အင်္ဂုတ္တရနိကာယ်
၁၅-အဋ္ဌာနပါဠိ ၂-ဒုတိယဝဂ်
၂၇၈။ ရဟန်းတို့ တစ်ခုသော လောကဓာတ်၌ စကြဝတေးမင်း နှစ်ပါးတို့ မရှေး မနှောင်း ဖြစ်ရာ သော အကြောင်းအခွင့်သည် မရှိ။ ရဟန်းတို့ တစ်ခုသော လောကဓာတ်၌ စကြဝတေးမင်း တစ်ပါးတည်းသာ ဖြစ်ပေါ်ရာသော အကြောင်းအခွင့်ကား ရှိ၏ဟု (မိန့်တော်မူ၏)။ (၁)
၂၇၉။ ရဟန်းတို့ မိန်းမသည် ပူဇော်အထူးကို ခံတော်မူသော ဘုရားဖြစ်ရာသော အကြောင်း အခွင့်သည် မရှိ။ ရဟန်းတို့ ယောကျာ်းသည် ပူဇော်အထူးကို ခံတော်မူထိုက်သော ဘုရားဖြစ်ရာသော အကြောင်းအခွင့်ကား ရှိ၏ဟု (မိန့်တော်မူ၏)။ (၂)
၂၈ဝ။ ရဟန်းတို့ မိန်းမသည် စကြဝတေးမင်း ဖြစ်ရာသော အကြောင်းအခွင့်သည် မရှိ။ ရဟန်းတို့ ယောကျာ်းသည် စကြဝတေးမင်းဖြစ်ရာသော အကြောင်းအခွင့်ကား ရှိ၏ဟု (မိန့်တော်မူ၏)။ (၃)
၂၈၁—၂၈၃။ ရဟန်းတို့ မိန်းမသည် သိကြားမင်း ဖြစ်ရာသော။ပ။ မာရ်မင်း ဖြစ်ရာသော။ပ။ ဗြဟ္မာကြီးဖြစ်ရာသော အကြောင်းအခွင့်သည် မရှိ။ ရဟန်းတို့ ယောကျာ်းသည် သိကြားမင်း ဖြစ်ရာ သော။ပ။ မာရ်မင်းဖြစ်ရာသော။ပ။ ဗြဟ္မာကြီးဖြစ်ရာသော အကြောင်းအခွင့်ကား ရှိ၏ဟု (မိန့်တော်မူ၏)။ (၄—၆)
၂၈၄။ ရဟန်းတို့ ကိုယ်ဖြင့် ပြုအပ်သော မကောင်းသောအမှု ‘ကာယဒုစရိုက်’၏ အလိုရှိအပ် နှစ်သက်အပ် နှလုံးကို ပွါးစေတတ်သော အကျိုးဖြစ်ရာသော အကြောင်းအခွင့်သည် မရှိ။ ရဟန်းတို့ ကိုယ်ဖြင့် ပြုအပ်သော မကောင်းသောအမှု ‘ကာယဒုစရိုက်’၏ အလိုမရှိအပ် မနှစ်သက်အပ် နှလုံးကို မပွါးစေတတ်သော အကျိုးသာ ဖြစ်ရာသော အကြောင်းအခွင့်ကား ရှိ၏ဟု (မိန့်တော်မူ၏)။ (၇)
၂၈၅—၂၈၆။ ရဟန်းတို့ နှုတ်ဖြင့် ပြုအပ်သော မကောင်းသောအမှု ‘ဝစီဒုစရိုက်’၏။ပ။ စိတ်ဖြင့် ပြု အပ်သော မကောင်းသောအမှု ‘မနောဒုစရိုက်’၏ အလိုရှိအပ် နှစ်သက်အပ် နှလုံးကို မပွါးစေတတ်သော အကျိုးဖြစ်ရာသော အကြောင်းအခွင့်သည် မရှိ။ ရဟန်းတို့ စိတ်ဖြင့် ပြုအပ်သော မကောင်းသောအမှု ‘မနောဒုစရိုက်’၏ အလိုမရှိအပ် မနှစ်သက်အပ် နှလုံးကို မပွါးစေတတ်သော အကျိုးဖြစ်ရာသော အကြောင်းအခွင့်ကား ရှိ၏ဟု (မိန့်တော်မူ၏)။ (၈—၉)
ဒုတိယဝဂ် ပြီး၏။