အင်္ဂုတ္တရနိကာယ်
(၁၂) ၂-အာယာစနဝဂ်
၁၃၁။ ရဟန်းတို့ သဒ္ဓါတရားရှိသော ရဟန်းသည် မှန်စွာ တောင့်တလိုလျှင် “သာရိပုတြာနှင့် မောဂ္ဂလာန်တို့သည် အကြင် သို့ သဘောရှိကုန်၏၊ (ငါသည်လည်း) ထိုသို့ သဘောရှိသူ ဖြစ်ရပါလို၏”ဟု ဤသို့ တောင့်တရာ၏။ ရဟန်းတို့ ငါ့တပည့် ရဟန်းတို့တွင် သာရိပုတြာနှင့် မောဂ္ဂလာန်တို့သည် နှိုင်းရှည့်ရန် ချိန်ပေတည်း၊ ထို သာရိပုတြာနှင့် မောဂ္ဂလာန်တို့သည် နှိုင်းရှည့်ရန် စံပေတည်းဟု (မိန့်တော်မူ၏)။ (၁)
၁၃၂။ ရဟန်းတို့ သဒ္ဓါတရားရှိသော ရဟန်းမိန်းမသည် မှန်စွာ တောင့်တလိုလျှင် “ခေမာ ဘိက္ခုနီမနှင့် ဥပ္ပလဝဏ်ဘိက္ခုနီမတို့သည် အကြင် သို့ သဘောရှိကုန်၏၊ (ငါသည်လည်း) ထိုသို့ သဘော ရှိသူ ဖြစ်ရပါလို၏”ဟု ဤသို့ တောင့်တရာ၏။ ရဟန်းတို့ ငါ့တပည့် ဘိက္ခုနီမတို့တွင် ခေမာနှင့် ဥပ္ပလဝဏ်တို့သည် နှိုင်းရှည့်ရန် ချိန်ပေတည်း၊ ထို ခေမာနှင့် ဥပ္ပလဝဏ်တို့သည် နှိုင်းရှည့်ရန် စံပေတည်းဟု (မိန့်တော်မူ၏)။ (၂)
၁၃၃။ ရဟန်းတို့ သဒ္ဓါတရားရှိသော ဥပါသကာသည် မှန်စွာ တောင့်တလိုလျှင် “စိတ္တသူကြွယ်နှင့် ဟတ္တကခေါ် အာဠဝက (မင်းသား) တို့သည် အကြင် သို့သဘော ရှိကုန်၏၊ (ငါသည်လည်း) ထိုသို့သဘော ရှိသူ ဖြစ်ရပါလို၏”ဟု ဤသို့ တောင့်တရာ၏။ ရဟန်းတို့ ငါ့တပည့် ဥပါသကာတို့တွင် စိတ္တသူကြွယ်နှင့် ဟတ္ထကခေါ် အာဠဝက (မင်းသား) တို့သည် နှိုင်းရှည့်ရန် ချိန်ပေတည်း၊ ထို စိတ္တသူကြွယ်နှင့် ဟတ္ထကခေါ် အာဠဝက (မင်းသား) တို့သည် နှိုင်းရှည့်ရန် စံပေတည်းဟု (မိန့်တော်မူ၏)။ (၃)
၁၃၄။ ရဟန်းတို့ သဒ္ဓါတရားနှင့် ပြည့်စုံသော ဥပါသိကာမသည် မှန်စွာ တောင့်တလိုလျှင် “ခုဇ္ဇုတ္တရာဥပါသိကာမနှင့် ဝေဠုကဏ္ဍကီရွာသူ နန္ဒသတို့သား၏ မိခင် ‘နန္ဒမာတာ’ ဥပါသိကာမတို့သည် အကြင် သို့ သဘောရှိကုန်၏၊ (ငါသည်လည်း) ထိုသို့ သဘောရှိသူဖြစ်ရပါလို၏”ဟု ဤသို့ တောင့်တ ရာ၏။ ရဟန်းတို့ ငါ့တပည့်ဥပါသိကာမတို့တွင် ခုဇ္ဇုတ္တရာနှင့် ဝေဠုကဏ္ဍကီရွာသူ နန္ဒသတို့သား၏ မိခင် ‘နန္ဒမာတာ’ ဥပါသိကာမတို့သည် နှိုင်းရှည့်ရန် ချိန်ပေတည်း၊ ထို ခုဇ္ဇုတ္တရာနှင့် ဝေဠုကဏ္ဍကီရွာသူ နန္ဒ သတို့သား၏ မိခင် ‘နန္ဒမာတာ’ ဥပါသိကာမတို့သည် နှိုင်းရှည့်ရန် စံပေတည်းဟု (မိန့်တော်မူ၏)။ (၄)
၁၃၅။ ရဟန်းတို့ တရားနှစ်မျိုးတို့နှင့် ပြည့်စုံသော မလိမ္မာသော မိုက်သော သူယုတ်သည် တူးဖြို ဖျက်ဆီးအပ်သော မိမိကိုယ်ကို စောင့်ရှောက်နေသည် မည်၏၊ အပြစ်ရှိသူလည်း ဖြစ်၏၊ ပညာရှိတို့လည်း စွပ်စွဲ ကဲ့ရဲ့ထိုက်သူလည်း ဖြစ်၏၊ များစွာသော မကောင်းမှုကိုလည်း ဖြစ်ပွါးစေ၏။ အဘယ်နှစ်မျိုး တို့နည်းဟူမူ— ဉာဏ်ဖြင့် မသိမြင် မဆုံးဖြတ်မူ၍ ဉာဏ်ဖြင့် မသက်ဝင် မပိုင်းခြားမူ၍ ကဲ့ရဲ့ထိုက်သူအား ချီးမွမ်းစကားကို ပြောဆို၏။ ဉာဏ်ဖြင့် မသိမြင် မဆုံးဖြတ်မူ၍ ဉာဏ်ဖြင့် မသက်ဝင် မပိုင်းခြားမူ၍ ချီးမွမ်းထိုက်သူအား ကဲ့ရဲ့စကားကို ပြောဆို၏။ ရဟန်းတို့ ဤတရားနှစ်မျိုးတို့နှင့် ပြည့်စုံသော မလိမ္မာ သော မိုက်သော သူယုတ်သည် တူးဖြိုဖျက်ဆီးအပ်သော မိမိကိုယ်ကို စောင့်ရှောက်နေသည် မည်၏၊ အပြစ်ရှိသူလည်း ဖြစ်၏၊ ပညာရှိတို့လည်း စွပ်စွဲ ကဲ့ရဲ့ထိုက်သူလည်း ဖြစ်၏၊ များစွာသော မကောင်းမှု ကိုလည်း ဖြစ်ပွါးစေ၏ဟု (မိန့်တော်မူ၏)။
ရဟန်းတို့ တရားနှစ်မျိုးတို့နှင့် ပြည့်စုံသော ပညာရှိသော လိမ္မာသော သူတော်ကောင်းသည် မတူးဖြို မဖျက်ဆီးအပ်သော မိမိကိုယ်ကို စောင့်ရှောက်နေသည် မည်၏၊ အပြစ်မရှိသူလည်းဖြစ်၏၊ ပညာရှိတို့လည်း မစွပ်စွဲ မကဲ့ရဲ့ထိုက်သူလည်း ဖြစ်၏၊ များစွာသော ကောင်းမှုကိုလည်း ဖြစ်ပွါးစေ၏။ အဘယ် နှစ်မျိုးတို့နည်းဟူမူ— ဉာဏ်ဖြင့် သိမြင်ဆုံးဖြတ်၍ ဉာဏ်ဖြင့် သက်ဝင် ပိုင်းခြား၍ ကဲ့ရဲ့ထိုက်သူ အား ကဲ့ရဲ့စကားကို ပြောဆို၏။ ဉာဏ်ဖြင့် သိမြင်ဆုံးဖြတ်၍ ဉာဏ်ဖြင့် သက်ဝင်ပိုင်းခြား၍ ချီးမွမ်း ထိုက်သူအား ချီးမွမ်းစကားကို ပြောဆို၏။ ရဟန်းတို့ ဤတရားနှစ်မျိုးတို့နှင့် ပြည့်စုံသော ပညာရှိသော လိမ္မာသော သူတော်ကောင်းသည် မတူးဖြို မဖျက်ဆီးအပ်သော မိမိကိုယ်ကို စောင့်ရှောက်နေသည် မည်၏၊ အပြစ်မရှိသူလည်းဖြစ်၏၊ ပညာရှိတို့ မစွပ်စွဲ မကဲ့ရဲ့ထိုက်သူလည်း ဖြစ်၏၊ များစွာသော ကောင်းမှုကိုလည်း ဖြစ်ပွါးစေ၏ဟု (မိန့်တော်မူ၏)။ (၅)
၁၃၆။ ရဟန်းတို့ တရားနှစ်မျိုးတို့နှင့် ပြည့်စုံသော မလိမ္မာသော မိုက်သော သူယုတ်သည် တူးဖြို ဖျက်ဆီးအပ်သော မိမိကိုယ်ကို စောင့်ရှောက်နေသည် မည်၏၊ အပြစ်ရှိသူလည်း ဖြစ်၏၊ ပညာရှိတို့လည်း စွပ်စွဲ ကဲ့ရဲ့ထိုက်သူလည်း ဖြစ်၏၊ များစွာသော မကောင်းမှုကိုလည်း ဖြစ်ပွါးစေ၏။ အဘယ်နှစ်မျိုးတို့နည်းဟူမူ— ဉာဏ်ဖြင့် မသိမြင် မဆုံးဖြတ်မူ၍ ဉာဏ်ဖြင့် မသက်ဝင် မပိုင်းခြားမူ၍ မကြည်ညိုထိုက်သော အရာ၌ ကြည်ညိုမှုကို ဖြစ်စေ၏။ ဉာဏ်ဖြင့် မသိမြင် မဆုံးဖြတ်မူ၍ ဉာဏ်ဖြင့် မသက်ဝင် မပိုင်းခြားမူ၍ ကြည်ညိုထိုက်သော အရာ၌ မကြည်ညိုမှုကို ဖြစ်စေ၏။ ရဟန်းတို့ ဤတရားနှစ်မျိုးတို့နှင့် ပြည့်စုံသော မလိမ္မာသော မိုက်သောသူ ယုတ်သည် တူးဖြို ဖျက်ဆီးအပ်သော မိမိကိုယ်ကို စောင့်ရှောက်နေသည် မည်၏၊ အပြစ်ရှိသူလည်း ဖြစ်၏၊ ပညာရှိတို့လည်း စွပ်စွဲကဲ့ရဲ့ထိုက်သူလည်း ဖြစ်၏၊ များစွာသော မကောင်းမှုကိုလည်း ဖြစ်ပွါးစေ၏ဟု (မိန့်တော်မူ၏)။
ရဟန်းတို့ တရားနှစ်မျိုးတို့နှင့် ပြည့်စုံသော ပညာရှိသော လိမ္မာသော သူတော်ကောင်းသည် မတူးဖြို့မဖျက်ဆီးအပ်သော မိမိကိုယ်ကို စောင့်ရှောက်နေသည် မည်၏၊ အပြစ်မရှိသူလည်းဖြစ်၏၊ ပညာရှိတို့ မစွပ်စွဲ မကဲ့ရဲ့ထိုက်သူလည်း ဖြစ်၏၊ များစွာသော ကောင်းမှုကိုလည်း ဖြစ်ပွါးစေ၏။ အဘယ် နှစ်မျိုးတို့နည်းဟူမူ— ဉာဏ်ဖြင့် သိမြင်ဆုံးဖြတ်၍ ဉာဏ်ဖြင့် သက်ဝင် ပိုင်းခြား၍ မကြည်ညိုထိုက်သော အရာ၌ မကြည်ညိုမှုကို ဖြစ်စေ၏။ ဉာဏ်ဖြင့် သိမြင်ဆုံးဖြတ်၍ ဉာဏ်ဖြင့် သက်ဝင်ပိုင်းခြား၍ ကြည်ညို ထိုက်သော အရာ၌ ကြည်ညိုမှုကို ဖြစ်စေ၏။ ရဟန်းတို့ ဤတရားနှစ်မျိုးတို့နှင့် ပြည့်စုံသော ပညာရှိ သော လိမ္မာသော သူတော်ကောင်းသည် မတူးဖြို မဖျက်ဆီးအပ်သော မိမိကိုယ်ကို စောင့်ရှောက်နေသည် မည်၏၊ အပြစ်မရှိသူလည်း ဖြစ်၏၊ ပညာရှိတို့ မစွပ်စွဲ မကဲ့ရဲ့ထိုက်သူလည်း ဖြစ်၏၊ များစွာသော ကောင်းမှုကိုလည်း ဖြစ်ပွါးစေ၏ဟု (မိန့်တော်မူ၏)။ (၆)
၁၃၇။ ရဟန်းတို့ ပုဂ္ဂိုလ်နှစ်မျိုးတို့၌ (ရိုက်နှက်သတ်ဖြတ်ခြင်းစသည်ဖြင့်) မှားသောအကျင့်ကို ပြုကျင့်သော မလိမ္မာသော မိုက်သော သူယုတ်၁သည် တူးဖြိုဖျက်ဆီးအပ်သော မိမိကိုယ်ကို စောင့်ရှောက် နေသည် မည်၏၊ အပြစ်ရှိသူလည်း ဖြစ်၏၊ ပညာရှိတို့လည်း စွပ်စွဲ ကဲ့ရဲ့ထိုက်သူလည်း ဖြစ်၏၊ များစွာ သော မကောင်းမှုကိုလည်း ဖြစ်ပွါးစေ၏။ အဘယ်နှစ်မျိုးတို့နည်းဟူမူ— အမိလည်းကောင်း၊ အဖလည်းကောင်းတို့တည်း။ ရဟန်းတို့ ဤပုဂ္ဂိုလ်နှစ်မျိုးတို့၌ (ရိုက်နှက်သတ်ဖြတ်ခြင်းစသည်ဖြင့်) မှားသော အကျင့်ကို ပြုကျင့်သော မလိမ္မာသော မိုက်သော သူယုတ်သည် တူးဖြိုဖျက်ဆီးအပ်သော မိမိကိုယ်ကို စောင့်ရှောက်နေသည် မည်၏၊ အပြစ်ရှိသူလည်း ဖြစ်၏၊ ပညာရှိတို့ စွပ်စွဲ ကဲ့ရဲ့ထိုက်သူလည်း ဖြစ်၏၊ များစွာသော မကောင်းမှုကိုလည်း ဖြစ်ပွါးစေ၏ဟု (မိန့်တော်မူ၏)။
ရဟန်းတို့ ပုဂ္ဂိုလ်နှစ်မျိုးတို့၌ (လုပ်ကျွေးပြုစုခြင်းစသည်ဖြင့်) မှန်သောအကျင့်ကို ပြုကျင့်သော ပညာရှိသော လိမ္မာသော သူတော်ကောင်း၂သည် မတူးဖြို မဖျက်ဆီးအပ်သော မိမိကိုယ်ကို စောင့်ရှောက်နေသည် မည်၏၊ အပြစ်မရှိသူလည်း ဖြစ်၏၊ ပညာရှိတို့ မစွပ်စွဲ မကဲ့ရဲ့ထိုက်သူလည်း ဖြစ်၏၊ များစွာသော ကောင်းမှုကိုလည်း ဖြစ်ပွါးစေ၏။ အဘယ်နှစ်မျိုးတို့နည်းဟူမူ— အမိလည်းကောင်း၊ အဖလည်းကောင်းတို့တည်း။ ရဟန်းတို့ ဤပုဂ္ဂိုလ်နှစ်မျိုးတို့၌ (လုပ်ကျွေးပြုစုခြင်းစသည်ဖြင့်) မှန်သော အကျင့်ကို ပြုကျင့်သော ပညာရှိသော လိမ္မာသော သူတော်ကောင်းသည် မတူးဖြိုမဖျက်ဆီး အပ်သော မိမိကိုယ်ကို စောင့်ရှောက်နေသည် မည်၏၊ အပြစ်မရှိသူလည်း ဖြစ်၏၊ ပညာရှိတို့ မစွပ်စွဲ မကဲ့ရဲ့ထိုက် သူလည်း ဖြစ်၏၊ များစွာသော ကောင်းမှုကိုလည်း ဖြစ်ပွါးစေ၏ဟု (မိန့်တော်မူ၏)။ (၇)
၁၃၈။ ရဟန်းတို့ ပုဂ္ဂိုလ်နှစ်မျိုးတို့၌ (သင်းခွဲခြင်း သတ်ရန်ကြံခြင်းစသည်ဖြင့်) မှားသောအကျင့်ကို ပြုကျင့်သော မလိမ္မာသော မိုက်သော သူယုတ်၃သည် တူးဖြိုဖျက်ဆီးအပ်သော မိမိကိုယ်ကို စောင့်ရှောက် နေသည် မည်၏၊ အပြစ်ရှိသူလည်း ဖြစ်၏၊ ပညာရှိတို့ စွပ်စွဲ ကဲ့ရဲ့ထိုက်သူလည်း ဖြစ်၏၊ များစွာသော မကောင်းမှုကိုလည်း ဖြစ်ပွါးစေ၏။ အဘယ်နှစ်မျိုးတို့နည်းဟူမူ— မြတ်စွာဘုရားလည်းကောင်း၊ မြတ်စွာဘုရား၏ တပည့်သာဝကလည်းကောင်းတို့တည်း။ ရဟန်းတို့ ဤပုဂ္ဂိုလ်နှစ်မျိုးတို့၌ (သင်းခွဲခြင်း သတ်ရန် ကြံခြင်းစသည်ဖြင့်) မှားသော အကျင့်ကို ပြုကျင့်သော မလိမ္မာသော မိုက်သော သူယုတ်သည် တူးဖြို ဖျက်ဆီးအပ်သော မိမိကိုယ်ကို စောင့်ရှောက်နေသည် မည်၏၊ အပြစ်ရှိသူလည်း ဖြစ်၏၊ ပညာရှိတို့ စွပ်စွဲ ကဲ့ရဲ့ထိုက်သူလည်း ဖြစ်၏၊ များစွာသော မကောင်းမှုကိုလည်း ဖြစ်ပွါးစေ၏ဟု (မိန့်တော်မူ၏)။
ရဟန်းတို့ ပုဂ္ဂိုလ်နှစ်မျိုးတို့၌ (ပြုစုလုပ်ကျွေးခြင်းစသည်ဖြင့်) မှန်သောအကျင့်ကို ပြုကျင့်သော ပညာရှိသော လိမ္မာသော သူတော်ကောင်း၄သည် မတူးဖြိုမဖျက်ဆီးအပ်သော မိမိကိုယ်ကို စောင့်ရှောက်နေသည် မည်၏၊ အပြစ်မရှိသူလည်း ဖြစ်၏၊ ပညာရှိတို့လည်း မစွပ်စွဲ မကဲ့ရဲ့ထိုက်သူလည်း ဖြစ်၏၊ များစွာသော ကောင်းမှုကိုလည်း ဖြစ်ပွါးစေ၏။ အဘယ်နှစ်မျိုးတို့နည်းဟူမူ— မြတ်စွာဘုရားလည်း့ကောင်း၊ မြတ်စွာဘုရား၏ တပည့်သာဝက လည်းကောင်းတို့တည်း။ ရဟန်းတို့ ဤပုဂ္ဂိုလ်နှစ်မျိုးတို့၌ (ပြုစုလုပ်ကျွေးခြင်းစသည်ဖြင့်) မှန်သောအကျင့်ကို ပြုကျင့်သော ပညာရှိသော လိမ္မာသော သူတော်ကောင်းသည် မတူးဖြိုမဖျက်ဆီးအပ်သော မိမိကိုယ်ကို စောင့်ရှောက်နေသည် မည်၏၊ အပြစ်မရှိသူလည်း ဖြစ်၏၊ ပညာရှိတို့လည်း မစွပ်စွဲ မကဲ့ရဲ့ထိုက်သူလည်း ဖြစ်၏၊ များစွာသော ကောင်းမှုကိုလည်း ဖြစ်ပွါးစေ၏ဟု (မိန့်တော်မူ၏)။ (၈)
၁၃၉။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ— မိမိ၏စိတ် ဖြူစင်ခြင်းလည်းကောင်း၊ လောက၌ တစ်စုံတစ်ရာကို မစွဲလမ်းခြင်းလည်းကောင်းတို့တည်း။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့ပေတည်းဟု (မိန့်တော်မူ၏)။ (၉)
၁၄ဝ။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ— အမျက် ထွက်ခြင်း ‘ကောဓ’လည်းကောင်း၊ ရန်ငြိုးဖွဲ့ခြင်း ‘ဥပနာဟ’လည်းကောင်းတို့တည်း။ ရဟန်းတို့ တရား တို့သည် ဤနှစ်မျိုးတို့ပေတည်းဟု (မိန့်တော်မူ၏)။ (၁ဝ)
၁၄၁။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ— အမျက် ထွက်ခြင်းကို ပယ်ဖျောက်ခြင်းလည်းကောင်း၊ ရန်ငြိုးဖွဲ့ခြင်းကို ပယ်ဖျောက်ခြင်းလည်းကောင်းတို့တည်း။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့ပေတည်းဟု (မိန့်တော်မူ၏)။ (၁၁)
နှစ်ခုမြောက် အာယာစနဝဂ် ပြီး၏။
၁။ မိတ္တဝိန္ဒကနှင့် အဇာတသတ် စသည်။
၂။ သုဝဏ္ဏသာမနှင့် ဃဋိကာရ စသည်။
၃။ ဒေဝဒတ်နှင့် ကောကာလိက စသည်။
၄။ အရှင်အာနန္ဒာနှင့် အနာထပိဏ်သူဌေး စသည်။