အင်္ဂုတ္တရနိကာယ်

၁-ကောဓပေယျာလ

၁၈၁။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ— အမျက် ထွက်ခြင်း ‘ကောဓ’လည်းကောင်း၊ ရန်ငြိုးဖွဲ့ခြင်း ‘ဥပနာဟ’လည်းကောင်း။ သူ့ကျေးဇူးကို ချေဖျက်ခြင်း ‘မက္ခ’လည်းကောင်း၊ အပြိုင်ပြုခြင်း ‘ပဠာသ’လည်းကောင်း။ ငြူစူခြင်း’ဣဿာ’ လည်းကောင်း၊ ဝန်တိုခြင်း ‘မစ္ဆရိယ’လည်းကောင်း။ လှည့်ပတ်ခြင်း ‘မာယာ’လည်းကောင်း၊ စဉ်းလဲခြင်း ‘သာဌေယျ’လည်းကောင်း။ ဒုစရိုက်တရားတို့မှ မရှက်ခြင်း ‘အဟိရိက’လည်းကောင်း၊ ဒုစရိုက်တရားတို့မှ မလန့်ခြင်း ‘အနောတ္တပ္ပ’လည်းကောင်းတို့တည်း။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့ပေတည်းဟု (မိန့်တော်မူ၏)။ (၁—၅)

၁၈၂။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ— အမျက် မထွက်ခြင်း ‘အက္ကောဓ’လည်းကောင်း၊ ရန်ငြိုးမဖွဲ့ခြင်း ‘အနုပနာဟ’လည်းကောင်း။ သူ့ကျေးဇူးကို မချေ ဖျက်ခြင်း ‘အမက္ခ’လည်းကောင်း၊ အပြိုင်မပြုခြင်း ‘အပဠာသ’လည်းကောင်း။ မငြူစူခြင်း ‘အနိဿာ’လည်းကောင်း၊ ဝန်မတိုခြင်း ‘အမစ္ဆရိယ’လည်းကောင်း။ မလှည့်ပတ်ခြင်း ‘အမာယာ’လည်းကောင်း၊ မစဉ်းလဲခြင်း ‘အသာဌေယျ’လည်းကောင်း။ ဒုစရိုက်တရားတို့မှ ရှက်ခြင်း ‘ဟိရီ’လည်းကောင်း၊ ဒုစရိုက်တရားတို့မှ လန့်ခြင်း ‘သြတ္တပ္ပ’လည်းကောင်းတို့တည်း။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့ပေတည်းဟု (မိန့်တော်မူ၏)။ (၆—၁ဝ)

၁၈၃။ ရဟန်းတို့ တရားနှစ်မျိုးတို့နှင့် ပြည့်စုံသူသည် ဆင်းရဲစွာနေရ၏။ အဘယ်နှစ်မျိုးတို့နည်းဟူမူ— အမျက်ထွက်ခြင်းလည်းကောင်း၊ ရန်ငြိုးဖွဲ့ခြင်းလည်းကောင်း။ သူ့ကျေးဇူးကို ချေဖျက်ခြင်းလည်းကောင်း၊ အပြိုင်ပြုခြင်းလည်းကောင်း။ ငြူစူခြင်းလည်းကောင်း၊ ဝန်တိုခြင်းလည်းကောင်း။ လှည့်ပတ်ခြင်းလည်းကောင်း၊ စဉ်းလဲကောက်ကျစ်ခြင်းလည်းကောင်း။ ဒုစရိုက်တို့မှ မရှက်ခြင်းလည်းကောင်း၊ ဒုစရိုက် တို့မှ မလန့်ခြင်းလည်းကောင်းတို့တည်း။ ရဟန်းတို့ဤတရားနှစ်မျိုးတို့နှင့် ပြည့်စုံသောသူသည် ဆင်းရဲစွာနေရ၏ဟု (မိန့်တော်မူ၏)။ (၁၁—၁၅)

၁၈၄။ ရဟန်းတို့ တရားနှစ်မျိုးတို့နှင့် ပြည့်စုံသူသည် ချမ်းသာစွာနေရ၏။ အဘယ်နှစ်မျိုးတို့နည်းဟူမူ— အမျက်မထွက်ခြင်းလည်းကောင်း၊ ရန်ငြိုးမဖွဲ့ခြင်းလည်းကောင်း။ သူ့ကျေးဇူးကို မချေဖျက်ခြင်းလည်းကောင်း၊ အပြိုင်မပြုခြင်းလည်းကောင်း။ မငြူစူခြင်းလည်းကောင်း၊ ဝန်မတိုခြင်းလည်းကောင်း။ မလှည့်ပတ်ခြင်းလည်းကောင်း၊ မစဉ်းလဲမကောက်ကျစ်ခြင်းလည်းကောင်း။ ဒုစရိုက်တို့မှ ရှက်ခြင်းလည်းကောင်း၊ ဒုစရိုက်တို့မှ လန့်ခြင်းလည်းကောင်းတို့တည်း။ ရဟန်းတို့ ဤတရားနှစ်မျိုးတို့နှင့် ပြည့်စုံသူသည် ချမ်းသာစွာ နေရ၏။ (၁၆—၂ဝ)

၁၈၅။ ရဟန်းတို့ ဤတရားနှစ်မျိုးတို့သည် ကျင့်ဆဲ ‘သေက္ခ’ ရဟန်းအား ဆုတ်ယုတ်ခြင်းငှါ ဖြစ်ကုန်၏။ အဘယ်နှစ်မျိုးတို့နည်းဟူမူ— အမျက်ထွက်ခြင်းလည်းကောင်း၊ ရန်ငြိုးဖွဲ့ခြင်းလည်းကောင်း။ သူ့ကျေးဇူးကို ချေဖျက်ခြင်းလည်းကောင်း၊ အပြိုင်ပြုခြင်း လည်းကောင်း။ ငြူစူခြင်းလည်းကောင်း၊ ဝန်တိုခြင်းလည်းကောင်း။ လှည့်ပတ်ခြင်းလည်းကောင်း၊ စဉ်းလဲခြင်းလည်းကောင်း။ ဒုစရိုက်တို့မှ မရှက်ခြင်းလည်းကောင်း၊ ဒုစရိုက်တို့မှ မလန့်ခြင်း လည်းကောင်းတို့တည်း။ ရဟန်းတို့ ဤတရားနှစ်မျိုးတို့သည် ကျင့်ဆဲ ‘သေက္ခ’ ရဟန်းအား ဆုတ်ယုတ်ခြင်းငှါ ဖြစ်ကုန်၏။ (၂၁—၂၅)

၁၈၆။ ရဟန်းတို့ ဤတရားနှစ်မျိုးတို့သည် ကျင့်ဆဲ ‘သေက္ခ’ ရဟန်းအား မဆုတ်ယုတ်ခြင်းငှါ ဖြစ်ကုန်၏။ အဘယ်နှစ်မျိုးတို့နည်းဟူမူ— အမျက်မထွက်ခြင်းလည်းကောင်း၊ ရန်ငြိုးမဖွဲ့ခြင်းလည်းကောင်း။ သူ့ကျေးဇူးကို မချေဖျက်ခြင်းလည်းကောင်း၊ အပြိုင်မပြုခြင်း လည်းကောင်း။ မငြူစူခြင်းလည်းကောင်း၊ ဝန်မတိုခြင်းလည်းကောင်း။ မလှည့်ပတ်ခြင်း လည်းကောင်း၊ မစဉ်းလဲခြင်းလည်းကောင်း။ ဒုစရိုက်တို့မှ ရှက်ခြင်းလည်းကောင်း၊ ဒုစရိုက်တို့မှ လန့်ခြင်းလည်းကောင်းတို့တည်း။ ရဟန်းတို့ ဤတရား နှစ်မျိုးတို့သည် ကျင့်ဆဲ ‘သေက္ခ’ ရဟန်းအား မဆုတ်ယုတ်ခြင်းငှါ ဖြစ်ကုန်၏။ (၂၆—၃ဝ)

၁၈၇။ ရဟန်းတို့ တရားနှစ်မျိုးတို့နှင့် ပြည့်စုံသောသူသည် ဆောင်ယူ၍ ချထားလိုက်သကဲ့သို့၊ ဤအတူ ငရဲ၌ ဖြစ်ရ၏။ အဘယ်နှစ်မျိုးတို့နည်းဟူမူ— အမျက်ထွက်ခြင်း လည်းကောင်း၊ ရန်ငြိုးဖွဲ့ခြင်းလည်းကောင်း။ သူ့ကျေးဇူးကို ချေဖျက်ခြင်းလည်းကောင်း၊ အပြိုင်ပြုခြင်းလည်းကောင်း။ ငြူစူခြင်းလည်းကောင်း၊ ဝန်တိုခြင်းလည်းကောင်း။ လှည့်ပတ်ခြင်းလည်းကောင်း၊ စဉ်းလဲခြင်းလည်းကောင်း။ ဒုစရိုက် တို့မှ မရှက်ခြင်းလည်းကောင်း၊ ဒုစရိုက်တို့မှ မလန့်ခြင်းလည်းကောင်းတို့တည်း။ ရဟန်းတို့ ဤတရား နှစ်မျိုးတို့နှင့် ပြည့်စုံသောသူသည် ဆောင်ယူ၍ ချထားလိုက်သကဲ့သို့၊ ဤအတူ ငရဲ၌ ဖြစ်ရ၏။ (၃၁—၃၅)

၁၈၈။ ရဟန်းတို့ တရားနှစ်မျိုးတို့နှင့် ပြည့်စုံသောသူသည် ဆောင်ယူ၍ ချထားလိုက်သကဲ့သို့၊ ဤအတူ နတ်ပြည်၌ ဖြစ်ရ၏။ အဘယ်နှစ်မျိုးတို့နည်းဟူမူ— အမျက်မထွက်ခြင်းလည်းကောင်း၊ ရန်ငြိုး မဖွဲ့ခြင်းလည်းကောင်း။ သူ့ကျေးဇူးကို မချေဖျက်ခြင်းလည်းကောင်း၊ အပြိုင်မပြုခြင်းလည်းကောင်း။ မငြူစူခြင်းလည်းကောင်း၊ ဝန်မတိုခြင်းလည်းကောင်း။ မလှည့်ပတ်ခြင်းလည်းကောင်း၊ မစဉ်းလဲခြင်းလည်းကောင်း။ ဒုစရိုက်တို့မှ ရှက်ခြင်းလည်းကောင်း၊ ဒုစရိုက်တို့မှ လန့်ခြင်းလည်းကောင်းတို့တည်း။ ရဟန်းတို့ ဤတရားနှစ်မျိုးတို့နှင့် ပြည့်စုံသောသူသည် ဆောင်ယူ၍ ချထားလိုက်သကဲ့သို့၊ ဤအတူ နတ်ပြည်၌ ဖြစ်ရ၏။ (၃၆—၄ဝ)

၁၈၉။ ရဟန်းတို့ ဤလောက၌တရားနှစ်မျိုးတို့နှင့် ပြည့်စုံသော အချို့သော သူသည် ခန္ဓာကိုယ် ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းရာ မကောင်းသော လားရာ ပျက်စီး၍ ကျရောက်ရာ ဖြစ်သော ငရဲ၌ ဖြစ်ရ၏။ အဘယ်နှစ်မျိုးတို့နည်းဟူမူ— အမျက်ထွက်ခြင်းလည်းကောင်း၊ ရန်ငြိုးဖွဲ့ခြင်းလည်းကောင်း။ သူ့ကျေးဇူးကို ချေဖျက်ခြင်းလည်းကောင်း၊ အပြိုင်ပြုခြင်းလည်းကောင်း။ ငြူစူခြင်းလည်းကောင်း၊ ဝန်တိုခြင်းလည်းကောင်း။ လှည့်ပတ်ခြင်းလည်းကောင်း၊ စဉ်းလဲခြင်းလည်းကောင်း။ ဒုစရိုက်တို့မှ မရှက်ခြင်းလည်းကောင်း၊ ဒုစရိုက်တို့မှ မလန့်ခြင်းလည်းကောင်းတို့တည်း။ ရဟန်းတို့ ဤလောက၌တရားနှစ်မျိုးတို့နှင့် ပြည့်စုံသော အချို့သော သူသည် ခန္ဓာကိုယ် ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာ ကင်းရာ မကောင်းသော လားရာ ပျက်စီး၍ ကျရောက်ရာဖြစ်သော ငရဲ၌ ဖြစ်ရ၏။ (၄၁—၄၅)

၁၉ဝ။ ရဟန်းတို့ ဤလောက၌တရားနှစ်မျိုးတို့နှင့် ပြည့်စုံသော အချို့သောသူသည် ခန္ဓာကိုယ် ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော လားရာဖြစ်သော နတ်ပြည်၌ ဖြစ်ရ၏။ အဘယ်နှစ်မျိုး တို့နည်းဟူမူ— အမျက်မထွက်ခြင်းလည်းကောင်း၊ ရန်ငြိုးမဖွဲ့ခြင်း လည်းကောင်း။ သူ့ကျေးဇူးကို မချေ ဖျက်ခြင်းလည်းကောင်း၊ အပြိုင်မပြုခြင်းလည်းကောင်း။ မငြူစူခြင်းလည်းကောင်း၊ ဝန်မတိုခြင်းလည်းကောင်း။ မလှည့်ပတ်ခြင်းလည်းကောင်း၊ မစဉ်းလဲခြင်းလည်းကောင်း။ ဒုစရိုက်တို့မှ ရှက်ခြင်းလည်းကောင်း၊ ဒုစရိုက်တို့မှ လန့်ခြင်းလည်းကောင်းတို့တည်း။ ရဟန်းတို့ ဤလောက၌ ဤတရားနှစ်မျိုးတို့နှင့် ပြည့်စုံသော အချို့သော သူသည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော လားရာ ဖြစ်သော နတ်ပြည်၌ ဖြစ်ရ၏။ (၄၆—၅ဝ)

ကောဓပေယျာလ ပြီး၏။