အင်္ဂုတ္တရနိကာယ်

၁၈-အပရအစ္ဆရာသင်္ဃာတဝဂ်

၃၈၂။ ရဟန်းတို့ ရဟန်းသည် လက်ဖျစ်တစ်တီးကာလမျှလည်း အကယ်၍ ပဌမဈာန်ကို ပွါးများငြားအံ့၊ ရဟန်းတို့ ဤရဟန်းကို ဈာန်မှ ဆိတ်သုဉ်းခြင်း မရှိမူ၍ နေသော ရဟန်းဟူ၍ လည်းကောင်း၊ မြတ်စွာဘုရား၏ သွန်သင်မှုကို လိုက်နာ၍နေသော ရဟန်းဟူ၍လည်းကောင်း၊ မြတ်စွာဘုရား၏ အဆုံးအမကို လိုက်နာ၍ နေသော ရဟန်းဟူ၍လည်းကောင်း၊ ပြည်သူတို့ ဆွမ်းကို အချည်းနှီး မဖြစ်စေမူ၍ စားသုံးသော ရဟန်းဟူ၍လည်းကောင်း ဆိုထိုက်၏၊ ထို ဈာန်ကို အဖန်ဖန် အလေ့အလာပြုကုန်သော ရဟန်းတို့၌ကား အဘယ်ဆိုဖွယ်ရာ ရှိပါတော့အံ့နည်းဟု (မိန့်တော်မူ၏)။ (၁)

၃၈၃—၃၈၉။ ရဟန်းတို့ ရဟန်းသည် လက်ဖျစ်တစ်တီးကာလမျှလည်း ဒုတိယဈာန်ကို ပွါးများငြားအံ့။ပ။ တတိယဈာန်ကို ပွါးများငြားအံ့။ပ။ စတုတ္ထဈာန်ကို ပွါးများငြားအံ့။ပ။ ပျက်စီးစေလိုခြင်း ‘ဗျာပါဒ’မှ စိတ်၏ လွတ်မြောက်ကြောင်းဖြစ်သော စေတောဝိမုတ္တိမေတ္တာကို ပွါးများငြားအံ့။ပ။ ညှဉ်းဆဲလိုခြင်း ‘ဝိဟိံသ’မှ စိတ်၏ လွတ်မြောက်ကြောင်းဖြစ်သော စေတောဝိမုတ္တိကရုဏာကို ပွါးများငြားအံ့။ပ။ မမွေ့လျော်ခြင်း ‘အရတိ’မှ စိတ်၏ လွတ်မြောက်ကြောင်းဖြစ်သော စေတောဝိမုတ္တိမုဒိတာကို ပွါးများငြားအံ့။ပ။ တပ်မက်ခြင်း’ရာဂ’ မှ လွတ်မြောက်ကြောင်းဖြစ်သော စေတောဝိမုတ္တိဥပေက္ခာကို ပွါးများငြားအံ့။ပ။ (၂—၈)

၃၉ဝ—၃၉၃။ ပြင်းစွာ အားထုတ်အပ်သော လုံ့လရှိသည်ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ’ ရှိလျက် လောက၌ အဘိဇ္ဈာ ဒေါမနဿတို့ကို ပယ်ဖျောက်၍ ရုပ်အပေါင်း၌ ရုပ်အပေါင်းဟု အဖန်ဖန်ရှုလျက် နေငြားအံ့။ပ။ ဝေဒနာတို့၌ ဝေဒနာဟု အဖန်ဖန်ရှုလျက် နေငြားအံ့။ပ။ စိတ်၌ စိတ်ဟု အဖန်ဖန်ရှုလျက် နေငြားအံ့။ပ။ ပြင်းစွာအားထုတ်အပ်သော လုံ့လရှိသည်ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’့အောက်မေ့မှု ‘သတိ’ ရှိလျက် လောက၌ အဘိဇ္ဈာ ဒေါမနဿကို ပယ်ဖျောက်၍ သဘောတရားတို့၌ သဘောတရားဟု အဖန်ဖန် ရှုလျက် နေငြားအံ့။ (၉—၁၂)

၃၉၄—၃၉၇။ မဖြစ်ပေါ်သေးသော ယုတ်ညံ့သော အကုသိုလ်တရားတို့ကို မဖြစ်ပေါ်စေရန် ပြုလို သော ဆန္ဒကို ဖြစ်စေငြားအံ့၊ လုံ့လပြုငြားအံ့၊ ဝီရိယကို အားထုတ်ငြားအံ့၊ စိတ်ကို မြှင့်တင်ငြားအံ့။ အားစိုက်ငြားအံ့။ ဖြစ်ပေါ်ပြီးသော ယုတ်ညံ့သော အကုသိုလ်တရားတို့ကို ပယ်ဖျောက်ရန် ပြုလိုသော ဆန္ဒ ကို ဖြစ်စေငြားအံ့၊ လုံ့လပြုငြားအံ့၊ ဝီရိယကို အားထုတ်ငြားအံ့၊ စိတ်ကို မြှင့်တင်ငြားအံ့၊ အားစိုက်ငြားအံ့။ မဖြစ်ပေါ်သေးသော ကုသိုလ်တရားတို့ကို ဖြစ်ပေါ်စေရန် ပြုလိုသော ဆန္ဒကို ဖြစ်စေငြားအံ့၊ လုံ့လပြုငြားအံ့၊ ဝီရိယကို အားထုတ်ငြားအံ့၊ စိတ်ကို မြှင့်တင်ငြားအံ့၊ အားစိုက်ငြားအံ့။ ဖြစ်ပေါ်ပြီးသော ကုသိုလ်တရားတို့ကို တည်တံ့စေရန် မပျောက်ပျက်စေရန် အဖန်ဖန်ဖြစ်စေရန် ပြန့်ပြောစွာဖြစ်စေရန် ပွါးများစေရန် ပြည့်စုံစေရန် ပြုလိုသော ဆန္ဒကို ဖြစ်စေငြားအံ့၊ လုံ့လပြုငြားအံ့၊ ဝီရိယကို အားထုတ်ငြားအံ့၊ စိတ်ကို မြှင့်တင်ငြားအံ့၊ အားစိုက်ငြားအံ့။ (၁၃—၁၆)

၃၉၈—၄ဝ၁။ ဆန္ဒကို မှီ၍ ဖြစ်သော သမာဓိနှင့်လည်းကောင်း၊ သမ္မပ္ပဓာန်ဝီရိယနှင့်လည်းကောင်း ပြည့်စုံသော ဣဒ္ဓိပါဒ်ကို ပွါးများငြားအံ့။ ဝီရိယကို မှီ၍ ဖြစ်သော သမာဓိနှင့်လည်းကောင်း၊ သမ္မပ္ပဓာန် ဝီရိယနှင့်လည်းကောင်း ပြည့်စုံသော ဣဒ္ဓိပါဒ်ကို ပွါးများငြားအံ့။ စိတ်ကို မှီ၍ ဖြစ်သော သမာဓိနှင့်လည်းကောင်း၊ သမ္မပ္ပဓာန်ဝီရိယနှင့်လည်းကောင်း ပြည့်စုံသော ဣဒ္ဓိပါဒ်ကို ပွါးများငြားအံ့။ ပညာကို မှီ၍ ဖြစ်သော သမာဓိနှင့်လည်းကောင်း၊ သမ္မပ္ပဓာန်ဝီရိယနှင့်လည်းကောင်း ပြည့်စုံသော ဣဒ္ဓိပါဒ်ကို ပွါးများငြားအံ့။ (၁၇—၂ဝ)

၄ဝ၂—၄ဝ၆။ သဒ္ဓိန္ဒြေကို ပွါးများငြားအံ့။ ဝီရိယိန္ဒြေကို ပွါးများငြားအံ့။ သတိန္ဒြေကို ပွါးများငြားအံ့။ သမာဓိန္ဒြေကို ပွါးများငြားအံ့။ ပညိန္ဒြေကို ပွါးများငြားအံ့။ (၂၁—၂၅)

၄ဝ၇—၄၁၁။ သဒ္ဓါဗိုလ်ကို ပွါးများငြားအံ့၊ ဝီရိယဗိုလ်ကို ပွါးများငြားအံ့၊ သတိဗိုလ်ကို ပွါးများငြားအံ့၊ သမာဓိဗိုလ်ကို ပွါးများငြားအံ့၊ ပညာဗိုလ်ကို ပွါးများငြားအံ့။ (၂၆—၃ဝ)

၄၁၂—၄၁၈။ သတိသမ္ဗောဇ္ဈင်ကို ပွါးများငြားအံ့။ ဓမ္မဝိစယသမ္ဗောဇ္ဈင်ကို ပွါးများငြားအံ့။ ဝီရိယ သမ္ဗောဇ္ဈင်ကို ပွါးများငြားအံ့။ ပီတိသမ္ဗောဇ္ဈင်ကို ပွါးများငြားအံ့။ ပဿဒ္ဓိသမ္ဗောဇ္ဈင်ကို ပွါးများငြားအံ့။ သမာဓိသမ္ဗောဇ္ဈင်ကို ပွါးများငြားအံ့။ ဥပေက္ခာသမ္ဗောဇ္ဈင်ကို ပွါးများငြားအံ့။ (၃၁—၃၇)

၄၁၉—၄၂၆။ သမ္မာဒိဋ္ဌိမဂ္ဂင်ကို ပွါးများငြားအံ့။ သမ္မာသင်္ကပ္ပမဂ္ဂင်ကို ပွါးများငြားအံ့။ သမ္မာဝါစာ မဂ္ဂင်ကို ပွါးများငြားအံ့။ သမ္မာကမ္မ န္တမဂ္ဂင်ကို ပွါးများငြားအံ့။ သမ္မာအာဇီဝမဂ္ဂင်ကို ပွါးများငြားအံ့။ သမ္မာဝါယာမမဂ္ဂင်ကို ပွါးများငြားအံ့။ သမ္မာသတိမဂ္ဂင်ကို ပွါးများငြားအံ့။ သမ္မာသမာဓိမဂ္ဂင်ကို ပွါးများငြားအံ့။ (၃၈—၄၅)

၄၂၇—၄၃၄။ မိမိသန္တာန်၌ဖြစ်သော ရုပ်တို့ကို ရှုမှတ်ခြင်းသညာရှိသည် ဖြစ်၍ အပသန္တာန်၌ဖြစ်ကုန်သော သေးငယ်ကုန်သော ကောင်းသောအဆင်း မကောင်းသောအဆင်းဟု ဆိုအပ်သော ရုပ်တို့ကို ရှုငြားအံ့၊ ထို ရုပ်တို့ကို လွှမ်းမိုး၍ “သိအံ့ မြင်အံ့”ဟု အကယ်၍ အမှတ်သညာရှိသည် ဖြစ်ငြားအံ့။ မိမိသန္တာန်၌ဖြစ်ကုန်သော ရုပ်တို့ကို ရှုမှတ်ခြင်းသညာရှိသည်ဖြစ်၍ အပသန္တာန်၌ဖြစ်ကုန်သော အတိုင်း အရှည်မရှိ ကြီးမားကုန်သော ကောင်းသောအဆင်း မကောင်းသောအဆင်းဟု ဆိုအပ်ကုန်သော ရုပ်တို့ကို ရှုငြားအံ့၊ ထို ရုပ်တို့ကို လွှမ်းမိုး၍ “သိအံ့ မြင်အံ့”ဟု အကယ်၍ အမှတ်သညာရှိသည် ဖြစ်ငြားအံ့။ မိမိ သန္တာန်၌ဖြစ်ကုန်သော ရုပ်တို့ကို ရှုမှတ်ခြင်း သညာမရှိသည်ဖြစ်၍ အပသန္တာန်၌ဖြစ်ကုန်သော သေးငယ် သော ကောင်းသောအဆင်း မကောင်းသောအဆင်းဟု ဆိုအပ်ကုန်သော ရုပ်တို့ကို ရှုငြားအံ့၊ ထို ရုပ်တို့ကို လွှမ်းမိုး၍ “သိအံ့ မြင်အံ့”ဟု အကယ်၍ အမှတ်သညာရှိသည် ဖြစ်ငြားအံ့။ မိမိသန္တာန်၌ဖြစ်ကုန်သော ရုပ်တို့ကို ရှုမှတ်ခြင်းသညာမရှိသည် ဖြစ်၍ အပသန္တာန်၌ဖြစ်ကုန်သော အတိုင်းအရှည်မရှိ ကြီးမား့ကုန်သော ကောင်းသောအဆင်း မကောင်းသောအဆင်းဟု ဆိုအပ်ကုန်သော ကသိုဏ်းရုပ်တို့ကို ရှုငြားအံ့၊ ထို ရုပ်တို့ကို လွှမ်းမိုး၍ “သိအံ့ မြင်အံ့”ဟု အကယ်၍ အမှတ်သညာရှိသည် ဖြစ်ငြားအံ့။ မိမိသန္တာန်၌ ဖြစ်ကုန်သော ရုပ်တို့ကို ရှုမှတ်ခြင်းသညာ မရှိသည် ဖြစ်၍ အပသန္တာန်၌ဖြစ်ကုန်သော ညိုကုန်သော ညိုသောအဆင်းရှိကုန်သော တခဲနက်ညိုကုန်သော အညိုရောင်ရှိကုန်သော ရုပ်တို့ကို ရှုငြားအံ့၊ ထို ရုပ်တို့ ကို လွှမ်းမိုး၍ “သိအံ့ မြင်အံ့”ဟု အကယ်၍ အမှတ်သညာရှိသည် ဖြစ်ငြားအံ့။ မိမိသန္တာန်၌ဖြစ်ကုန်သော ရုပ်တို့ကို ရှုမှတ်ခြင်းသညာမရှိသည်ဖြစ်၍ အပသန္တာန်၌ဖြစ်ကုန်သော ဝါရွှေကုန်သော ဝါရွှေသော အဆင်း ရှိကုန်သော တခဲနက်ဝါရွှေကုန်သော ဝါရွှေသော အရောင်ရှိကုန်သော ရုပ်တို့ကို ရှုငြားအံ့၊ ထို ရုပ်တို့ လွှမ်းမိုး၍ “သိအံ့ မြင်အံ့”ဟု အကယ်၍ အမှတ်သညာရှိသည် ဖြစ်ငြားအံ့။ မိမိသန္တာန်၌ ဖြစ်ကုန်သော ရုပ်တို့ကို ရှုမှတ်ခြင်းသညာ မရှိသည်ဖြစ်၍ အပသန္တာန်၌ဖြစ်ကုန်သော နီကုန်သော နီသော အဆင်းရှိ ကုန်သော တခဲနက်နီကုန်သော အနီရောင်ရှိကုန်သော ရုပ်တို့ကို ရှုငြားအံ့၊ ထို ရုပ်တို့ကို လွှမ်းမိုး၍ “သိအံ့ မြင်အံ့”ဟု အကယ်၍ အမှတ်သညာရှိသည် ဖြစ်ငြားအံ့။ မိမိသန္တာန်၌ဖြစ်ကုန်သော ရုပ်တို့ကို ရှုမှတ်ခြင်း သညာ မရှိသည်ဖြစ်၍ အပသန္တာန်၌ဖြစ်ကုန်သော ဖြူကုန်သော ဖြူသောအဆင်းရှိကုန်သော တခဲနက် ဖြူကုန်သော အဖြူရောင်ရှိကုန်သော ရုပ်တို့ကို ရှုငြားအံ့၊ ထို ရုပ်တို့ကို လွှမ်းမိုး၍ “သိအံ့ မြင်အံ့”ဟု အကယ်၍ အမှတ်သညာရှိသည် ဖြစ်ငြားအံ့။ (၄၆—၅၃)

၄၃၅—၄၄၂။ ရူပဈာန်ရှိသော ပုဂ္ဂိုလ်သည် ရုပ်တို့ကို ရှုငြားအံ့။ အဇ္ဈတ္တသန္တာန်၌ဖြစ်ကုန်သော ရုပ်တို့ကို ရှုမှတ်ခြင်းသညာမရှိမူ၍ အပသန္တာန်၌ ဖြစ်ကုန်သော ရုပ်တို့ကို ရှုငြားအံ့။ “တင့်တယ်၏”ဟူ၍သာလျှင် နှလုံးသွင်းငြားအံ့။ ရူပါဝစရဈာန်နှင့်စပ်လျဉ်းသော ရှုမှတ်ခြင်း ရူပသညာတို့ကို အလုံးစုံ သော အခြင်းအရာဖြင့် လွန်မြောက်ခြင်းကြောင့် ဝတ္ထုအာရုံတို့၏ ထိခိုက်ခြင်းကြောင့်ဖြစ်သော ပဋိဃသညာ တို့၏ ချုပ်ခြင်းကြောင့် အမျိုးမျိုးသော အာရုံ၌ ဖြစ်သော အမှတ်သညာတို့ကို နှလုံးမသွင်းခြင်းကြောင့် “ကောင်းကင်ပညတ်သည် အဆုံးအပိုင်းအခြားမရှိ”ဟု စီးဖြန်းပြီးလျှင် အာကာသာနဉ္စာယတန ဈာန်သို့ ရောက်၍ နေငြားအံ့။ အာကာသာနဉ္စာယတန ဈာန်ကို လွန်မြောက်၍ “ပဌမာရုပ္ပဝိညာဏ်သည် အပိုင်းအခြားမရှိ”ဟု စီးဖြန်းပြီးလျှင် ဝိညာဏဉ္စာယတနဈာန်သို့ ရောက်၍ နေငြားအံ့။ ဝိညာဏဉ္စာယတန ဈာန်ကို အလုံးစုံသော အခြင်းအရာဖြင့် လွန်မြောက်၍ “ပဌမာရုပ္ပ ဝိညာဏ်သည် တစ်စုံတစ်ခုမျှ မရှိ”ဟု စီးဖြန်းပြီးလျှင် အာကိဉ္စညာယတနဈာန်သို့ ရောက်၍ နေငြားအံ့။ အာကိဉ္စညာယတနဈာန်ကို အလုံးစုံ သော အခြင်းအရာဖြင့် လွန်မြောက်၍ နေဝသညာနာသညာယတနဈာန်သို့ ရောက်၍ နေငြားအံ့။ နေဝသညာနာသညာယတနဈာန်ကို အလုံးစုံသော အခြင်းအရာဖြင့် လွန်မြောက်၍ သညာဝေဒနာတို့၏ ချုပ်ခြင်းဟု ဆိုအပ်သော နိရောဓသမာပတ်သို့ ရောက်၍ နေငြားအံ့။ (၅၄—၆၁)

၄၄၃—၄၅၂။ ပထဝီကသိုဏ်းလျှင် အာရုံရှိသော ဈာန်ကို ပွါးများငြားအံ့။ အာပေါ။ တေဇော။ ဝါယော။ နီလ။ ပီတ။ လောဟိတ။ သြဒါတ။ အာကာသ။ ဝိညာဏကသိုဏ်းလျှင် အာရုံရှိသောဈာန်ကို ပွါးများငြားအံ့။ (၆၂—၇၁)

၄၅၃—၄၆၂။ မတင့်တယ်သော အာရုံ၌ ဖြစ်သော အသုဘသညာကို ပွါးများငြားအံ့။ သေခြင်းကို အာရုံပြု၍ ဖြစ်သော မရဏသညာကို ပွါးများငြားအံ့။ အစာအာဟာရ၌ စက်ဆုပ်ရွံရှာဖွယ်ဟု ဆင်ခြင်သော အာဟာရေပဋိကူလသညာကို ပွါးများငြားအံ့။ လောကအားလုံး၌ မမွေ့လျော်ဖွယ်ဟု ရှုမှတ်သော သဗ္ဗ လောကေအနဘိရတိသညာ ကို ပွါးများငြားအံ့။ ခန္ဓာငါးပါးတို့၌ အမြဲမရှိဟု ရှုမှတ်သော အနိစ္စသညာကို ပွါးများငြားအံ့။ အမြဲမရှိသော ခန္ဓာငါးပါး၌ ဆင်းရဲ၏ဟု ရှုမှတ်သော ဒုက္ခသညာကို ပွါးများငြားအံ့။ ဆင်းရဲသော ခန္ဓာငါးပါး၌ အလိုသို့လိုက်သော အတ္တမဟုတ်ဟု ရှုမှတ်သော အနတ္တသညာကို ပွါးများငြားအံ့။ ကိလေသာပယ်ခြင်းကို အာရုံပြု၍ ဖြစ်သော ပဟာနသညာကို ပွါးများငြားအံ့။ ရာဂကင်းခြင်းကို့အာရုံပြု၍ ဖြစ်သော ဝိရာဂသညာကို ပွါးများငြားအံ့။ သင်္ခါရတို့၏ ချုပ်ငြိမ်းရာ နိဗ္ဗာန်ကို အာရုံပြု၍ ဖြစ်သော နိရောဓသညာကို ပွါးများငြားအံ့။ (၇၂—၈ဝ)

၄၆၃—၄၇၂။ ခန္ဓာငါးပါးတို့၌ အမြဲမရှိဟု ရှုမှတ်သော အနိစ္စသညာကို ပွါးများငြားအံ့။ ခန္ဓာငါးပါး တို့၌ အလိုသို့မလိုက်ဟု ရှုမှတ်သော အနတ္တသညာကို ပွါးများငြားအံ့။ သေခြင်းကို အာရုံပြု၍ ဖြစ်သော မရဏသညာကို ပွါးများငြားအံ့။ အစာအာဟာရ၌ စက်ဆုပ်ရွံရှာဖွယ်ဟု ဆင်ခြင်သော အာဟာရေပဋိကူလ သညာကို ပွါးများငြားအံ့။ လောကအားလုံး၌ မမွေ့လျော်ဖွယ်ဟု ရှုမှတ်သော သဗ္ဗလောကေ အနဘိရတိ သညာကို ပွါးများငြားအံ့။ အရိုးစုကို အာရုံပြု၍ ဖြစ်သော အဋ္ဌိကသညာကို ပွါးများငြားအံ့။ ပိုးလောက် ဖြင့် ပြည့်သည်ဖြစ်၍ စက်ဆုပ်ရွံရှာဖွယ်ကို အာရုံပြု၍ ဖြစ်သော ပုဠဝကသညာကို ပွါးများငြားအံ့။ အဖြူ အနီစသည် ရောလျက် များသောအားဖြင့် ညိုသော အဆင်းရှိသည်ဖြစ်၍ စက်ဆုပ်ရွံရှာဖွယ်ကို အာရုံပြု၍ ဖြစ်သော ဝိနီလကသညာကို ပွါးများငြားအံ့။ အလယ်၌ နှစ်ပိုင်းပြတ်လျက် စက်ဆုပ်ရွံရှာဖွယ်ကို အာရုံပြု၍ ဖြစ်သော ဝိစ္ဆိဒ္ဒကသညာကို ပွါးများငြားအံ့။ သေသည်မှ အထက် နောက်ကာလ၌ လေဖြင့်ပြည့်သော သားရေအိတ်ကဲ့သို့ ဖူးဖူးရောင်၍ စက်ဆုပ်ရွံရှာဖွယ်ကို အာရုံပြု၍ဖြစ်သော ဥဒ္ဓုမာတကသညာကို ပွါးများငြားအံ့။ (၈၂—၉၁)

၄၇၃—၄၈၂။ ဘုရားဂုဏ်တော်ကို အာရုံပြု၍ အဖန်တလဲလဲ အောက်မေ့ခြင်း ဗုဒ္ဓါနုဿတိကို ပွါးများငြားအံ့။ တရားဂုဏ်တော်ကို အာရုံပြု၍ အဖန်တလဲလဲ အောက်မေ့ခြင်း ဓမ္မာနုဿတိကို ပွါးများငြားအံ့။ သံဃာဂုဏ်တော်ကို အာရုံပြု၍ အဖန်တလဲလဲ အောက်မေ့ခြင်း သံဃာနုဿတိကို ပွါးများငြားအံ့။ မိမိ သီလဂုဏ်ကို အဖန်တလဲလဲ အောက်မေ့ခြင်း သီလာနုဿတိကို ပွါးများငြားအံ့။ စွန့်ကြဲခြင်းဂုဏ်ကို အဖန် တလဲလဲ အောက်မေ့ခြင်း စာဂါနုဿတိကို ပွါးများငြားအံ့။ နတ်တို့၏ သဒ္ဓါစသော ဂုဏ်နှင့် တူသော မိမိ၏ သဒ္ဓါစသော ဂုဏ်ကို အဖန်တလဲလဲ အောက်မေ့ခြင်း ဒေဝတာနုဿတိကို ပွါးများငြားအံ့။ ထွက် သက် ဝင်သက်လေကို အဖန်တလဲလဲ အောက်မေ့ခြင်း အာနာပါနဿတိကို ပွါးများငြားအံ့။ သေခြင်းကို အဖန်တလဲလဲ အောက်မေ့ခြင်း မရဏဿတိကို ပွါးများငြားအံ့။ ဆံစသော ရုပ်အပေါင်း၌ အဖန်တလဲလဲ အောက်မေ့ခြင်း ကာယဂတာသတိကို ပွါးများငြားအံ့။ နိဗ္ဗာန်ကို အဖန်တလဲလဲ အောက်မေ့ခြင်း ဥပသမာ နုဿတိကို ပွါးများငြားအံ့။ (၉၂—၁ဝ၁)

၄၈၃—၄၉၂။ ပဌမဈာန်နှင့်တကွဖြစ်သော သဒ္ဓိန္ဒြေကို ပွါးများငြားအံ့။ ဝီရိယိန္ဒြေကို ပွါးများငြားအံ့။ သတိန္ဒြေကို ပွါးများငြားအံ့။ သမာဓိန္ဒြေကို ပွါးများငြားအံ့။ ပညိန္ဒြေကို ပွါးများငြားအံ့။ သဒ္ဓါဗိုလ်ကို ပွါးများငြားအံ့။ ဝီရိယဗိုလ်ကို ပွါးများငြားအံ့။ သတိဗိုလ်ကို ပွါးများငြားအံ့။ သမာဓိဗိုလ်ကို ပွါးများငြားအံ့။ ပညာဗိုလ်ကို ပွါးများငြားအံ့။ (၁ဝ၂—၁၁၁)

၄၉၃—၅၆၂။ ဒုတိယဈာန်နှင့်တကွဖြစ်သော။ပ။ တတိယဈာန်နှင့်တကွဖြစ်သော။ပ။ စတုတ္ထဈာန်နှင့် တကွဖြစ်သော။ပ။ မေတ္တာဈာန်နှင့်တကွဖြစ်သော။ပ။ ကရုဏာဈာန်နှင့်တကွဖြစ်သော။ပ။ မုဒိတာဈာန်နှင့် တကွဖြစ်သော။ပ။ ဥပေက္ခာဈာန်နှင့်တကွဖြစ်သော။ပ။ သဒ္ဓိန္ဒြေကို ပွါးများငြားအံ့။ ဝီရိယိန္ဒြေကို ပွါးများငြားအံ့။ သတိန္ဒြေကို ပွါးများငြားအံ့။ သမာဓိန္ဒြေကို ပွါးများငြားအံ့။ ပညိန္ဒြေကို ပွါးများငြားအံ့။ သဒ္ဓါဗိုလ်ကို ပွါးများငြားအံ့။ ဝီရိယဗိုလ်ကို ပွါးများငြားအံ့။ သတိဗိုလ်ကို ပွါးများငြားအံ့။ သမာဓိဗိုလ်ကို ပွါးများငြားအံ့။ ပညာဗိုလ်ကို ပွါးများငြားအံ့။ ရဟန်းတို့ ဤရဟန်းကို ဈာန်မှ ဆိတ်သုဉ်းခြင်းမရှိမူ၍ နေသော ရဟန်းဟူ၍လည်းကောင်း၊ မြတ်စွာဘုရား၏ သွန်သင်မှုကို လိုက်နာ၍ နေသော ရဟန်းဟူ၍လည်းကောင်း၊ မြတ်စွာဘုရား၏ အဆုံးအမကို လိုက်နာ၍ နေသော ရဟန်းဟူ၍လည်းကောင်း၊ ပြည်သူတို့ ဆွမ်းကို အချည်းနှီးမဖြစ်စေဘဲ စားသုံးသော ရဟန်းဟူ၍လည်းကောင်း ဆိုထိုက်၏။ ထို ဥပေက္ခာဈာန်နှင့် တကွဖြစ်သော ပညာဗိုလ်ကို အဖန်ဖန် အလေ့အလာ ပြုကုန်သော ရဟန်းတို့၌ကား အဘယ်ဆိုဖွယ်ရာ ရှိအံ့နည်းဟု (မိန့်တော်မူ၏)။ (၁၁၂—၁၈၁)

(အပရအစ္ဆရာသင်္ဃာတဝဂ် ပြီး၏။)