အင်္ဂုတ္တရနိကာယ်
၂-အနုဿတိဝဂ်
၄-သုဘူတိသုတ်
၁၄။ ထိုအခါ အသျှင်သုဘူတိသည် သဒ္ဓရဟန်းနှင့်အတူ မြတ်စွာဘုရားအထံသို့ ချဉ်းကပ်၍ ရှိခိုးပြီးလျှင် တစ်ခုသောနေရာ၌ ထိုင်နေ၏၊ တစ်ခုသောနေရာ၌ ထိုင်နေသော အသျှင်သုဘူတိကို မြတ်စွာဘုရားသည် “သုဘူတိ ဤရဟန်းသည် အဘယ်အမည်ရှိသနည်း”ဟု မေးတော်မူ၏။ အသျှင်ဘုရား ဤရဟန်းသည် သဒ္ဓ အမည်ရှိပါ၏၊ သုဒတ္တဥပါသကာ (အနာထပိဏ်သူဌေး)၏ သားဖြစ်၍့ယုံကြည်မှုဖြင့် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ပါ၏ဟု (လျှောက်၏)။
သုဘူတိ အသို့နည်း ယုံကြည်မှုဖြင့် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်သော သုဒတ္တ (အနာထပိဏ်သူဌေး)၏ သား ဤသဒ္ဓရဟန်းသည် သဒ္ဓါတရားရှိသူတို့၏ လက္ခဏာတို့၌ ထင်၏လောဟု (မေးတော်မူ၏)။ မြတ်စွာဘုရား မြတ်စွာဘုရားသည် သဒ္ဓအား သဒ္ဓါတရားရှိသူတို့၏ လက္ခဏာတို့ကို ဟောရာ၏၊ ထိုဟောခြင်း၏ အခါပါတည်း၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရား ထိုဟောခြင်း၏ အခါပါတည်း၊ ယခုအခါ၌ “ဤရဟန်းသည် သဒ္ဓါတရားရှိသူတို့၏ လက္ခဏာတို့၌ ထင်၏၊ သို့မဟုတ် မထင်”ဟု အကျွန်ုပ် သိရပါတော့အံ့ဟု (လျှောက်၏)။
သုဘူတိ ထိုသို့ဖြစ်လျှင် နာလော့၊ ကောင်းစွာ နှလုံးသွင်းလော့၊ ဟောပေအံ့ဟု (မိန့်တော်မူ၏)။
“အသျှင်ဘုရား ကောင်းပါပြီ”ဟု အသျှင်သုဘူတိသည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထား၏၊ မြတ်စွာဘုရားသည် ဤတရားကို ဟောတော်မူ၏ —
သုဘူတိ ဤသာသနာတော်၌ ရဟန်းသည် သီလရှိ၏၊ ပါတိမောက္ခသံဝရသီလကိုစောင့်ထိန်း၍ နေ၏။ အကျင့် ‘အာစာရ’ ကျက်စားရာ’ဂေါစရ’ နှင့် ပြည့်စုံ၏၊ အနည်းငယ်မျှသော အပြစ်တို့၌သော်လည်း ဘေးဟုရှုလေ့ ရှိလျက် သိက္ခာပုဒ်တို့၌ ကောင်းစွာ ဆောက်တည်၍ ကျင့်၏။ သုဘူတိ ယင်းသို့ ရဟန်း၏ သီလရှိသူ ဖြစ်ခြင်း။ပ။ သိက္ခာပုဒ်တို့၌ ကောင်းစွာ ဆောက်တည်၍ ကျင့်ခြင်းဟူသော ဤတရားသည် လည်း သဒ္ဓါတရားရှိသူ၏ သဒ္ဓါတရားရှိပုံလက္ခဏာ ဖြစ်၏။ သုဘူတိ နောက်တစ်မျိုးကား ရဟန်းသည် အကြားအမြင်များ၏၊ အကြားအမြင်ကို ဆောင်၏၊ အကြားအမြင်ကို ဆည်းပူး၏၊ အစ၏ကောင်းခြင်း အလယ်၏ကောင်းခြင်း အဆုံး၏ကောင်းခြင်းရှိ၍ အနက် နှင့်တကွ သဒ္ဒါနှင့်တကွ အလုံးစုံပြည့်စုံ၍ ထက်ဝန်းကျင် စင်ကြယ်သော မြတ်သော အကျင့်ကို ဟော ဖော်ပြတတ်သော သဘောရှိကုန်သော တရားတို့ကို ထိုရဟန်းသည် များစွာ ကြားနာအပ်ကုန်၏၊ ဆောင်ထားအပ်ကုန်၏၊ နှုတ်ဖြင့် လေ့လာအပ်ကုန်၏၊ စိတ်ဖြင့် မှတ်သားအပ်ကုန်၏၊ ဉာဏ်ဖြင့် ထိုးထွင်း၍ သိအပ်ကုန်၏။ သုဘူတိ ယင်းသို့ ရဟန်း၏ အကြားအမြင်များခြင်း။ပ။ ဉာဏ်ဖြင့် ထိုးထွင်း၍ သိခြင်းဟူသော ဤတရားသည်လည်း သဒ္ဓါတရားရှိသူ၏ သဒ္ဓါတရားရှိပုံလက္ခဏာ ဖြစ်၏။ သုဘူတိ နောက်တစ်မျိုးကား ရဟန်းသည် မိတ်ဆွေကောင်းရှိ၏၊ အပေါင်းအဖော်ကောင်းရှိ၏၊ မိတ်ဆွေကောင်း၌ ကိုင်းညွတ်၏၊ သုဘူတိ ယင်းသို့ ရဟန်း၏ မိတ်ဆွေကောင်းရှိခြင်း၊ အပေါင်းအဖော် ကောင်းရှိခြင်း၊ မိတ်ဆွေကောင်း၌ ကိုင်းညွှတ်ခြင်းဟူသော ဤတရားသည်လည်း သဒ္ဓါတရားရှိသူ၏ သဒ္ဓါ တရားရှိပုံလက္ခဏာ ဖြစ်၏။ သုဘူတိ နောက်တစ်မျိုးကား ရဟန်းသည် ဆိုဆုံးမလွယ်၏၊ ဆိုဆုံးမလွယ်ကြောင်းတရားတို့နှင့် ပြည့်စုံ၏ သည်းခံနိုင်၏၊ အဆုံးအမကို ရိုသေစွာ ခံယူလေ့ရှိ၏။ သုဘူတိ ယင်းသို့ ရဟန်း၏ ဆိုဆုံးမ လွယ်သူ ဖြစ်ခြင်း၊ ဆိုဆုံးမလွယ်ကြောင်းတရားတို့နှင့် ပြည့်စုံခြင်း၊ အဆုံးအမကို သည်းခံနိုင်ခြင်း၊ ရိုသေစွာ နာယူလေ့ရှိခြင်းဟူသော ဤတရားသည်လည်း သဒ္ဓါတရားရှိသူ၏ သဒ္ဓါတရားရှိပုံလက္ခဏာ ဖြစ်၏။ သုဘူတိ နောက်တစ်မျိုးကား ရဟန်းသည် သီတင်းသုံးဖော်တို့၏ ကြီးမားကုန် သေးငယ်ကုန်သော အဘယဲ့်သို့ပြုရအံ့နည်းဟု မေးမြန်း၍ ပြုအပ်ကုန်သော ပြုဖွယ်ကိစ္စတို့၌ လိမ္မာသူဖြစ်၏၊ ပျင်းရိမှု မရှိ၊ ထိုထို ပြုဖွယ်ကိစ္စတို့၌ အကြောင်းဥပါယ်ကို စုံစမ်းသော ဉာဏ်နှင့် ပြည့်စုံ၏၊ ပြုလုပ်ရန် စွမ်း နိုင်၏၊ စီရင်ရန် စွမ်းနိုင်၏။ သုဘူတိ ယင်းသို့ ရဟန်း၏ ကြီးမားကုန်သေးငယ်ကုန်ကုန်သော အဘယဲ့်သို့ပြုရအံ့နည်းဟု မေးမြန်း၍ ပြုအပ်ကုန်သော သီတင်းသုံးဖော်တို့၏ ပြုဖွယ်ကိစ္စတို့၌ လိမ္မာသူဖြစ်ခြင်း၊ ပျင်းရိမှုမရှိခြင်း၊ ထိုထို ပြုဖွယ်ကိစ္စ၌ အကြောင်းဥပါယ်ကို စုံစမ်းသောဉာဏ်နှင့် ပြည့်စုံခြင်း၊ ပြုလုပ်ရန် စွမ်းနိုင်ခြင်း စီရင်ရန် စွမ်းနိုင်ခြင်းဟူသော ဤတရားသည်လည်း သဒ္ဓါတရားရှိသူ၏ သဒ္ဓါတရားရှိပုံ့လက္ခဏာ ဖြစ်၏။ သုဘူတိ နောက်တစ်မျိုးကား ရဟန်းသည် တရားကို လိုလားသူဖြစ်၏၊ ချစ်ဖွယ်ကို ပြောဆို တတ်၏၊ လွန်မြတ်သော သုတ် အဘိဓမ္မာ ဝိနည်း၌ မွန်မြတ်သော ဝမ်းမြောက်မှုရှိ၏။ သုဘူတိ ယင်းသို့ ရဟန်း၏ တရားကို လိုလားသူဖြစ်ခြင်း၊ ချစ်ဖွယ်ကို ပြောဆိုတတ်ခြင်း၊ လွန်မြတ်သော သုတ် အဘိဓမ္မာ ဝိနည်း၌ မွန်မြတ်သော (နှစ်သက်) ဝမ်းမြောက်မှုရှိခြင်းဟူသော ဤတရားသည်လည်း သဒ္ဓါတရားရှိသူ၏ သဒ္ဓါတရားရှိပုံ လက္ခဏာ ဖြစ်၏။ သုဘူတိ နောက်တစ်မျိုးကား ရဟန်းသည် အကုသိုလ်တရားတို့ကို ပယ်ရန် ကုသိုလ်တရားတို့ကို ပြည့်စုံစေရန် ထက်သန်သော လုံ့လရှိသည်ဖြစ်၍ နေ၏၊ အားအစွမ်းရှိ၏၊ မြဲမြံသော လုံ့လရှိ၏၊ ကုသိုလ် တရားတို့၌ တာဝန်ကို ပစ်ချထားခြင်းမရှိ။ သုဘူတိ ယင်းသို့ ရဟန်း၏ အကုသိုလ်တရားတို့ကို ပယ်ရန် ကုသိုလ်တရားတို့ကို ပြည့်စုံစေရန် ထက်သန်သော လုံ့လရှိသည်ဖြစ်၍ နေခြင်း၊ အားအစွမ်းရှိခြင်း၊ မြဲမြံသော လုံ့လရှိခြင်း၊ ကုသိုလ်တရားတို့၌ တာဝန်ကို ပစ်ချမထားခြင်းဟူသော ဤတရားသည်လည်း သဒ္ဓါတရားရှိသူ၏ သဒ္ဓါတရားရှိပုံ လက္ခဏာ ဖြစ်၏။ သုဘူတိ နောက်တစ်မျိုးကား ရဟန်းသည် လွန်ကဲသော စိတ်၌ ဖြစ်ကုန်သော မျက်မှောက်ဘဝ၌ ချမ်းသာစွာ နေကြောင်းဖြစ်ကုန်သော ဈာန်လေးပါးတို့ကို အလိုရှိတိုင်း ရ၏၊ မငြိုမငြင်ရ၏၊ မပင်မပန်းပဲ ရ၏။ သုဘူတိ ယင်းသို့ ရဟန်း၏ လွန်ကဲသော စိတ်၌ ဖြစ်ကုန်သော မျက်မှောက်ဘဝ၌ ချမ်းသာစွာ နေကြောင်း ဖြစ်ကုန်သော ဈာန်လေးပါးတို့ကို အလိုရှိတိုင်းရခြင်း၊ မငြိုငြင်ရခြင်း၊ မပင်မပန်းရခြင်းဟူသော ဤတရားသည်လည်း သဒ္ဓါတရားရှိသူ၏ သဒ္ဓါတရားရှိပုံလက္ခဏာ ဖြစ်၏။ သုဘူတိ နောက်တစ်မျိုးကား ရဟန်းသည် များပြားသော ရှေး၌နေဖူးသော ခန္ဓာအစဉ်ကို အောက်မေ့နိုင်၏၊ ဤသည်တို့ကား အဘယ်နည်း။ တစ်ဘဝကိုလည်းကောင်း၊ နှစ်ဘဝတို့ကိုလည်းကောင်း၊ သုံးဘဝတို့ကိုလည်းကောင်း၊ လေးဘဝတို့ကိုလည်းကောင်း၊ ငါးဘဝတို့ကိုလည်းကောင်း၊ ဆယ်ဘဝတို့ကို လည်းကောင်း၊ ဘဝနှစ်ဆယ်တို့ကိုလည်းကောင်း၊ ဘဝသုံးဆယ်တို့ကိုလည်းကောင်း၊ ဘဝလေးဆယ်တို့ကို လည်းကောင်း၊ ဘဝငါးဆယ်တို့ကိုလည်းကောင်း၊ ဘဝတစ်ရာကိုလည်းကောင်း၊ ဘဝတစ်ထောင်ကိုလည်းကောင်း၊ ဘဝတစ်သိန်းကိုလည်းကောင်း၊ များပြားသော ပျက်ကပ်တို့ကိုလည်းကောင်း၊ များပြားသော ဖြစ်ကပ်တို့ကိုလည်းကောင်း၊ များပြားသော ပျက်ကပ် ဖြစ်ကပ်တို့ကိုလည်းကောင်း ဤမည်သောဘဝ၌ “(ငါသည်) ဤသို့သော အမည် ဤသို့သော အနွယ် ဤသို့သော အဆင်း ဤသို့သော အစာ ဤသို့သော ချမ်းသာဆင်းရဲခံစားခြင်း ဤသို့သော အသက်အပိုင်းအခြား ရှိခဲ့၏၊ ထို (ငါသည်) ထိုဘဝမှ သေခဲ့၍ ဤမည်သော ဘဝ၌ ဖြစ်ပြန်၏၊ ထိုဘဝ၌လည်း ဤသို့သော အမည် ဤသို့သော အနွယ် ဤသို့သော အဆင်း ဤသို့သော အစာ ဤသို့သော ချမ်းသာဆင်းရဲခံစားခြင်း ဤသို့သော အသက်အပိုင်းအခြား ရှိခဲ့၏၊ (ထိုငါသည်) ထိုဘဝမှ သေခဲ့၍ ဤဘဝ၌ ဖြစ်ပြန်၏”ဟု ဤသို့ အခြင်းအရာ (အဖြစ်သနစ်)နှင့် တကွ ညွှန်ပြဖွယ် (အမည်အနွယ်) နှင့် တကွ များပြားသော ရှေး၌နေဖူးသော ခန္ဓာအစဉ်ကို အောက်မေ့ နိုင်၏၊ သုဘူတိ ယင်းသို့ ရဟန်း၏ တစ်ပါးမကများစွာသော ရှေး၌နေဖူးသော ခန္ဓာအစဉ်ကို အောက်မေ့ နိုင်ခြင်း။ပ။ သည်လည်း သဒ္ဓါတရားရှိသူ၏ သဒ္ဓါတရားရှိပုံလက္ခဏာ ဖြစ်၏။ သုဘူတိ နောက်တစ်မျိုးကား ရဟန်းသည် အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်စိအမြင် ထက် သာလွန်သော နတ်မျက်စိနှင့်တူသော ‘ဒိဗ္ဗစက္ခု’မျက်စိဖြင့် သေဆဲသတ္တဝါ ဖြစ်ဆဲသတ္တဝါ ယုတ်သော သတ္တဝါ မြတ်သော သတ္တဝါ အဆင်းလှသော သတ္တဝါ အဆင်းမလှသော သတ္တဝါ ကောင်းသော လားရာရှိသော သတ္တဝါ မကောင်းသော လားရာရှိသော သတ္တဝါတို့ကို မြင်နိုင်၏။ “အချင်းတို့ ဤ သတ္တဝါတို့သည် ကိုယ်ဖြင့် ပြုသော မကောင်းသော အကျင့် ‘ကာယဒုစရိုက်’၊ နှုတ်ဖြင့် ပြုသော မကောင်းသော အကျင့် ‘ဝစီဒုစရိုက်’၊ စိတ်ဖြင့် ပြုသော မကောင်းသော အကျင့် ‘မနောဒုစရိုက်’တို့နှင့် ပြည့်စုံကုန်၏။ အရိယာတို့ကို စွပ်စွဲကုန်၏၊ မှားသောအယူ ရှိကုန်၏။ မှားသော အယူဖြင့် ပြုသော ကံရှိကုန်၏၊ ထို (သတ္တဝါ)တို့သည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသော လားရာ ပျက်စီး၍ ကျရောက်ရာ ငရဲ၌ ဖြစ်ရကုန်၏၊ အချင်းတို့ ဤသတ္တဝါတို့သည်ကား ကိုယ်ဖြင့်ပြုသော ကောင်းသောအကျင့် ‘ကာယသုစရိုက်’၊ နှုတ်ဖြင့်ပြုသော ကောင်းသော အကျင့် ‘ဝစီ သုစရိုက်’၊ စိတ်ဖြင့်ပြုသော ကောင်းသောအကျင့် ‘မနောသုစရိုက်’တို့နှင့် ပြည့်စုံကုန်၏။ အရိယာတို့ကို မစွပ်စွဲကုန်၊ မှန်သော အယူရှိကုန်၏၊ မှန်သော အယူဖြင့် ပြုသောကံရှိကုန်၏။ ထို (သတ္တဝါ)တို့သည် ခန္ဓာကိုယ်ပျက်စီး၍ သေသည်မှနောက်၌ ကောင်းသော လားရာ နတ်ပြည်၌ ဖြစ်ရကုန်၏”ဟု ကံအား လျော်စွာဖြစ်သော သတ္တဝါတို့ကို သိ၏။ ဤသို့လျှင် အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်စိအမြင် ထက် သာလွန်သော နတ်မျက်စိနှင့်တူသော ‘ဒိဗ္ဗစက္ခု’မျက်စိဖြင့် သေဆဲသတ္တဝါ ဖြစ်ဆဲသတ္တဝါ ယုတ်သော သတ္တဝါ မြတ်သောသတ္တဝါ အဆင်းလှသောသတ္တဝါ အဆင်းမလှသောသတ္တဝါ ကောင်းသော လားရာရှိသော သတ္တဝါ မကောင်းသော လားရာရှိသော သတ္တဝါတို့ကို မြင်နိုင်၏၊ ကံအားလျော်စွာဖြစ်သော သတ္တဝါတို့ကို သိနိုင်၏၊ သုဘူတိ ယင်းသို့ ရဟန်း၏ အထူးသဖြင့် စင်ကြယ်သော ဒိဗ္ဗစက္ခုဖြင့်။ပ။ ကံအားလျော်စွာ ဖြစ်သော သတ္တဝါတို့ကို သိနိုင်ခြင်းသည်လည်း သဒ္ဓါတရားရှိသူ၏ သဒ္ဓါတရားရှိပုံလက္ခဏာ ဖြစ်၏။ သုဘူတိနောက်တစ်မျိုးကား ရဟန်းသည် အာသဝေါတရားတို့၏ ကုန်ခြင်းကြောင့် အာသဝေါကင်းသော လွတ်မြောက်သော ‘အရဟတ္တဖိုလ်’စိတ်နှင့် လွတ်မြောက်သော ‘အရဟတ္တဖိုလ်’ပညာကို မျက်မှောက် ဘဝ၌ပင် ကိုယ်တိုင်ထူးသော ဉာဏ်ဖြင့် သိကာ မျက်မှောက်ပြု၍ နေ၏။ သုဘူတိ ယင်းသို့ ရဟန်း၏ အာသဝေါတရားတို့၏ ကုန်ခြင်းကြောင့်။ပ။ မျက်မှောက်ပြု၍ နေခြင်းဟူသော ဤတရားသည်လည်း သဒ္ဓါ တရားရှိသူ၏ သဒ္ဓါတရားရှိပုံလက္ခဏာ ဖြစ်၏ဟု (မိန့်တော်မူ၏)။
ဤသို့ မိန့်တော်မူလတ်သော် အသျှင်သုဘူတိသည် မြတ်စွာဘုရားအား— အသျှင်ဘုရား မြတ်စွာဘုရား ဟောတော်မူအပ်ကုန်သော သဒ္ဓါတရားရှိသူ၏ သဒ္ဓါတရားရှိပုံလက္ခဏာတို့သည် ဤရဟန်းအား ရှိပါကုန်၏၊ ဤရဟန်းသည်လည်း ထိုလက္ခဏာတို့၌ ထင်ပါ၏၊
အသျှင်ဘုရား ဤရဟန်းသည် သီလရှိပါ၏၊ ပါတိမောက္ခသံဝရသီလကိုစောင့်ထိန်းနေပါ၏၊ အကျင့် ‘အာစာရ’ ကျက်စားရာ’ဂေါစရ’နှင့် ပြည့်စုံပါ၏၊ အနည်းငယ်မျှသော အပြစ်တို့၌သော်လည်း ဘေးဟု ရှုလေ့ ရှိပါ၏၊ သိက္ခာပုဒ်တို့၌ ကောင်းစွာ ဆောက်တည်၍ ကျင့်ပါ၏။ အသျှင်ဘုရား ဤရဟန်းသည် အကြားအမြင် များပါ၏၊ အကြားအမြင်ကို ဆောင်ပါ၏၊ အကြား အမြင်ကို ဆည်းပူးပါ၏၊ အစ၏ကောင်းခြင်း အလယ်၏ကောင်းခြင်း အဆုံး၏ကောင်းခြင်းရှိ၍ အနက်နှင့် တကွ သဒ္ဒါနှင့်တကွ အလုံးစုံပြည့်စုံသော ထက်ဝန်းကျင် စင်ကြယ်သော မြတ်သောအကျင့်ကို ဟောဖော်ပြ တတ်သော သဘောရှိကုန်သော တရားတို့ကို ထိုရဟန်းသည် များစွာ ကြားနာအပ်ပါကုန်၏၊ ဆောင်ထား အပ်ပါကုန်၏၊ နှုတ်ဖြင့် လေ့လာအပ်ပါကုန်၏၊ စိတ်ဖြင့် မှတ်သားထားအပ်ပါကုန်၏၊ ဉာဏ်ဖြင့် ထိုးထွင်း၍ သိအပ်ပါကုန်၏။ အသျှင်ဘုရား ဤရဟန်းသည် မိတ်ဆွေကောင်း ရှိပါ၏၊ အပေါင်းအဖော်ကောင်း ရှိပါ၏၊ မိတ်ဆွေ ကောင်း၌ ကိုင်းညွတ်ပါ၏။ အသျှင်ဘုရား ဤရဟန်းသည် ဆိုဆုံးမလွယ်သူဖြစ်ပါ၏။ပ။ အဆုံးအမကို ရိုသေစွာ နာယူလေ့ ရှိ၏။ပ။
အသျှင်ဘုရား ဤရဟန်းသည် သီတင်းသုံးဖော်တို့၏ ကြီးမားကုန်သေးငယ်ကုန်သော အဘယဲ့်သို့ပြုရအံ့နည်းဟု မေးမြန်း၍ ပြုအပ်ကုန်သော ပြုဖွယ်ကိစ္စတို့၌ လိမ္မာသူဖြစ်ပါ၏၊ ပျင်းရိခြင်း မရှိပါ၊ ထိုထိုအမှုကိစ္စတို့၌ အကြောင်းဥပါယ်ကို စုံစမ်းသော ဉာဏ်နှင့် ပြည့်စုံပါ၏၊ ပြုလုပ်ရန် စွမ်းနိုင်ပါ၏၊ စီရင်ရန် စွမ်းနိုင်ပါ၏။
အသျှင်ဘုရား ဤရဟန်းသည် တရားကို လိုလားသူ ဖြစ်ပါ၏၊ ချစ်ဖွယ်ကို ပြောဆိုတတ်ပါ၏၊ လွန်မြတ်သော သုတ် အဘိဓမ္မာ ဝိနည်း၌ မွန်မြတ်သော ဝမ်းမြောက်မှု ရှိပါ၏၊
အသျှင်ဘုရား ဤရဟန်းသည် ထက်သန်သောလုံ့လ ရှိသည်ဖြစ်၍ နေပါ၏။ပ။ အားအစွမ်း ရှိပါ၏၊ မြဲမြံသော လုံ့လရှိပါ၏၊ ကုသိုလ်တရားတို့၌ တာဝန်ကို ပစ်ချထားခြင်း မရှိပါ။
အသျှင်ဘုရား ဤရဟန်းသည် လွန်ကဲသောစိတ်၌ ဖြစ်ကုန်သော မျက်မှောက်ဘဝ၌ ချမ်းသာစွာ နေကြောင်းဖြစ်သော ဈာန်လေးပါးတို့ကို အလိုရှိတိုင်း ရပါ၏၊ မငြိုမငြင်ရပါ၏၊ မပင်မပန်းဘဲ ရပါ၏။ အသျှင်ဘုရား ဤရဟန်းသည် ရှေး၌ နေဖူးသော ခန္ဓာအစဉ်ကို အောက်မေ့နိုင်ပါ၏။ ဤသည်ကား အဘယ်နည်း၊ တစ်ဘဝကိုလည်းကောင်း၊ နှစ်ဘဝတို့ကိုလည်းကောင်း။ပ။ ဤသို့ အခြင်းအရာ (အဖြစ် သနစ်)နှင့်တကွ ညွှန်ပြဖွယ် (အမည်အနွယ်) နှင့်တကွ များပြားသော ရှေး၌ နေဖူးသော ခန္ဓာအစဉ်ကို အောက်မေ့နိုင်ပါ၏။ အသျှင်ဘုရား ဤရဟန်းသည် အထူးသဖြင့်စင်ကြယ်သော လူတို့၏ မျက်စိအမြင်ထက် သာလွန်သော နတ်မျက်စိနှင့်တူသော ‘ဒိဗ္ဗစက္ခု’ မျက်စိဖြင့်။ပ။ ကံအားလျော်စွာ ဖြစ်ကုန်သောသတ္တဝါတို့ကို သိပါ၏။ အသျှင်ဘုရား ဤရဟန်းသည် အာသဝေါတရားတို့၏ ကုန်ခြင်းကြောင့်။ပ။ မျက်မှောက်ပြု၍ နေပါ၏။ အသျှင်ဘုရား မြတ်စွာဘုရားသည် ဟောတော်မူအပ်ကုန်သော သဒ္ဓါတရားရှိသူ၏ သဒ္ဓါတရားရှိပုံ လက္ခဏာတို့သည် ဤရဟန်းအား ရှိပါကုန်၏၊ ဤရဟန်းသည်လည်း ထိုလက္ခဏာတို့၌ ထင်ပါ၏ဟု လျှောက်၏။ သုဘူတိ ကောင်းပေစွ ကောင်းပေစွ၊ သုဘူတိ ထိုသို့ဖြစ်လျှင် သင်သည် ဤသဒ္ဓရဟန်းနှင့်လည်း အတူနေလော့၊ သုဘူတိ သင်သည် အကြင်အခါ၌ မြတ်စွာဘုရားကို ဖူးမြင်ရန် အလိုရှိ၏၊ (ထိုအခါ) ဤသဒ္ဓရဟန်းနှင့်အတူ မြတ်စွာဘုရားကို ဖူးမြင်ရန် ချဉ်းကပ်လေလော့ဟု (မိန့်တော်မူ၏)။
စတုတ္ထသုတ်။