အင်္ဂုတ္တရနိကာယ်
၁၄-ဧတဒဂ္ဂဝဂ် ၁-ပဌမဝဂ်
၁၈၈။ ရဟန်းတို့ ညဉ့်တို့ကို သိကုန်၁ ‘ရဟန်းဝါရင့်ကုန်’သော ငါ၏တပည့် ရဟန်းတို့တွင် အကြင် အညာသိကောဏ္ဍညသည် ရှိ၏၊ ထို အညာသိကောဏ္ဍညသည် အမြတ်ဆုံးပေတည်း။ (၁)
၁၈၉။ ကြီးမြတ်သော ပညာနှင့်ပြည့်စုံကုန်သော ငါ၏တပည့် ရဟန်းတို့တွင် အကြင် သာရိပုတြာသည် ရှိ၏၊ ထို သာရိပုတြာသည် အမြတ်ဆုံးပေတည်း။ (၂)
၁၉ဝ။ တန်ခိုးနှင့် ပြည့်စုံကုန်သော ငါ၏တပည့် ရဟန်းတို့တွင် အကြင် မဟာမောဂ္ဂလာန်သည် ရှိ၏၊ ထို မဟာမောဂ္ဂလာန်သည် အမြတ်ဆုံးပေတည်း။ (၃)
၁၉၁။ ဓုတ၂ဂုဏ် ဓုတဝါဒ၃ဂုဏ်နှင့်ပြည့်စုံသော ငါ၏တပည့် ရဟန်းတို့တွင် အကြင် မဟာကဿပသည် ရှိ၏၊ ထို မဟာကဿပသည် အမြတ်ဆုံးပေတည်း။ (၄)
၁၉၂။ ဒိဗ္ဗစက္ခုအဘိညာဉ်ရှိကုန်သော ငါ၏တပည့် ရဟန်းတို့တွင် အကြင် အနုရုဒ္ဓါသည် ရှိ၏၊ ထို အနုရုဒ္ဓါသည် အမြတ်ဆုံးပေတည်း။ (၅)
၁၉၃။ မြတ်သော အမျိုး၌ ဖြစ်ကုန်သော ငါ၏တပည့် ရဟန်းတို့တွင် ကာဠိဂေါဓာအမည်ရှိသော သာကီဝင်မင်းသမီး၏သား အကြင် ဘဒ္ဒိယသည် ရှိ၏၊ ထို ဘဒ္ဒိယသည် အမြတ်ဆုံးပေတည်း။ (၆)
၁၉၄။ သာယာသော အသံရှိကုန်သော ငါ၏တပည့် ရဟန်းတို့တွင် အကြင် လကုဏ္ဍကဘဒ္ဒိယသည် ရှိ၏၊ ထို လကုဏ္ဍကဘဒ္ဒိယသည် အမြတ်ဆုံးပေတည်း။ (၇)
၁၉၅။ ခြင်္သေ့ကဲ့သို့ ရဲရင့်စွာ ကျုံးဝါး မြွက်ဆိုနိုင်ကုန်သော ငါ၏တပည့် ရဟန်းတို့တွင် အကြင် ပိဏ္ဍောလဘာရဒွါဇသည် ရှိ၏၊ ထို ပိဏ္ဍောလဘာရဒွါဇသည် အမြတ်ဆုံးပေတည်း။ (၈)
၁၉၆။ တရားဟောတတ်ကုန်သော ငါ၏တပည့် ရဟန်းတို့တွင် မန္တာဏီပုဏ္ဏေးမ၏သား အကြင် ပုဏ္ဏသည် ရှိ၏၊ ထို ပုဏ္ဏသည် အမြတ်ဆုံးပေတည်း။ (၉)
၁၉၇။ အကျဉ်းအားဖြင့် ဟောအပ်သော တရားတော်၏ အနက်ကို အကျယ်အားဖြင့် ဝေဖန်တတ် သော ငါ၏တပည့် ရဟန်းတို့တွင် အကြင် မဟာကစ္စာနသည် ရှိ၏၊ ထို မဟာကစ္စာနသည် အမြတ်ဆုံးပေတည်းဟု (မိန့်တော်မူ၏)။ (၁ဝ)
ပဌမဝဂ် ပြီး၏။
၁။ ရဟန်းဘဝဖြင့် နေခဲ့သောညဉ့်တရားရပြီး သေက္ခဘဝ ရဟန္တာဘဝနေခဲ့သော ညဉ့်တို့ကို သိကုန် ရေတွက်မှတ်သားမိကုန်သောဟု ဆိုလိုသည်။
၂။ ဓူတင်အကျင့်ဖြင့် ကိလေသာကို ခါထုတ်ခြင်းသည် ဓုတဂုဏ်။
၃။ ဓူတင်အကျင့်ဖြင့် ကိလေသာကို ခါထုတ်ဖျက်ဆီးရန် ဟောပြောခြင်းသည် ဓုတဝါဒမည်၏။