အင်္ဂုတ္တရနိကာယ်

၁၉-ကာယဂတာသတိဝဂ်

၅၆၃။ ရဟန်းတို့ မည်သည့်ပုဂ္ဂိုလ်မဆို မဟာသမုဒ္ဒရာကို စိတ်၁ဖြင့် ပျံ ့နှံ့အောင် ရှုနိုင်ငြားအံ့၊ သမုဒ္ဒရာသို့ သက်ဆင်းကုန်သော မြစ်ငယ်ဟူသမျှတို့သည် ထိုသူ၏ (စိတ်၌) အတွင်းဝင်ပြီး ဖြစ်ကုန် သကဲ့သို့၊ ရဟန်းတို့ ထို့အတူပင်လျှင် မည်သည့်ပုဂ္ဂိုလ်မဆို ဆံစသော ရုပ်အပေါင်း၌ ဖြစ်သော ကာယ ဂတာသတိကို ပွါးများနိုင်ငြားအံ့၊ အဖန်ဖန် အလေ့အလာပြုနိုင်ငြားအံ့၊ ဝိဇ္ဇာ၂ အဖို့ အစု၌ဖြစ်ကုန်သော ကုသိုလ်တရားဟူသမျှတို့သည် ထိုသူ၏ (ဘာဝနာစိတ်၌) အတွင်းဝင်ပြီး ဖြစ်ကုန်၏ဟု (မိန့်တော်မူ၏)။ (၁)

၅၆၄—၅၇ဝ။ ရဟန်းတို့ တစ်ခုသော တရားကို ပွါးများအပ် အဖန်ဖန် အလေ့အလာ ပြုအပ်သည်ရှိသော် ကြီးစွာသော ထိတ်လန့်ခြင်း သံဝေဂဉာဏ်၃ အလို့ငှါ ဖြစ်၏။ ကြီးစွာသော အကျိုး၄ကို ရရှိခြင်းငှါ ဖြစ်၏။ ကြီးစွာသော ယောဂလေးပါးကုန်ရာ၅သို့ ရောက်ခြင်းငှါ ဖြစ်၏။ သတိသမ္ပဇဉ် အလို့ငှါ ဖြစ်၏။ ဉာဏ်အမြင်၆ကို ရခြင်းငှါ ဖြစ်၏။ မျက်မှောက်ဘဝ၌ ချမ်းသာစွာနေရခြင်းငှါ ဖြစ်၏။ ဝိဇ္ဇာ၇ ဝိမုတ္တိ၈ ဖိုလ်၉တို့ကို မျက်မှောက်ပြုခြင်းငှါ ဖြစ်၏။ တစ်ခုသော တရားဟူသည် အဘယ်နည်းဟူမူ— ဆံအစရှိသော ရုပ်အပေါင်း၌ ဖြစ်သော အောက်မေ့ခြင်း ကာယဂတာသတိပေတည်း။ ရဟန်းတို့ တစ်ခုသော တရားကို ပွါးများအပ် အဖန်ဖန် အလေ့အလာပြုအပ်သည်ရှိသော် ကြီးစွာသော ထိတ်လန့်ခြင်း သံဝေဂဉာဏ်အလို့ငှါ ဖြစ်၏။ ကြီးစွာသော အကျိုးကို ရရှိခြင်းငှါ ဖြစ်၏။ ကြီးစွာသော ယောဂလေးပါးကုန်ရာသို့ ရောက်ခြင်းငှါ ဖြစ်၏။ သတိသမ္ပဇဉ်အလို့ငှါ ဖြစ်၏။ ဉာဏ်အမြင်ကို ရခြင်းငှါ ဖြစ်၏။ မျက်မှောက်ဘဝ၌ ချမ်းသာစွာ နေရခြင်းငှါ ဖြစ်၏။ ဝိဇ္ဇာ ဝိမုတ္တိ ဖိုလ်တို့ကို မျက်မှောက်ပြုခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။ (၂—၈)

၅၇၁။ ရဟန်းတို့ တစ်ခုသော တရားကို ပွါးများအပ် အဖန်ဖန် အလေ့အလာပြုအပ်သည် ရှိသော် နာမ ကာယ ရူပကာယသည်လည်း ငြိမ်းအေး၏၊ စိတ်သည်လည်း ငြိမ်းအေး၏၊ ကြံစည်ခြင်း ‘ဝိတက်’ သုံးသပ်ဆင်ခြင်ခြင်း ‘ဝိစာရ’ တို့သည်လည်း ငြိမ်းအေးကုန်၏၊ အလုံးစုံသော ဝိဇ္ဇာအဖို့အစု၌ ဖြစ်ကုန်သော တရားတို့သည်လည်း ပွါးများခြင်း ပြည့်စုံခြင်းသို့ ရောက်ကုန်၏။ ထို တစ်ခုသော တရားဟူသည် အဘယ်နည်းဟူမူ— ဆံအစရှိသော ရုပ်အပေါင်း၌ ဖြစ်သော အောက်မေ့ခြင်း ကာယဂတာသတိတည်း။ ရဟန်းတို့ ဤတစ်ခုသော တရားကို ပွါးများအပ် အဖန်ဖန် အလေ့အလာပြုအပ်သည်ရှိသော် နာမကာယ ရူပကာယ သည်လည်း ငြိမ်းအေး၏၊ စိတ်သည်လည်း ငြိမ်းအေး၏၊ ကြံစည်ခြင်း ‘ဝိတက်’ သုံးသပ်ဆင်ခြင် ခြင်း ‘ဝိစာရ’တို့သည်လည်း ငြိမ်းအေးကုန်၏၊ အလုံးစုံသော ဝိဇ္ဇာအဖို့အစု၌ ဖြစ်ကုန်သော တရားတို့သည်လည်း ပွါးများခြင်းပြည့်စုံခြင်းသို့ ရောက်ကုန်၏ဟု (မိန့်တော်မူ၏)။ (၉)

၅၇၂။ ရဟန်းတို့ တစ်ခုသော တရားကို ပွါးများအပ် အဖန်ဖန် အလေ့အလာပြုအပ်သည်ရှိသော် မဖြစ်ပေါ်သေးသော အကုသိုလ်တရားတို့သည်လည်း မဖြစ်ပေါ်ကုန်၊ ဖြစ်ပေါ်ပြီးသော အကုသိုလ်တရားတို့သည်လည်း ဆုတ်ယုတ်ကုန်၏၊ ထို တစ်ခုသော တရားဟူသည် အဘယ်နည်းဟူမူ— ဆံအစရှိသော ရုပ် အပေါင်း၌ ဖြစ်သော အောက်မေ့ခြင်း ကာယဂတာသတိတည်း။ ရဟန်းတို့ ဤတစ်ခုသော တရားကို ပွါးများအပ် အဖန်ဖန် အလေ့အလာပြုအပ်သည်ရှိသော် မဖြစ်ပေါ်သေးသော အကုသိုလ်တရားတို့သည်လည်း မဖြစ်ပေါ်ကုန်၊ ဖြစ်ပေါ်ပြီးသော အကုသိုလ်တရားတို့သည်လည်း ဆုတ်ယုတ်ကုန်၏ဟု (မိန့်တော်မူ၏)။ (၁ဝ)

၅၇၃။ ရဟန်းတို့ တစ်ခုသော တရားကို ပွါးများအပ် အဖန်ဖန် အလေ့အလာပြုအပ်သည်ရှိသော် မဖြစ်ပေါ်သေးသော ကုသိုလ်တရားတို့သည်လည်း ဖြစ်ပေါ်ကုန်၏၊ ဖြစ်ပေါ်ပြီးသော ကုသိုလ်တရားတို့သည်လည်း အဖန်ဖန် ပြန့်ပြောစွာ ဖြစ်ခြင်းငှါ ဖြစ်ကုန်၏။ ထို တစ်ခုသော တရားဟူသည် အဘယ်နည်းဟူမူ— ဆံအစရှိသော ရုပ်အပေါင်း၌ ဖြစ်သော အောက်မေ့ခြင်း ကာယဂတာသတိတည်း။ ရဟန်းတို့ ဤတစ်ခုသော တရားကို ပွါးများအပ် အဖန်ဖန် အလေ့အလာပြုအပ်သည်ရှိသော် မဖြစ်ပေါ်သေးသော ကုသိုလ်တရားတို့သည်လည်း ဖြစ်ပေါ်ကုန်၏၊ ဖြစ်ပေါ်ပြီးသော ကုသိုလ်တရားတို့သည်လည်း အဖန်ဖန် ပြန့်ပြောစွာ ဖြစ်ခြင်းငှါ ဖြစ်ကုန်၏ဟု (မိန့်တော်မူ၏)။ (၁၁)

၅၇၄။ ရဟန်းတို့ တစ်ခုသော တရားကို ပွါးများအပ် အဖန်ဖန် အလေ့အလာပြုအပ်သည်ရှိသော် အဝိဇ္ဇာသည်၁ဝ ကင်းပျောက်၏၊ ဝိဇ္ဇာ၁၁သည် ဖြစ်ပေါ်၏၊ အသ္မိမာန၁၂သည် ကင်းပျောက်၏၊ အနုသယ၁၃တို့သည် အကြွင်းမဲ့ ကင်းကွာခြင်းသို့ ရောက်ကုန်၏၊ သံယောဇဉ်၁၄တို့ ကင်းပျောက်ကုန်၏။ ထို တစ်ခုသော တရားဟူသည် အဘယ်နည်းဟူမူ— ဆံအစရှိသော ရုပ်အပေါင်း၌ ဖြစ်သော အောက်မေ့ခြင်း ကာယဂတာသတိတည်း။ ရဟန်းတို့ ဤတစ်ခုသော တရားကို ပွါးများအပ် အဖန်ဖန် အလေ့အလာ ပြုအပ်သည်ရှိသော် အဝိဇ္ဇာသည် ကင်းပျောက်၏၊ ဝိဇ္ဇာသည် ဖြစ်ပေါ်၏၊ အသ္မိမာနသည် ကင်းပျောက်၏၊ အနုသယတို့သည် အကြွင်းမဲ့ ကင်းကွာခြင်းသို့ ရောက်ကုန်၏။ သံယောဇဉ်တို့သည် ကင်းပျောက်ကုန်၏ဟု (မိန့်တော်မူ၏)။ (၁၂)

၅၇၅—၅၇၆။ ရဟန်းတို့ တစ်ခုသော တရားကို ပွါးများအပ် အဖန်ဖန် အလေ့အလာပြုအပ်သည် ရှိသော် ပညာဖြင့် ခွဲဖောက်သိမြင်ခြင်းသို့ ရောက်ခြင်းငှါ ဖြစ်၏။ အကြောင်းကင်းသော ပရိနိဗ္ဗာန်ကို မျက်မှောက်ပြုခြင်းငှါ ဖြစ်၏။ တစ်ခုသော တရားဟူသည် အဘယ်နည်းဟူမူ— ဆံအစရှိသော ရုပ်အပေါင်း၌ အောက်မေ့ခြင်း ကာယဂတာသတိတည်း။ ရဟန်းတို့ ဤတစ်ခုသော တရားကို ပွါးများအပ် အဖန်ဖန် အလေ့အလာပြုအပ်သည်ရှိသော် ပညာဖြင့် ခွဲဖောက်သိမြင်ခြင်းသို့ ရောက်ခြင်းငှါ ဖြစ်၏။ အကြောင်း ကင်းသော ပရိနိဗ္ဗာန်ကို မျက်မှောက်ပြုခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။ (၁၃—၁၄)

၅၇၇—၅၇၉။ ရဟန်းတို့ တစ်ခုသော တရားကို ပွါးများအပ် အဖန်ဖန် အလေ့အလာပြုအပ်သည် ရှိသော် များစွာသော ဓာတ်၁၅တို့ကို ထိုးထွင်း၍ သိနိုင်၏။ အမျိုးမျိုးသော ဓာတ်၁၆တို့ကို ထိုးထွင်း၍ သိနိုင်၏။ များစွာသော ဓာတ်တို့ကို ခွဲခြမ်း၍၁၇ သိနိုင်၏။ တစ်ခုသော တရားဟူသည် အဘယ်နည်းဟူမူ— ဆံအစရှိသော ရုပ်အပေါင်း၌ အောက်မေ့ခြင်း ကာယဂတာသတိတည်း။ ရဟန်းတို့ ဤတစ်ခုသော တရား ကို ပွါးများအပ် အဖန်ဖန် အလေ့အလာပြုအပ်သည်ရှိသော် များစွာသော ဓာတ်တို့ကို ထိုးထွင်း၍ သိနိုင်၏။ အမျိုးမျိုးသော ဓာတ်တို့ကို ထိုးထွင်း၍ သိနိုင်၏။ များစွာသော ဓာတ်တို့ကို ခွဲခြမ်း၍ သိနိုင်၏ဟု (မိန့်တော်မူ၏)။ (၁၅—၁၇)

၅၈ဝ—၅၈၃။ ရဟန်းတို့ တစ်ခုသော တရားကို ပွါးများအပ် အဖန်ဖန် အလေ့အလာပြုအပ်သည် ရှိသော် သောတာပတ္တိဖိုလ်ကို မျက်မှောက်ပြုခြင်းငှါ ဖြစ်၏။ သကဒါဂါမိဖိုလ်ကို မျက်မှောက်ပြုခြင်းငှါ ဖြစ်၏။ အနာဂါမိဖိုလ်ကို မျက်မှောက်ပြုခြင်းငှါ ဖြစ်၏။ အရဟတ္တဖိုလ်ကို မျက်မှောက်ပြုခြင်းငှါ ဖြစ်၏။ တစ်ခုသော တရားဟူသည် အဘယ်နည်းဟူမူ— ဆံအစရှိသော ရုပ်အပေါင်း၌ အောက်မေ့ခြင်း ကာယဂတာ သတိပင်တည်း။ ရဟန်းတို့ ဤတစ်ခုသော တရားကို ပွါးများအပ် အဖန်ဖန် အလေ့အလာပြုအပ်သည် ရှိသော် သောတာပတ္တိဖိုလ်ကို မျက်မှောက်ပြုခြင်းငှါ ဖြစ်၏။ သကဒါဂါမိဖိုလ်ကို မျက်မှောက်ပြုခြင်းငှါ ဖြစ်၏။ အနာဂါမိဖိုလ်ကို မျက်မှောက်ပြုခြင်းငှါ ဖြစ်၏။ အရဟတ္တဖိုလ်ကို မျက်မှောက်ပြုခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။ (၁၈—၂၁)

၅၈၄—၅၉၉။ ရဟန်းတို့ တစ်ခုသော တရားကို ပွါးများအပ် အဖန်ဖန် အလေ့အလာပြုအပ်သည် ရှိသော် ပညာ၁၈ကို ရခြင်းငှါ ဖြစ်၏။ ပညာ၏ တိုးပွါးခြင်းငှါ ဖြစ်၏။ ပညာ၏ ပြန့်ပြောခြင်းငှါ ဖြစ်၏။ မြတ်သော ပညာအလို့ငှါ ဖြစ်၏။ ကြီးကျယ်သော ပညာအလို့ငှါ ဖြစ်၏။ ပြန့်ပြောသော ပညာအလို့ငှါ ဖြစ်၏။ နက်နဲသော ပညာအလို့ငှါ ဖြစ်၏။ မည်သည့်ပုဂ္ဂိုလ်၏ ပညာနှင့်မျှ မနီးကပ် (မယှဉ်သာ) သော ပညာအလို့ငှါ ဖြစ်၏။ မြေကြီးအထုနှင့် တူသော ပညာအလို့ငှါ ဖြစ်၏။ ပညာ၏ များခြင်းအလို့ငှါ ဖြစ်၏။ လျင်သော ပညာအလို့ငှါ ဖြစ်၏။ ပေါ့ပါးသော ပညာအလို့ငှါ ဖြစ်၏။ ရွှင်သော ပညာအလို့ငှါ ဖြစ်၏။ မြန်သော ပညာအလို့ငှါ ဖြစ်၏။ ထက်သော ပညာအလို့ငှါ ဖြစ်၏။ (ကိလေသာအထုကို) ဖောက်ခွဲနိုင်သော ပညာအလို့ငှါ ဖြစ်၏။ ထို တစ်ခုသော တရားဟူသည် အဘယ်နည်းဟူမူ— ဆံအစရှိသော ရုပ်အပေါင်း ၌ အောက်မေ့ခြင်း ကာယဂတာသတိတည်း။ ရဟန်းတို့ ဤတစ်ခုသော တရားကို ပွါးများအပ် အဖန်ဖန် အလေ့အလာပြုအပ်သည်ရှိသော် ပညာကို ရခြင်းငှါ ဖြစ်၏။ ပညာ၏ တိုးပွါးခြင်းငှါ ဖြစ်၏။ ပညာ၏ ပြန့်ပြောခြင်းငှါ ဖြစ်၏။ မြတ်သော ပညာအလို့ငှါ ဖြစ်၏။ ကြီးကျယ်သော ပညာအလို့ငှါ ဖြစ်၏။ ပြန့်ပြောသော ပညာအလို့ငှါ ဖြစ်၏။ နက်နဲသော ပညာအလို့ငှါ ဖြစ်၏။ မည်သည့်ပုဂ္ဂိုလ်၏ ပညာနှင့်မျှ မနီးကပ် (မယှဉ်သာ) သော ပညာအလို့ငှါ ဖြစ်၏။ မြေကြီးအထုနှင့် တူသော ပညာအလို့ငှါ ဖြစ်၏။ ပညာ၏ များခြင်းအလို့ငှါ ဖြစ်၏။ လျင်သော ပညာအလို့ငှါ ဖြစ်၏။ ပေါ့ပါးသော ပညာအလို့ငှါ ဖြစ်၏။ ရွှင်သော ပညာအလို့ငှါ ဖြစ်၏။ မြန်သော ပညာအလို့ငှါ ဖြစ်၏။ ထက်သော ပညာအလို့ငှါ ဖြစ်၏။ (ကိလေသာအထုကို) ဖောက်ခွဲနိုင်သော ပညာအလို့ငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။ (၂၂—၃၇)

ကာယဂတာသတိဝဂ် ပြီး၏။

၁။ အာပေါကသိုဏ်းစီးဖြန်းသော ဘာဝနာစိတ်နှင့် ဒိဗ္ဗစက္ခုအဘိညာဉ်စိတ်။

၂။ ဝိပဿနာဉာဏ် မနောမယိဒ္ဓိဉာဏ်နှင့် အဘိညာဉ်ခြောက်ပါးအားဖြင့် ဝိဇ္ဇာရှစ်ပါး။

၃။ ဝိပဿနာဉာဏ် မဂ်ဉာဏ်။

၄။ ဖိုလ်ဉာဏ်လေးပါး။

၅။ နိဗ္ဗာန်။

၆။ ဒိဗ္ဗစက္ခုအဘိညာဉ်။

၇။ မဂ်ဉာဏ်။

၈။ မဂ်နှင့်ယှဉ်သော တရား။

၉။ အရဟတ္တဖိုလ်။

၁ဝ။ သစ္စာလေးပါးကို မသိအောင် ဖုံးလွှမ်းသော မောဟမှောင်တိုက်ကို ဆိုသည်။

၁၁။ မောဟမှောင်တိုက်ကို ထွင်းဖောက်သိမြင်နိုင်သော အရဟတ္တဖိုလ်ဉာဏ်ကို ဆိုသည်။

၁၂။ ငါ မြတ်သည် ငါ ယုတ်သည် စသည်ဖြင့် ဖြစ်သော ကိုးမျိုးသော ထောင်လွှားမှုကို ဆိုသည်။

၁၃။ ကာမရာဂစသည် ခုနစ်မျိုးသော အခြေခံ အငုတ်ဓာတ်များ။

၁၄။ ကာမရာဂစသည့် ဆယ်မျိုးသော အနှောင်အဖွဲ့ ဓာတ်များ။

၁၅။ စက္ခုစသော ၁၈—ပါးသောဓာတ်တို့၏ လက္ခဏာကိုသိခြင်း။

၁၆။ ယင်းတစ်ဆယ့်ရှစ်ပါးသော ဓာတ်တို့၏ အမျိုးမျိုးသော လက္ခဏာကို သိခြင်း။

၁၇။ ဤဓာတ် ပြန့်ပြောလျှင် ဤအကျိုး ဖြစ်၏ဟု ခွဲခြမ်း၍ သိခြင်း။

၁၈။ ဤမှစ၍ ၁၅—သုတ်တို့၌ လာသော ပညာဟူသည် မဂ်ဉာဏ် ဖိုလ်ဉာဏ် ပဋိသမ္ဘိဒါဉာဏ် စသည်ကို ဆိုသည်။