အင်္ဂုတ္တရနိကာယ်
၁၃-ဧကပုဂ္ဂလဝဂ်
၁၇ဝ။ ရဟန်းတို့ တစ်ဦးတည်းသော ပုဂ္ဂိုလ်၁သည် လောက၌ ဖြစ်ပေါ်သည်ရှိသော် လူအများ၏ အစီးအပွါးဖြစ်ခြင်းငှါ လူအများ၏ ချမ်းသာခြင်းငှါ သတ္တလောကကို အစဉ်သနားခြင်းငှါ နတ်လူတို့၏ အကျိုးဖြစ်ခြင်းငှါ အစီးအပွါးဖြစ်ခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်၏။ တစ်ဦးတည်းသော ပုဂ္ဂိုလ်သည် အဘယ်နည်းဟူမူ— ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော မြတ်စွာဘုရားတည်း။ ရဟန်းတို့ ဤတစ်ဦးတည်းသော ပုဂ္ဂိုလ်သည် လောက၌ ဖြစ်ပေါ်သည်ရှိသော် လူအများ၏ အစီးအပွါး ဖြစ်ခြင်းငှါ လူအများ၏ ချမ်းသာခြင်းငှါ သတ္တလောကကို အစဉ်သနားခြင်းငှါ နတ်လူတို့၏ အကျိုးဖြစ်ခြင်းငှါ အစီးအပွါးဖြစ်ခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။ (၁)
၁၇၁။ ရဟန်းတို့ တစ်ဦးတည်းသော ပုဂ္ဂိုလ်၏ ထင်ရှားဖြစ်ပေါ်ခြင်းကို လောက၌ ရခဲ၏။ အဘယ် တစ်ဦးတည်းသော ပုဂ္ဂိုလ်၏ ထင်ရှားဖြစ်ပေါ်ခြင်းနည်းဟူမူ— ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရား၏ ထင်ရှားဖြစ်ပေါ်ခြင်းတည်း။ ရဟန်းတို့ ဤတစ်ဦးတည်းသော ပုဂ္ဂိုလ်၏ ထင်ရှားဖြစ်ပေါ်ခြင်းကို လောက၌ ရခဲ၏ဟု (မိန့်တော်မူ၏)။ (၂)
၁၇၂။ ရဟန်းတို့ တစ်ဦးတည်းသော ပုဂ္ဂိုလ်သည် လောက၌ ဖြစ်ပေါ်သည်ရှိသော် လက်ဖျစ်တီး၍ အံ့ချီးလောက်သောသူ ဖြစ်၏။ တစ်ဦးတည်းသော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်းဟူမူ— ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရားတည်း။ ရဟန်းတို့ ဤတစ်ဦးတည်းသော ပုဂ္ဂိုလ်သည် လောက၌ ဖြစ်ပေါ်သည်ရှိသော် လက်ဖျစ်တီး၍ အံ့ချီး လောက်သူ ဖြစ်၏ဟု (မိန့်တော်မူ၏)။ (၃)
၁၇၃။ ရဟန်းတို့ တစ်ဦးတည်းသော ပုဂ္ဂိုလ်၏ ကွယ်လွန်ခြင်းသည် လူအများအား ပူပန်ခြင်းကို ဖြစ်စေ၏။ အဘယ်တစ်ဦးတည်းသော ပုဂ္ဂိုလ်၏ ကွယ်လွန်ခြင်းနည်းဟူမူ— ပူဇော်အထူးကို ခံတော်မူထိုက့်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော မြတ်စွာဘုရား၏ ကွယ်လွန်ခြင်းတည်း။ ရဟန်းတို့ ဤတစ်ဦးတည်းသော ပုဂ္ဂိုလ်၏ ကွယ်လွန်ခြင်းသည် လူအများအား ပူပန်ခြင်းကို ဖြစ်စေ၏ဟု (မိန့်တော်မူ၏)။ (၄)
၁၇၄။ ရဟန်းတို့ တစ်ဦးတည်းသော ပုဂ္ဂိုလ်သည် ဖြစ်ပေါ်သည်ရှိသော် လောက၌ နှစ်ဦးမြောက် ‘ဒုတိယ’ ပုဂ္ဂိုလ်မရှိသူ ဂုဏ်ရည်တူမရှိသူ ပုံတူရုပ်ပွါးမရှိသူ ပုံတူပုဂ္ဂိုလ်မရှိသူ ပြိုင်နိုင်သည့် ပုဂ္ဂိုလ်မရှိသူ တုနိုင်သည့် ပုဂ္ဂိုလ်မရှိသူ ခပ်သိမ်းသော သတ္တဝါတို့နှင့် မတူသူ ခပ်သိမ်းသော သတ္တဝါတို့နှင့် မတူသည့် ရှေးဘုရားတို့နှင့်သာ တူသူ အခြေနှစ်ချောင်းရှိသော သတ္တဝါတို့တွင် အမြတ်ဆုံးသောသူ ဖြစ်၏။ တစ်ဦးတည်းသော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်းဟူမူ— ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရားတည်း။ ရဟန်းတို့ ဤတစ်ဦးတည်းသော ပုဂ္ဂိုလ်သည် ဖြစ်ပေါ်သည်ရှိသော် လောက၌ နှစ်ဦးမြောက် ‘ဒုတိယ’ ပုဂ္ဂိုလ်မရှိသူ ဂုဏ်ရည်တူမရှိသူ ပုံတူ ရုပ်ပွါးမရှိသူ ပုံတူပုဂ္ဂိုလ်မရှိသူ ပြိုင်နိုင်သည့်ပုဂ္ဂိုလ်မရှိသူ တုနိုင်သည့်ပုဂ္ဂိုလ်မရှိသူ ခပ်သိမ်းသော သတ္တဝါတို့နှင့်မတူသူ ခပ်သိမ်းသောသတ္တဝါတို့နှင့် မတူသည့် ရှေးဘုရားတို့နှင့်သာတူသူ အခြေနှစ်ချောင်းရှိသော သတ္တဝါတို့တွင် အမြတ်ဆုံးသောသူ ဖြစ်၏ဟု (မိန့်တော်မူ၏)။ (၅)
၁၇၅—၁၈၆။ ရဟန်းတို့ တစ်ဦးတည်းသော ပုဂ္ဂိုလ်၏ ထင်ရှားဖြစ်ပေါ်ခြင်းကြောင့် မြတ်သော (ပညာ) မျက်စိ၏ ထင်ရှားဖြစ်ပေါ်ခြင်းသည် ဖြစ်၏၊ မြတ်သော (ပညာ) အလင်း၏ ထင်ရှားဖြစ်ပေါ်ခြင်းသည် ဖြစ်၏၊ မြတ်သော (ပညာ) အရောင်၏ ထင်ရှားဖြစ်ပေါ်ခြင်းသည် ဖြစ်၏၊ ခြောက်ပါးသော (ဒဿနာနုတ္တရိယ စသည့်) အတူမရှိ မြတ်သော တရားတို့၏ ထင်ရှားဖြစ်ပေါ်ခြင်းသည် ဖြစ်၏၊ လေးပါးသော ပဋိသမ္ဘိဒါဉာဏ်တို့ကို မျက်မှောက်ပြုရခြင်းသည် ဖြစ်၏၊ များစွာသော ဓာတ်တို့ကို ထိုးထွင်း၍ သိရခြင်းသည် ဖြစ်၏၊ အမျိုးမျိုးသော ဓာတ်တို့ကို ထိုးထွင်း၍ သိရခြင်းသည် ဖြစ်၏၊ ဝိဇ္ဇာ၂ ဝိမုတ္တိဖိုလ်၃ ကို မျက်မှောက်ပြုရခြင်းသည် ဖြစ်၏၊ သောတာပတ္တ္တိဖိုလ်ကို မျက်မှောက်ပြုရခြင်းသည် ဖြစ်၏၊ သကဒါဂါမိဖိုလ်ကို မျက်မှောက်ပြုရခြင်းသည် ဖြစ်၏၊ အနာဂါမိဖိုလ်ကို မျက်မှောက်ပြုရခြင်းသည် ဖြစ်၏၊ အရဟတ္တဖိုလ်ကို မျက်မှောက်ပြုရခြင်းသည် ဖြစ်၏၊ အဘယ်တစ်ဦးတည်းသော ပုဂ္ဂိုလ်၏ ထင်ရှား ဖြစ်ပေါ်ခြင်းကြောင့်နည်းဟူမူ— ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော မြတ်စွာဘုရား၏ ထင်ရှားဖြစ်ပေါ်ခြင်းကြောင့်တည်း။ ရဟန်းတို့ တစ်ဦးတည်းသော ပုဂ္ဂိုလ်၏ ထင်ရှားဖြစ်ပေါ်ခြင်းကြောင့် မြတ်သော (ပညာ) မျက်စိ၏ ထင်ရှားဖြစ်ပေါ်ခြင်းသည် ဖြစ်၏။ပ။ အရဟတ္တဖိုလ်ကို မျက်မှောက်ပြုရခြင်းသည် ဖြစ်၏ဟု (မိန့်တော်မူ၏)။ (၆—၁၇)
၁၈၇။ ရဟန်းတို့ ဤသာရိပုတြာသည် မြတ်စွာဘုရား လည်စေအပ်သော အတုမရှိသော ဓမ္မစက်ကို ကောင်းစွာသာလျှင် အတုလိုက်၍ လည်စေနိုင်သကဲ့သို့၊ ဤအတူ မြတ်စွာဘုရား လည်စေအပ်သော အတု မရှိသော ဓမ္မစက်ကို ကောင်းစွာသာလျှင် အတုလိုက်၍ လည်စေနိုင်သော အခြားတစ်ဦးသော ပုဂ္ဂိုလ်ကိုမျှလည်း ငါ မမြင်။ ရဟန်းတို့ သာရိပုတြာသည် မြတ်စွာဘုရား လည်စေအပ်သော အတုမရှိသော ဓမ္မစက် ကို ကောင်းစွာသာလျှင် အတုလိုက်၍ လည်စေနိုင်၏ဟု (မိန့်တော်မူ၏)။ (၁၈)
တစ်ဆယ့်သုံးခုမြောက် ဧကပုဂ္ဂလဝဂ် ပြီး၏။
၁။ ပါရမီဂုဏ် ဘုန်းဂုဏ်တို့ကြောင့် ကြွင်းသော သတ္တဝါတို့နှင့် မတူမူ၍ ခပ်သိမ်းသော သတ္တဝါတို့နှင့် မတူသည့် ရှေးဘုရားတို့နှင့်သာ တူသဖြင့် နှစ်ဦးမြောက် ဒုတိယပုဂ္ဂိုလ် မရှိသောကြောင့် တစ်ဦးတည်းသောပုဂ္ဂိုလ်ဟု ဆိုသည်။
၂။ ဖိုလ်စိတ်နှင့်ယှဉ်သောဉာဏ် ဖိုလ်ဉာဏ်။
၃။ ဖိုလ်ဉာဏ်မှ ကြွင်းသော သမ္မယုတ်တရားများ။