အင်္ဂုတ္တရနိကာယ်

၁၄-ဧတဒဂ္ဂဝဂ် ၇-သတ္တမဝဂ်

၂၅၈။ ရဟန်းတို့ ရှေးဦးစွာ ကိုးကွယ် ဆည်းကပ်ခြင်း ‘သရဏဂုံ’ သို့ ရောက်ကုန်သော ငါ၏တပည့် ဥပါသိကာမတို့တွင် သေနိယသူဌေး၏သမီး အကြင် သုဇာတာသည် ရှိ၏၊ ထိုသူဌေးသမီးသုဇာတာသည် အမြတ်ဆုံးပေတည်း။ (၁)

၂၅၉။ လှူဒါန်းခြင်း၌ မွေ့လျော်ကုန်သော ငါ၏တပည့် ဥပါသိကာမတို့တွင် မိဂါရသူဌေး၏ အမိ အရာ၌ တည်သော အကြင် ဝိသာခါသည် ရှိ၏၊ ထို ဝိသာခါသည် အမြတ်ဆုံးပေတည်း။ (၂)

၂၆ဝ။ အကြားအမြင် များကုန်သော ငါ၏တပည့် ဥပါသိကာမတို့တွင် အကြင် ခုဇ္ဇုတ္တရာသည် ရှိ၏၊ ထို ခုဇ္ဇုတ္တရာသည် အမြတ်ဆုံးပေတည်း။ (၃)

၂၆၁။ မေတ္တာစိတ်ဖြင့် နေလေ့ရှိကုန်သော ငါ၏တပည့် ဥပါသိကာမတို့တွင် အကြင် သာမာဝတီသည် ရှိ၏၊ ထို သာမာဝတီသည် အမြတ်ဆုံးပေတည်း။ (၄)

၂၆၂။ ဈာန်၌ မွေ့လျော်ကုန်သော ငါ၏တပည့် ဥပါသိကာမတို့တွင် နန္ဒသတို့သား၏ မိခင် အကြင် ဥတ္တရာသည် ရှိ၏၊ ထို ဥတ္တရာသည် အမြတ်ဆုံးပေတည်း။ (၅)

၂၆၃။ မွန်မြတ်သော ဝတ္ထုကို ပေးလှူကုန်သော ငါ၏တပည့် ဥပါသိကာမတို့တွင် ကောလိယမင်း၏သမီး အကြင် သုပ္ပဝါသာသည် ရှိ၏၊ ထို သုပ္ပဝါသာသည် အမြတ်ဆုံးပေတည်း။ (၆)

၂၆၄။ သူနာကို လုပ်ကျွေးပြုစုတတ်ကုန်သော ငါ၏တပည့် ဥပါသိကာမတို့တွင် အကြင် သုပ္ပိယာ ဥပါသိကာမသည် ရှိ၏၊ ထို သုပ္ပိယာဥပါသိကာမသည် အမြတ်ဆုံးပေတည်း။ (၇)

၂၆၅။ သာသနာ၌ သက်ဝင်၍ မတုန်မလှုပ်ကြည်ညိုကုန်သော ငါ၏တပည့် ဥပါသိကာမ တို့တွင် အကြင် ကာတိယာနီသည် ရှိ၏၊ ထို ကာတိယာနီသည် အမြတ်ဆုံးပေတည်း။ (၈)

၂၆၆။ ငါနှင့် အကျွမ်းဝင်သော စကားကို ဆိုတတ်ကုန်သော ငါ၏တပည့် ဥပါသိကာမ တို့တွင် အကြင် နကုလမာတာ သူကြွယ်မသည် ရှိ၏၊ ထို နကုလမာတာ သူကြွယ်မသည် အမြတ်ဆုံးပေတည်း။ (၉)

၂၆၇။ တစ်ဆင့်စကားဖြင့် ကြည်ညိုခြင်းရှိကုန်သော ငါ၏တပည့် ဥပါသိကာမတို့တွင် ကုလဃရမြို့သူ အကြင် ကာဠီဥပါသိကာမသည် ရှိ၏၊ ထို ကာဠီဥပါသိကာမသည် အမြတ်ဆုံးပေတည်းဟု (မိန့်တော်မူ၏)။ (၁ဝ)

သတ္တမဝဂ် ပြီး၏။

ဧတဒဂ္ဂဝဂ် ပြီး၏။