အင်္ဂုတ္တရနိကာယ်
၁၅-အဋ္ဌာနပါဠိ၁-ပဌမဝဂ်
၂၆၈။ ရဟန်းတို့ သောတာပတ္တိမဂ်ဉာဏ်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်သည် တစ်စုံတစ်ခုသော သင်္ခါရတရားကို နိစ္စဟု ယူရာသော အကြောင်း အခွင့်သည် မရှိ။ ရဟန်းတို့ ပုထုဇဉ်ပုဂ္ဂိုလ်သည် တစ်စုံတစ်ခုသော သင်္ခါရတရားကို နိစ္စဟု ယူရာသော အကြောင်းအခွင့်ကား ရှိ၏ဟု (မိန့်တော်မူ၏)။ (၁)
၂၆၉။ ရဟန်းတို့ သောတာပတ္တိမဂ်ဉာဏ်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်သည် တစ်စုံတစ်ခုသော သင်္ခါရတရားကို သုခဟု ယူရာသော အကြောင်းအခွင့်သည် မရှိ။ ရဟန်းတို့ ပုထုဇဉ်ပုဂ္ဂိုလ်သည် တစ်စုံတစ်ခုသော သင်္ခါရတရားကို သုခဟု ယူရာသော အကြောင်းအခွင့်ကား ရှိ၏ဟု (မိန့်တော်မူ၏)။ (၂)
၂၇ဝ။ ရဟန်းတို့ သောတာပတ္တိမဂ်ဉာဏ်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်သည် တစ်စုံတစ်ခုသော တရားကို အတ္တဟုယူရာသော အကြောင်းအခွင့်သည် မရှိ။ ရဟန်းတို့ ပုထုဇဉ်ပုဂ္ဂိုလ်သည် တစ်စုံတစ်ခုသော တရား ကို အတ္တဟု ယူရာသော အကြောင်းအခွင့်ကား ရှိ၏ဟု (မိန့်တော်မူ၏)။ (၃)
၂၇၁။ ရဟန်းတို့ သောတာပတ္တိမဂ်ဉာဏ်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်သည် အမိကို သတ်ရာသော အကြောင်းအခွင့်သည် မရှိ။ ရဟန်းတို့ ပုထုဇဉ်ပုဂ္ဂိုလ်သည် အမိကို သတ်ရာသော အကြောင်းအခွင့်ကား ရှိ၏ဟု (မိန့်တော်မူ၏)။ (၄)
၂၇၂။ ရဟန်းတို့ သောတာပတ္တိမဂ်ဉာဏ်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်သည် အဖကို သတ်ရာသော အကြောင်းအခွင့်သည် မရှိ။ ရဟန်းတို့ ပုထုဇဉ်ပုဂ္ဂိုလ်သည် အဖကို သတ်ရာသော အကြောင်းအခွင့်ကား့ရှိ၏ဟု (မိန့်တော်မူ၏)။ (၅)
၂၇၃။ ရဟန်းတို့ သောတာပတ္တိမဂ်ဉာဏ်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်သည် ရဟန္တာပုဂ္ဂိုလ်ကို သတ်ရာ သော အကြောင်းအခွင့်သည် မရှိ။ ရဟန်းတို့ ပုထုဇဉ်ပုဂ္ဂိုလ်သည် ရဟန္တာပုဂ္ဂိုလ်ကို သတ်ရာသော အကြောင်းအခွင့်ကား ရှိ၏ဟု (မိန့်တော်မူ၏)။ (၆)
၂၇၄။ ရဟန်းတို့ သောတာပတ္တိမဂ်ဉာဏ်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်သည် မြတ်စွာဘုရားအား ပြစ်မှား လိုသော စိတ်ဖြင့် သွေးစိမ်းတည်စေရာသော အကြောင်းအခွင့်သည် မရှိ။ ရဟန်းတို့ ပုထုဇဉ်ပုဂ္ဂိုလ်သည် မြတ်စွာဘုရားအား ပြစ်မှားလိုသော စိတ်ဖြင့် သွေးစိမ်းတည်စေရာသော အကြောင်းအခွင့်ကား ရှိ၏ဟု (မိန့်တော်မူ၏)။ (၇)
၂၇၅။ ရဟန်းတို့ သောတာပတ္တိမဂ်ဉာဏ်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်သည် သံဃာကို သင်းကွဲစေရာ သော အကြောင်းအခွင့်သည် မရှိ။ ရဟန်းတို့ ပုထုဇဉ်ပုဂ္ဂိုလ်သည် သံဃာကို သင်းကွဲစေရာသော အကြောင်းအခွင့်ကား ရှိ၏ဟု (မိန့်တော်မူ၏)။ (၈)
၂၇၆။ ရဟန်းတို့ သောတာပတ္တိမဂ်ဉာဏ်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်သည် မြတ်စွာဘုရားမှ တစ်ပါးသော သူကို ဆရာဟု ညွှန်ပြရာသော အကြောင်းအခွင့်သည် မရှိ။ ရဟန်းတို့ ပုထုဇဉ်ပုဂ္ဂိုလ်သည် မြတ်စွာဘုရားမှ တစ်ပါးသောသူကို ဆရာဟု ညွှန်ပြရာသော အကြောင်းအခွင့်ကား ရှိ၏ဟု (မိန့်တော်မူ၏)။ (၉)
၂၇၇။ ရဟန်းတို့ (ဇာတိခေတ်ဟုဆိုအပ်သော) တစ်ခုသော လောကဓာတ်၌ ပူဇော်အထူးကို ခံတော်မူထိုက်သော ဘုရားနှစ်ဆူတို့သည် မရှေး မနှောင်း ပွင့်တော်မူရာသော အကြောင်းအခွင့်သည်၁ မရှိ။ ရဟန်းတို့ (ဇာတိခေတ်ဟုဆိုအပ်သော) တစ်ခုသော လောကဓာတ်၌ ပူဇော်အထူးကို ခံတော်မူထိုက်သော ဘုရားတစ်ဆူတည်းသာ ပွင့်တော်မူရာသော အကြောင်းအခွင့်ကား ရှိ၏ဟု (မိန့်တော်မူ၏)။ (၁ဝ)
ပဌမဝဂ် ပြီး၏။
၁။ သဗ္ဗညုမြတ်စွာဘုရားတို့၏ ဂုဏ်တန်ခိုးတော် ကြီးကျယ်သောကြောင့်တည်း။