အင်္ဂုတ္တရနိကာယ်
၁၄-ဧတဒဂ္ဂဝဂ် ၆-ဆဋ္ဌဝဂ်
၂၄၈။ ရဟန်းတို့ ရှေးဦးစွာ ကိုးကွယ်ဆည်းကပ်ခြင်း ‘သရဏဂုံ’ သို့ ရောက်ကုန်သော ငါ၏တပည့် ဥပါသကာတို့တွင် အကြင် တပုကဿနှင့်ဘလ္လိကကုန်သည်တို့သည် ရှိကုန်၏၊ ထို တပုဿနှင့်ဘလ္လိကကုန်သည် တို့သည် အမြတ်ဆုံးပေတည်း။ (၁)
၂၄၉။ လှူဒါန်းခြင်း၌ မွေ့လျော်ကုန်သော ငါ၏တပည့် ဥပါသကာတို့တွင် သုဒတ္တမည်သော အကြင် အနာထပိဏ်သူကြွယ်သည် ရှိ၏၊ ထို အနာထပိဏ်သူကြွယ်သည် အမြတ်ဆုံးပေတည်း။ (၂)
၂၅ဝ။ တရားဟောတတ်ကုန်သော ငါ၏တပည့် ဥပါသကာတို့တွင် မစ္ဆိကာသဏ္ဍမြို့သား အကြင် စိတ္တသူကြွယ်သည် ရှိ၏၊ ထို စိတ္တသူကြွယ်သည် အမြတ်ဆုံးပေတည်း။ (၃)
၂၅၁။ သင်္ဂဟဝတ္ထုလေးပါးတို့ဖြင့် ပရိသတ်ကို ချီးမြှောက်ထောက်ပံ့ကုန်သော ငါ၏တပည့် ဥပါသကာတို့တွင် အကြင် ဟတ္ထကအာဠဝကသည် ရှိ၏၊ ထို ဟတ္ထကအာဠဝကသည် အမြတ်ဆုံးပေတည်း။ (၄)
၂၅၂။ မွန်မြတ်သောဝတ္ထုကို ပေးလှူတတ်ကုန်သော ငါ၏တပည့် ဥပါသကာတို့တွင် သာကီဝင် မင်းမျိုးဖြစ်သော အကြင် မဟာနာမ်သည် ရှိ၏၊ ထို မဟာနာမ်သည် အမြတ်ဆုံးပေတည်း။ (၅)
၂၅၃။ နှစ်သက်ဖွယ် ဝတ္ထုကို လှူတတ်ကုန်သော ငါ၏တပည့် ဥပါသကာတို့တွင် ဝေသာလီပြည်သား အကြင် ဥဂ္ဂသူကြွယ်သည် ရှိ၏၊ ထို ဥဂ္ဂသူကြွယ်သည် အမြတ်ဆုံးပေတည်း။ (၆)
၂၅၄။ သံဃာကို လုပ်ကျွေးတတ်ကုန်သော ငါ၏တပည့် ဥပါသကာတို့တွင် ဟတ္ထိရွာသား အကြင် ဥဂ္ဂတသူကြွယ်သည် ရှိ၏၊ ထို ဥဂ္ဂတသူကြွယ်သည် အမြတ်ဆုံးပေတည်း။ (၇)
၂၅၅။ သာသနာ၌ သက်ဝင်၍ မတုန်မလှုပ် ကြည်ညိုကုန်သော ငါ၏တပည့် ဥပါသကာတို့တွင် အကြင် သုရဗန္ဓသည်၁ ရှိ၏၊ ထို သုရဗန္ဓသည် အမြတ်ဆုံးပေတည်း။ (၈)
၂၅၆။ ပုဂ္ဂိုလ်ကို ကြည်ညိုကုန်သော ငါ၏တပည့် ဥပါသကာတို့တွင် အဘယမင်းသား မွေးစားအပ်သော အကြင် ဇီဝကသည် ရှိ၏၊ ထို ဇီဝကသည် အမြတ်ဆုံးပေတည်း။ (၉)
၂၅၇။ ငါနှင့် အကျွမ်းဝင်သော စကားကို ဆိုကုန်သော ငါ၏တပည့် ဥပါသကာတို့တွင် အကြင် နကုလပိတာ သူကြွယ်သည် ရှိ၏၊ ထို နကုလပိတာ သူကြွယ်သည် အမြတ်ဆုံးပေတည်းဟု (မိန့်တော်မူ၏)။ (၁ဝ)
ဆဋ္ဌဝဂ် ပြီး၏။
၁။ သုရမ္ဗဋ္ဌဟု အဋ္ဌကထာ၌ ရှိ၏။