အင်္ဂုတ္တရနိကာယ်

(၉) ၄-ဓမ္မဝဂ်

၈၈။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ— စိတ်၏ ကိလေသာတို့မှ လွတ်မြောက်ခြင်း’စေတောဝိမုတ္တိ’လည်းကောင်း၊ ပညာ၏ ကိလေသာတို့မှ လွတ်မြောက်ခြင်း ‘ပညာဝိမုတ္တိ’လည်းကောင်းတို့တည်း။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့ပေတည်းဟု (မိန့် တော်မူ၏)။ (၁)

၈၉။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ— ယှဉ်ဘက့်တရားတို့ကို ချီးမြှောက်တတ်သော ‘ပဂ္ဂဟ’တရားလည်းကောင်း၊ စိတ်၏ မပျံ့လွင့်မှု ‘အဝိက္ခေပ’တရားလည်းကောင်းတို့တည်း။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့ပေတည်းဟု (မိန့်တော်မူ၏)။ (၂)

၉ဝ။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ— နာမ်လည်းကောင်း၊ ရုပ်လည်းကောင်းတို့တည်း။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့ပေတည်းဟု (မိန့်တော်မူ၏)။ (၃)

၉၁။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ— သစ္စာလေးပါး ကို သိတတ်သော ‘ဝိဇ္ဇာ’လည်းကောင်း၊ ကိလေသာမှ လွတ်မြောက်သော ‘ဝိမုတ္တိ’လည်းကောင်းတို့တည်း။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့ပေတည်းဟု (မိန့်တော်မူ၏)။ (၄)

၉၂။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ— ဘဝမြဲ၏ဟု ယူသော ‘ဘဝဒိဋ္ဌိ’လည်းကောင်း၊ ဘဝပြတ်၏ဟု ယူသော ‘ဝိဘဝဒိဋ္ဌိ’လည်းကောင်းတို့တည်း။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့ပေတည်းဟု (မိန့်တော်မူ၏)။ (၅)

၉၃။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ— ဒုစရိုက်တို့မှ မရှက်ခြင်း ‘အဟိရိက’လည်းကောင်း၊ ဒုစရိုက်တို့မှ မလန့်ခြင်း ‘အနောတ္တပ္ပ္ပ’လည်းကောင်းတို့တည်း။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့ပေတည်းဟု (မိန့်တော်မူ၏)။ (၆)

၉၄။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ— ဒုစရိုက်တို့မှ ရှက်ခြင်း ‘ဟိရိီ’လည်းကောင်း၊ ဒုစရိုက်တို့မှ လန့်ခြင်း ‘သြတ္တပ္ပ’လည်းကောင်းတို့တည်း။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့ပေတည်းဟု (မိန့်တော်မူ၏)။ (၇)

၉၅။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ— ဆိုဆုံးမခက်ခြင်း ‘ဒေါဝစဿတာ’လည်းကောင်း၊ အဆွေခင်ပွန်းယုတ်ရှိခြင်း ‘ပါပမိတ္တတာ’လည်းကောင်းတို့တည်း။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့ပေတည်းဟု (မိန့်တော်မူ၏)။ (၈)

၉၆။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ— ဆိုဆုံးမ လွယ်ခြင်း ‘သောဝစဿတာ’လည်းကောင်း၊ အဆွေခင်ပွန်းကောင်းရှိခြင်း ‘ကလျာဏမိတ္တတာ’လည်းကောင်းတို့တည်း။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့ပေတည်းဟု (မိန့်တော်မူ၏)။ (၉)

၉၇။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ— တစ်ဆယ့် ရှစ်ပါးသော ဓာတ်တို့၌ လိမ္မာခြင်း ‘ဓာတုကုသလတာ’လည်းကောင်း၊ ထို ဓာတ်တို့ကိုပင် (အနိစ္စစသော အားဖြင့်) နှလုံးသွင်းခြင်း၌ လိမ္မာခြင်း ‘မနသိကာရကုသလတာ’လည်းကောင်းတို့တည်း။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့ပေတည်းဟု (မိန့်တော်မူ၏)။ (၁ဝ)

၉၈။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ် နှစ်မျိုးတို့နည်းဟူမူ— အာပတ်တို့၌ လိမ္မာခြင်း ‘အာပတ္တိကုသလတာ’လည်းကောင်း၊ အာပတ်တို့မှ ထခြင်း၌ လိမ္မာခြင်း ‘အာပတ္တိဝုဋ္ဌာနကုသလတာ’လည်းကောင်းတို့တည်း။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့ပေတည်းဟု (မိန့်တော်မူ၏)။ (၁၁)

လေးခုမြောက် ဓမ္မဝဂ် ပြီး၏။