အင်္ဂုတ္တရနိကာယ်

၂-အကုသလပေယျာလ

၁၉၁—၂ဝဝ။ ရဟန်းတို့ အကုသိုလ်တရားတို့သည် ဤနှစ်မျိုးတို့တည်း။ ရဟန်းတို့ ကုသိုလ်တရားတို့သည် ဤနှစ်မျိုးတို့တည်း။ ရဟန်းတို့ အပြစ်ရှိသော တရားတို့သည် ဤနှစ်မျိုးတို့တည်း။ ရဟန်းတို့ အပြစ်မရှိသော တရားတို့သည် ဤနှစ်မျိုးတို့တည်း။ ရဟန်းတို့ ဆင်းရဲခြင်းကို ဖြစ်စေ တတ်သော တရားတို့သည် ဤနှစ်မျိုးတို့တည်း။ ရဟန်းတို့ ချမ်းသာခြင်းကို ဖြစ်စေတတ်သော တရား တို့သည် ဤနှစ်မျိုးတို့တည်း။ ရဟန်းတို့ ဆင်းရဲသော အကျိုးရှိသော တရားတို့သည် ဤနှစ်မျိုးတို့တည်း။ ရဟန်းတို့ ချမ်းသာသော အကျိုးရှိသော တရားတို့သည် ဤနှစ်မျိုးတို့တည်း။ ရဟန်းတို့ ဆင်းရဲနှင့် တကွဖြစ်သော တရားတို့သည် ဤနှစ်မျိုးတို့တည်း။ ရဟန်းတို့ ဆင်းရဲမရှိသော တရားတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ— အမျက်မထွက်ခြင်းလည်းကောင်း၊ ရန်ငြိုး မဖွဲ့ခြင်းလည်းကောင်း။ သူ့ကျေးဇူးကို မချေဖျက်ခြင်းလည်းကောင်း၊ အပြိုင်မပြုခြင်းလည်းကောင်း။ မငြူစူခြင်းလည်းကောင်း၊ ဝန်မတိုခြင်းလည်းကောင်း။ မလှည့်ပတ်ခြင်းလည်းကောင်း၊ မစဉ်းလဲခြင်းလည်းကောင်း။ ဒုစရိုက်တို့မှ ရှက်ခြင်းလည်းကောင်း၊ ဒုစရိုက်တို့မှ ထိတ်လန့်ခြင်းလည်းကောင်းတို့တည်း။ ရဟန်းတို့ ဆင်းရဲမရှိသော တရားတို့သည် ဤနှစ်မျိုးတို့ပေတည်းဟု (မိန့်တော်မူ၏)။ (၁—၅ဝ)

အကုသလပေယျာလ ပြီး၏။