အင်္ဂုတ္တရနိကာယ်

၁၆-ဧကဓမ္မပါဠိ ၄-စတုတ္ထဝဂ်

၃၂၂။ ရဟန်းတို့ ဤဇမ္ဗူဒိပ်၌ မွေ့လျော်ဖွယ်ကောင်းသောအရံ မွေ့လျော်ဖွယ်ကောင်းသော တော မွေ့လျော်ဖွယ်ကောင်းသောမြေအရပ် မွေ့လျော်ဖွယ်ကောင်းသော ရေကန်သည် အနည်းငယ်မျှသာ ရှိ၏၊ စင်စစ်သော်ကား ချိုင့်ဝှမ်း မြင့်မောက်သောမြေ သွားလာ ကူးခက်သောမြစ် သစ်ငုတ်ဆူးငြောင့်ရှိသော အရပ် မညီညွတ်သော တောင်တို့သာ များသကဲ့သို့၊ ရဟန်းတို့ ဤအတူပင်လျှင် ကြည်းကုန်း၌ဖြစ်သော သတ္တဝါတို့သည် အနည်းငယ်မျှသာ ဖြစ်ကုန်၏၊ စင်စစ်သော်ကား ရေ၌ဖြစ်သော သတ္တဝါတို့သာ များကုန်၏။ (၁)

၃၂၃။ ရဟန်းတို့ ဤအတူပင်လျှင် လူ့ပြည်၌ ဖြစ်သော သတ္တဝါတို့သည် အနည်းငယ်မျှသာ ဖြစ်ကုန်၏၊ စင်စစ်သော်ကား လူ့ပြည်မှ တစ်ပါးသော အပါယ်ဘုံ၌ ဖြစ်သော သတ္တဝါတို့သည် သာ များကုန်၏။ ရဟန်းတို့ ဤအတူပင်လျှင် မဇ္ဈိမတိုင်း ဇနပုဒ်တို့၌ ဖြစ်သော သတ္တဝါတို့သည် အနည်းငယ်မျှသာ ဖြစ်ကုန်၏၊ စင်စစ်သော်ကား တိုင်းစွန်ပြည်နား ဇနပုဒ်အရပ် သစ္စာလေးပါးကို မသိနိုင်ကုန်သော လူရိုင်း (မိလက္ခု) တို့၌ ဖြစ်သော သတ္တဝါတို့သာ များကုန်၏။ (၂)

၃၂၄။ ရဟန်းတို့ ဤအတူပင်လျှင် မထိုင်းမှိုင်းကုန် မဆွံ့ မအကုန်သော ကောင်းစွာ ဆိုအပ်သော စကားမကောင်းသဖြင့် ဆိုအပ်သော စကား၏ အနက်ကို သိနိုင်ကုန်သော ပညာရှိပုဂ္ဂိုလ်တို့သည် အနည်းငယ်မျှသာ ဖြစ်ကုန်၏၊ စင်စစ်သော်ကား ထိုင်းမှိုင်းကုန် ဆွံ့အကုန်သော ကောင်းစွာ ဆိုအပ်သော စကား မကောင်းသဖြင့် ဆိုအပ်သော စကား၏ အနက်ကို မသိနိုင်ကုန်သော ပညာမဲ့ပုဂ္ဂိုလ်တို့သာ များကုန်၏။ (၃)

၃၂၅။ ရဟန်းတို့ ဤအတူပင်လျှင် မြတ်သော ပညာမျက်စိနှင့် ပြည့်စုံကုန်သော သတ္တဝါတို့သည် အနည်းငယ်မျှသာ ဖြစ်ကုန်၏၊ စင်စစ်သော်ကား အဝိဇ္ဇာအမိုက်တိုက်သို့ ရောက်ကုန်၍ တွေဝေကုန်သော သတ္တဝါတို့သာ များကုန်၏။ (၄)

၃၂၆။ ရဟန်းတို့ ဤအတူပင်လျှင် မြတ်စွာဘုရားကို ဖူးမြော်ရကုန်သော သတ္တဝါတို့သည် အနည်း ငယ်မျှသာ ဖြစ်ကုန်၏၊ စင်စစ်သော်ကား မြတ်စွာဘုရားကို မဖူးမြော်ရကုန်သော သတ္တဝါတို့သာ များကုန်၏။ (၅)

၃၂၇။ ရဟန်းတို့ ဤအတူပင်လျှင် မြတ်စွာဘုရား ဟောကြားအပ်သော ဓမ္မဝိနယကို ကြားနာ ရကုန်သော သတ္တဝါတို့သည် အနည်းငယ်မျှသာ ဖြစ်ကုန်၏၊ စင်စစ်သော်ကား မြတ်စွာဘုရား ဟောကြား အပ်သော ဓမ္မဝိနယကို မကြားနာရကုန်သော သတ္တဝါတို့သာ များကုန်၏။ (၆)

၃၂၈။ ရဟန်းတို့ ဤအတူပင်လျှင် ကြားနာရ၍တရားကို ဆောင်ထားကြကုန်သော သတ္တဝါတို့သည် အနည်းငယ်မျှသာ ဖြစ်ကုန်၏၊ စင်စစ်သော်ကား ကြားနာရ၍တရားကို ဆောင်မထားကြကုန်သော သတ္တဝါတို့သာ များကုန်၏။ (၇)

၃၂၉။ ရဟန်းတို့ ဤအတူပင်လျှင် ဆောင်ထားသော တရားတို့၏ အနက်ကို စုံစမ်း စိစစ်ကြကုန် သော သတ္တဝါတို့သည် အနည်းငယ်မျှသာ ဖြစ်ကုန်၏၊ စင်စစ်သော်ကား ဆောင်ထားသော တရားတို့၏ အနက်ကို မစုံစမ်း မစိစစ်ကြကုန်သော သတ္တဝါတို့သာ များကုန်၏။ (၈)

၃၃ဝ။ ရဟန်းတို့ ဤအတူပင်လျှင် ပါဠိတော်နှင့် အဋ္ဌကထာကို သိ၍တရားနှင့် လျော်သော အကျင့်ကို ကျင့်ကြကုန်သော သတ္တဝါတို့သည် အနည်းငယ်မျှသာ ဖြစ်ကုန်၏၊ စင်စစ်သော်ကား ပါဠိတော်နှင့် အဋ္ဌကထာကို သိ၍တရားနှင့် လျော်သော အကျင့်ကို မကျင့်ကြကုန်သော သတ္တဝါတို့သာ များ ကုန်၏။ (၉)

၃၃၁။ ရဟန်းတို့ ဤအတူပင်လျှင် ထိတ်လန့်ခြင်းကို ဖြစ်စေတတ်သည့် ဇာတိစသော အကြောင်း တို့၌ ထိတ်လန့်ကြကုန်သော သတ္တဝါတို့သည်နည်းပါးကုန်၏၊ စင်စစ်သော်ကား ထိတ်လန့်ခြင်းကို ဖြစ်စေတတ်သည့် ဇာတိစသော အကြောင်းတို့၌ မထိတ်လန့်ကြကုန်သော သတ္တဝါတို့သာ များကုန်၏။ (၁ဝ)

၃၃၂။ ရဟန်းတို့ ဤအတူပင်လျှင် ထိတ်လန့်ကုန်သည် ဖြစ်၍ သင့်လျော်သော အကြောင်းအားဖြင့် အားထုတ်ကြကုန်သော သတ္တဝါတို့သည်နည်းပါးကုန်၏၊ စင်စစ်သော်ကား ထိတ်လန့်ကုန်သည်ဖြစ်၍ သင့်လျော်သော အကြောင်းအားဖြင့် အားမထုတ်ကြကုန်သော သတ္တဝါတို့သာ များကုန်၏။ (၁၁)

၃၃၃။ ရဟန်းတို့ ဤအတူပင်လျှင် နိဗ္ဗာန်ကို အာရုံပြု၍ မဂ် ဖိုလ် သမာဓိကို ရကြကုန် စိတ်၏ တည် ကြည်ခြင်းကို ရကြကုန်သော သတ္တဝါတို့သည်နည်းပါးကုန်၏၊ စင်စစ်သော်ကား နိဗ္ဗာန်ကို အာရုံပြု၍ မဂ် ဖိုလ်သမာဓိကို မရကြကုန် စိတ်၏ တည်ကြည်ခြင်းကို မရကြကုန်သော သတ္တဝါတို့သာ များကုန်၏။ (၁၂)

၃၃၄။ ရဟန်းတို့ ဤအတူပင်လျှင် မွန်မြတ်သော ထမင်း မွန်မြတ်သော အရသာတို့ကို ရကြကုန် သော သတ္တဝါတို့သည်နည်းပါးကုန်၏၊ စင်စစ်သော်ကား မွန်မြတ်သော ထမင်း မွန်မြတ်သော အရသာ တို့ကို မရကြကုန်မူ၍ ခွက်လက်စွဲကာ တောင်း၍ရသော ထမင်းဖြင့်လည်းကောင်း၊ သစ်သီးကြီးငယ်ဖြင့်လည်းကောင်း မျှတကြရကုန်သော သတ္တဝါတို့သာ များကုန်၏။ (၁၃)

၃၃၅။ ရဟန်းတို့ ဤအတူပင်လျှင် ဖိုလ်တည်းဟူသောအရသာ မဂ်တည်းဟူသောအရသာ နိဗ္ဗာန်တည်းဟူသောအရသာကို ရကြကုန်သော သတ္တဝါတို့သည်နည်းပါးကုန်၏၊ စင်စစ်သော်ကား ဖိုလ်တည်းဟူသောအရသာ မဂ်တည်းဟူသောအရသာ နိဗ္ဗာန်တည်းဟူသောအရသာကို မရကြကုန်သော သတ္တဝါတို့ သာ များကုန်၏။ ရဟန်းတို့ ထိုသို့ဖြစ်သောကြောင့် ဤသာသနာတော်၌ ဤသို့လျှင် “ဖိုလ်တည်းဟူသော အရသာ မဂ်တည်းဟူသောအရသာ နိဗ္ဗာန်တည်းဟူသောအရသာကို ရရှိသူတို့ ဖြစ်ကြကုန်အံ့”ဟု ကျင့်ရ မည်။ ရဟန်းတို့ သင်တို့သည် ဤသို့သာလျှင် ကျင့်ရမည်ဟု (မိန့်တော်မူ၏)။ (၁၄)

၃၃၆—၃၃၈။ ရဟန်းတို့ ဤဇမ္ဗူဒိပ်၌ မွေ့လျော်ဖွယ်ကောင်းသောအရံ မွေ့လျော်ဖွယ်ကောင်းသော တော မွေ့လျော်ဖွယ်ကောင်းသောမြေအရပ် မွေ့လျော်ဖွယ်ကောင်းသော ရေကန်သည် အနည်းငယ်မျှသာ ရှိ၏၊ စင်စစ်သော်ကား ချိုင့်ဝှမ်းမြင့်မောက်သောမြေ သွားလာကူးခက်သောမြစ် သစ်ငုတ်ဆူးငြောင့်ရှိသော အရပ် မညီညွတ်သောတောင်တို့သာ များသကဲ့သို့၊ ရဟန်းတို့ ဤအတူပင်လျှင် လူ့ပြည်မှ စုတေ၍ လူ့ပြည်၌ပင် တစ်ဖန် ပြန်ဖြစ်ကုန်သော သတ္တဝါတို့သည် နည်ပါးကုန်၏၊ စင်စစ်သော်ကား လူ့ပြည်မှ စုတေ၍ ငရဲဘုံ၌ ဖြစ်ကြကုန်သော။ပ။ တိရစ္ဆာန်မျိုး၌ ဖြစ်ကြကုန်သော။ပ။ ပြိတ္တာဘုံ၌ ဖြစ်ကြကုန်သော သတ္တဝါတို့သာ များကုန်၏။ (၁၅—၁၇)

၃၃၉—၃၄၁။ ရဟန်းတို့ ဤအတူပင်လျှင် လူ့ပြည်မှ စုတေ၍ နတ်ပြည်တို့၌ ဖြစ်ကြကုန်သော သတ္တဝါတို့သည်နည်းပါးကုန်၏၊ စင်စစ်သော်ကား လူ့ပြည်မှ စုတေ၍ ငရဲဘုံ၌ ဖြစ်ကြကုန်သော။ တိရစ္ဆာန်မျိုး၌ ဖြစ်ကြကုန်သော။ ပြိတ္တာဘုံ၌ ဖြစ်ကြကုန်သော သတ္တဝါတို့သာ များကုန်၏။ (၁၈—၂ဝ)

၃၄၂—၃၄၄။ ရဟန်းတို့ ဤအတူပင်လျှင် နတ်ပြည်မှ စုတေ၍ နတ်ပြည်တို့၌ ဖြစ်ကြကုန်သော သတ္တဝါတို့သည်နည်းပါးကုန်၏၊ စင်စစ်သော်ကား နတ်ပြည်မှ စုတေ၍ ငရဲဘုံ၌ ဖြစ်ကြကုန်သော။ တိရစ္ဆာန်မျိုး၌ ဖြစ်ကြကုန်သော။ ပြိတ္တာဘုံ၌ ဖြစ်ကြကုန်သော သတ္တဝါတို့သာ များကုန်၏။ (၂၁—၂၃)

၃၄၅—၃၄၇။ ရဟန်းတို့ ဤအတူပင်လျှင် နတ်ပြည်မှ စုတေ၍ လူ့ပြည်တို့၌ ဖြစ်ကြကုန်သော သတ္တဝါတို့သည်နည်းပါးကုန်၏၊ စင်စစ်သော်ကား နတ်ပြည်မှ စုတေ၍ ငရဲဘုံ၌ ဖြစ်ကြကုန်သော။ တိရစ္ဆာန်မျိုး၌ ဖြစ်ကြကုန်သော။ ပြိတ္တာဘုံ၌ ဖြစ်ကြကုန်သော သတ္တဝါတို့သာ များကုန်၏။ (၂၄—၂၆)

၃၄၈—၃၅ဝ။ ရဟန်းတို့ ဤအတူပင်လျှင် ငရဲဘုံမှ စုတေ၍ လူ့ဘုံတို့၌ ဖြစ်ကြကုန်သော သတ္တဝါတို့သည်နည်းပါးကုန်၏၊ စင်စစ်သော်ကား ငရဲဘုံမှ စုတေ၍ ငရဲဘုံ၌ ဖြစ်ကြကုန်သော။ တိရစ္ဆာန်မျိုး၌ ဖြစ်ကြကုန်သော။ ပြိတ္တာဘုံ၌ ဖြစ်ကြကုန်သော သတ္တဝါတို့သာ များကုန်၏။ (၂၇—၂၉)

၃၅၁—၃၅၃။ ရဟန်းတို့ ဤအတူပင်လျှင် ငရဲဘုံမှ စုတေ၍ နတ်ပြည်၌ ဖြစ်ကြကုန်သော သတ္တဝါ တို့သည်နည်းပါးကုန်၏၊ စင်စစ်သော်ကား ငရဲဘုံမှ စုတေ၍ ငရဲဘုံ၌ ဖြစ်ကြကုန်သော။ တိရစ္ဆာန်မျိုး၌ ဖြစ်ကြကုန်သော။ ပြိတ္တာဘုံ၌ ဖြစ်ကြကုန်သော သတ္တဝါတို့သာ များကုန်၏။ (၃ဝ—၃၂)

၃၅၄—၃၅၆။ ရဟန်းတို့ ဤအတူပင်လျှင် တိရစ္ဆာန်မျိုးမှ စုတေ၍ လူ့ပြည်၌ ဖြစ်ကြကုန်သော သတ္တဝါတို့သည်နည်းပါးကုန်၏၊ စင်စစ်သော်ကား တိရစ္ဆာန်မျိုးမှ စုတေ၍ ငရဲဘုံ၌ ဖြစ်ကြကုန်သော။ တိရစ္ဆာန်မျိုး၌ ဖြစ်ကြကုန်သော။ ပြိတ္တာဘုံ၌ ဖြစ်ကြကုန်သော သတ္တဝါတို့သာ များကုန်၏။ (၃၃—၃၅)

၃၅၇—၃၅၉။ ရဟန်းတို့ ဤအတူပင်လျှင် တိရစ္ဆာန်မျိုးမှ စုတေ၍ နတ်ပြည်၌ ဖြစ်ကြကုန်သော သတ္တဝါတို့သည်နည်းပါးကုန်၏၊ စင်စစ်သော်ကား တိရစ္ဆာန်မျိုးမှ စုတေ၍ ငရဲဘုံ၌ ဖြစ်ကြကုန်သော။ တိရစ္ဆာန်မျိုး၌ ဖြစ်ကြကုန်သော။ ပြိတ္တာဘုံ၌ ဖြစ်ကြကုန်သော သတ္တဝါတို့သာ များကုန်၏။ (၃၆—၃၈)

၃၆ဝ—၃၆၂။ ရဟန်းတို့ ဤအတူပင်လျှင် ပြိတ္တာဘုံမှ စုတေ၍ လူ့ပြည်၌ ဖြစ်ကြကုန်သော သတ္တဝါတို့သည်နည်းပါးကုန်၏၊ စင်စစ်သော်ကား ပြိတ္တာဘုံမှ စုတေ၍ ငရဲဘုံ၌ ဖြစ်ကြကုန်သော။ တိရစ္ဆာန်မျိုး ၌ ဖြစ်ကြကုန်သော။ ပြိတ္တာဘုံ၌ ဖြစ်ကြကုန်သော သတ္တဝါတို့သာ များကုန်၏။ (၃၉—၄၁)

၃၆၃—၃၆၅။ ရဟန်းတို့ ဤအတူပင်လျှင် ပြိတ္တာဘုံမှ စုတေ၍ နတ်ပြည်၌ ဖြစ်ကြကုန်သော သတ္တဝါတို့သည်နည်းပါးကုန်၏၊ စင်စစ်သော်ကား ပြိတ္တာဘုံမှ စုတေ၍ ငရဲဘုံ၌ ဖြစ်ကြကုန်သော။ တိရစ္ဆာန်မျိုး၌ ဖြစ်ကြကုန်သော။ ပြိတ္တာဘုံ၌ ဖြစ်ကြကုန်သော သတ္တဝါတို့သာ များကုန်၏ဟု (မိန့်တော်မူ၏)။ (၄၂—၄၄)

စတုတ္ထဝဂ် ပြီး၏။

(ဇမ္ဗုဒီပ ပေယျာလ ပြီး၏။)