခြင်းဟူ၍ ဆိုကုန်၏။ (၂)

၁၈၅။ အဘယ်ဖြင့် သြဃ (လေးဖြာသံသရာ) ကို ကူးမြောက်နိုင်သနည်း၊ အဘယ်ဖြင့် (သံသရာဟူသော) သမုဒ္ဒရာကို ကူးမြောက်နိုင်သနည်း၊ အဘယ်ဖြင့် ဆင်းရဲခြင်းကို လွန်မြောက်နိုင်သနည်း၊ အဘယ်ဖြင့် ထက်ဝန်းကျင် စင်ကြယ်နိုင် သနည်း။ (၃)

၁၈၆။ (အာဠဝက) ယုံကြည်မှု 'သဒ္ဓါ' တရားဖြင့် သြဃ (လေးဖြာ သံသရာ) ကို ကူးမြောက်နိုင်၏။ မမေ့လျော့မှု 'အပ္ပမာဒ' တရားဖြင့် (သံသရာဟူသော) သမုဒ္ဒရာကို ကူးမြောက်နိုင်၏။ ထကြွလုံ့လ 'ဝီရိယ'ဖြင့် ဆင်းရဲခြင်းကို လွန်မြောက်နိုင်၏။ ပညာဖြင့် ထက်ဝန်းကျင် စင်ကြယ်နိုင်၏။ (၄)

၁၈၇။ အဘယ်အကြောင်းကြောင့် ပညာကို ရသနည်း၊ အဘယ်အကြောင်းကြောင့် ဥစ္စာကို ရသနည်း၊ အဘယ်အကြောင်းကြောင့် ကျော်စောခြင်းသို့ ရောက်ရ သနည်း၊ အဘယ်ဖြင့် အဆွေခင်ပွန်းတို့ကို ဖွဲ့နိုင်သနည်း၊ အဘယ်ဖြင့် ဤလောကမှ တမလွန် လောကသို့ ရောက်သော် မစိုးရိမ်ရသနည်း။ (၅)

၁၈၈။ ရဟန္တာပုဂ္ဂိုလ်တို့၏ နိဗ္ဗာန်ရောက်ခြင်း၏ (အကြောင်း) တရားကို ယုံကြည်သော မမေ့မလျော့သော ဆင်ခြင်တတ်သော ပညာရှိသူသည် ကောင်းစွာ နာကြားရသောကြောင့် ပညာကို ရနိုင်၏။ (၆)

၁၈၉။ လျောက်ပတ်သော အကြောင်းကို ပြုလုပ်သည်ဖြစ်၍ တာဝန်ကို ပစ်ချ မထားသော ယောကျာ်းသည် ထကြွလုံ့လ ဝီရိယကြောင့် ဥစ္စာကို ရနိုင်၏။မှန်သော (ဝစီသစ္စာ) စကားကြောင့် ကျော်စောခြင်းသို့ ရောက်နိုင်၏။ ပေးကမ်းတတ်သောသူသည် အဆွေခင်ပွန်းတို့ကို ဖွဲ့နိုင်၏။ (၇)

၁၉ဝ။ ယုံကြည်မှုရှိသော အိမ်၏ အစီးအပွါးကို ရှာတတ်သော အကြင်သူအားမှန်ကန်စွာပြောဆိုမှု 'သစ္စာ' ပညာဟူသော 'ဒမ' ဝီရိယဟူသော 'ဓိတိ' စွန့်လွှတ်မှုဟူသော 'စာဂ'ဤတရားလေးပါးတို့ ရှိကုန်၏။ ထိုသူသည် တမလွန်ဘဝသို့ ရောက်သော် ဧကန် မစိုးရိမ်ရတော့ပြီ။ (၈)

၁၉၁။ အာဠဝက ငါတိုက်တွန်း၏။ သစ္စာထက်လွန်သော အကြောင်းသည်လည်းကောင်း၊ ပညာထက်လွန်သော အကြောင်းသည်လည်းကောင်း၊ စွန့်ကြဲခြင်းထက် လွန်သော အကြောင်းသည်လည်းကောင်း၊သည်းခံခြင်းထက် လွန်သော အကြောင်းသည်လည်းကောင်း ဤလောက၌ ရှိမူ တစ်ပါးသော များစွာသော သမဏဗြာဟ္မဏတို့ကို မေးချေဦးလော့။

၁၉၂။ အကျွန်ုပ်သည် ယနေ့ တမလွန် ဘဝ၌ ဖြစ်သော အကျိုးစီးပွါးကို သိပြီး သူ ဖြစ်ရကား ယခုအခါ အဘယ်မှာလျှင် များစွာသော သမဏဗြာဟ္မဏတို့ကို မေးမြန်းပါတော့အံ့နည်း။ (၁ဝ)

၁၉၃။ မြတ်စွာဘုရားသည် အကျွန်ုပ်၏ အကျိုးငှါ အာဠဝီပြည်သို့ နေရန် ကြွလာ တော်မူပေစွတကား၊ အကြင်ဘုရား၌ လှူခြင်းသည် အကျိုးကြီး၏။ ထိုဘုရားကို ယခု ငါ သိရပေပြီ။ (၁၁)

၁၉၄။ ထိုငါသည် မြတ်စွာဘုရားကိုလည်းကောင်း၊ တရားတော်၏ ကောင်းသောတရား၏အဖြစ်ကိုလည်းကောင်း ရှိခိုးလျက် တစ်ရွာမှ တစ်ရွာ တစ်မြို့မှတစ်မြို့သို့ လှည့်လည်ပါတော့အံ့။ (၁၂)

ဆယ်ခုမြောက် အာဠဝကသုတ် ပြီး၏။