အင်္ဂုတ္တရနိကာယ်
(၁ဝ) ၅-ဗာလဝဂ်
၉၉။ ရဟန်းတို့ သူမိုက်တို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ— မိမိသို့ မကျရောက်သော တာဝန်ကို ရွက်ဆောင်သော သူလည်းကောင်း၊ မိမိသို့ ကျရောက်သော တာဝန်ကို မရွက်ဆောင်သောသူလည်းကောင်း ဤနှစ်မျိုးတို့တည်း။ ရဟန်းတို့ သူမိုက်တို့သည် ဤနှစ်မျိုးတို့ပေတည်းဟု (မိန့်တော်မူ၏)။ (၁)
၁ဝဝ။ ရဟန်းတို့ ပညာရှိတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ— မိမိသို့ မကျရောက်သော တာဝန်ကို မရွက်ဆောင်သော သူလည်းကောင်း၊ မိမိသို့ ကျရောက်သော တာဝန်ကို ရွက်ဆောင်သော သူလည်းကောင်းတို့တည်း။ ရဟန်းတို့ ပညာရှိတို့သည် ဤနှစ်မျိုးတို့ပေတည်းဟု (မိန့်တော်မူ၏)။ (၂)
၁ဝ၁။ ရဟန်းတို့ သူမိုက်တို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ— မအပ်သော အရာ၌ အပ်၏ဟု အမှတ်ရှိသော သူလည်းကောင်း၊ အပ်သော အရာ၌ မအပ်ဟု အမှတ်ရှိသော သူလည်းကောင်းတို့တည်း။ ရဟန်းတို့ သူမိုက်တို့သည် ဤနှစ်မျိုးတို့ပေတည်းဟု (မိန့်တော်မူ၏)။ (၃)
၁ဝ၂။ ရဟန်းတို့ ပညာရှိတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ— မအပ်သော အရာ၌ မအပ်ဟု အမှတ်ရှိသောသူလည်းကောင်း၊ အပ်သော အရာ၌ အပ်၏ဟု အမှတ်ရှိသောသူလည်းကောင်းတို့တည်း။ ရဟန်းတို့ ပညာရှိတို့သည် ဤနှစ်မျိုးတို့ပေတည်းဟု (မိန့်တော်မူ၏)။ (၄)
၁ဝ၃။ ရဟန်းတို့ သူမိုက်တို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ— အာပတ် မသင့်သော အရာ၌ အာပတ်သင့်၏ဟု အမှတ်ရှိသောသူလည်းကောင်း၊ အာပတ်သင့်သော အရာ၌ အာပတ် မသင့်ဟု အမှတ်ရှိသောသူလည်းကောင်းတို့တည်း။ ရဟန်းတို့ သူမိုက်တို့သည် ဤနှစ်မျိုးတို့ပေတည်းဟု (မိန့်တော်မူ၏)။ (၅)
၁ဝ၄။ ရဟန်းတို့ ပညာရှိတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ— အာပတ် မသင့်သော အရာ၌ အာပတ် မသင့်ဟု အမှတ်ရှိသောသူလည်းကောင်း၊ အာပတ်သင့်သော အရာ၌ အာပတ်သင့်၏ဟု အမှတ်ရှိသောသူလည်းကောင်းတို့တည်း။ ရဟန်းတို့ ပညာရှိတို့သည် ဤနှစ်မျိုးတို့ပေတည်းဟု (မိန့်တော်မူ၏)။ (၆)
၁ဝ၅။ ရဟန်းတို့ သူမိုက်တို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ— တရား မဟုတ်သည်၌တရားဟုတ်၏ဟု အမှတ်ရှိသောသူလည်းကောင်း၊ တရားဟုတ်သည်၌ တရားမဟုတ်ဟု အမှတ်ရှိသောသူလည်းကောင်းတို့တည်း။ ရဟန်းတို့ သူမိုက်တို့သည် ဤနှစ်မျိုးတို့ပေတည်းဟု (မိန့် တော်မူ၏)။ (၇)
၁ဝ၆။ ရဟန်းတို့ ပညာရှိတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ— တရားဟုတ်သည်၌တရားဟုတ်၏ဟု အမှတ်ရှိသောသူလည်းကောင်း၊ တရားမဟုတ်သည်၌ တရားမဟုတ်ဟု အမှတ်ရှိသောသူလည်းကောင်းတို့တည်း။ ရဟန်းတို့ ပညာရှိတို့သည် ဤနှစ်မျိုးတို့ပေတည်းဟု (မိန့်တော်မူ၏)။ (၈)
၁ဝ၇။ ရဟန်းတို့ သူမိုက်တို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ— ဝိနည်း မဟုတ်သည်၌ ဝိနည်းဟုတ်၏ဟု အမှတ်ရှိသောသူလည်းကောင်း၊ ဝိနည်းဟုတ်သည်၌ ဝိနည်းမဟုတ်ဟု အမှတ်ရှိသောသူလည်းကောင်းတို့တည်း။ ရဟန်းတို့ သူမိုက်တို့သည် ဤနှစ်မျိုးတို့ပေတည်းဟု (မိန့်တော်မူ၏)။ (၉)
၁ဝ၈။ ရဟန်းတို့ ပညာရှိတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ— ဝိနည်း မဟုတ်သည်၌ ဝိနည်းမဟုတ်ဟု အမှတ်ရှိသောသူလည်းကောင်း၊ ဝိနည်းဟုတ်သည်၌ ဝိနည်းဟုတ်၏ဟု အမှတ်ရှိသောသူလည်းကောင်းတို့တည်း။ ရဟန်းတို့ ပညာရှိတို့သည် ဤနှစ်မျိုးတို့ပေတည်းဟု (မိန့်တော်မူ၏)။ (၁ဝ)
၁ဝ၉။ ရဟန်းတို့ ပုဂ္ဂိုလ်နှစ်မျိုးတို့အား အာသဝေါတရားတို့သည် တိုးပွါးကုန်၏။ အဘယ်နှစ်မျိုး တို့နည်းဟူမူ— တွေးတောမှု ‘သံသယ ကုက္ကုစ္စ’၁ မဖြစ်သင့်သော အရာ၌ တွေးတောမှု ‘သံသယကုက္ကုစ္စ’ ဖြစ်သူလည်းကောင်း၊ တွေးတောမှု ‘သံသယကုက္ကုစ္စ’ ဖြစ်သင့်သော အရာ၌ တွေးတောမှု ‘သံသယကုက္ကုစ္စ’ မဖြစ်သူလည်းကောင်းတို့တည်း။ ရဟန်းတို့ ဤပုဂ္ဂိုလ်နှစ်မျိုးတို့အား အာသဝေါတရားတို့သည် တိုးပွါးကုန်၏။ (၁၁)
၁၁ဝ။ ရဟန်းတို့ ပုဂ္ဂိုလ်နှစ်မျိုးတို့အား အာသဝေါတရားတို့သည် မတိုးပွါးကုန်။ အဘယ်နှစ်မျိုး တို့နည်းဟူမူ— တွေးတောမှု ‘သံသယကုက္ကုစ္စ’ မဖြစ်သင့်သော အရာ၌ တွေးတောမှု ‘သံသယကုက္ကုစ္စ’ မဖြစ်သူလည်းကောင်း၊ တွေးတောမ ှု ‘သံသယကုက္ကုစ္စ’ ဖြစ်သင့်သော အရာ၌ တွေးတောမှု ‘သံသယကုက္ကုစ္စ’ ဖြစ်သူလည်းကောင်းတို့တည်း။ ရဟန်းတို့ ဤပုဂ္ဂိုလ်နှစ်မျိုးတို့အား အာသဝေါတရားတို့သည် မတိုးပွါး ကုန်ဟု (မိန့်တော်မူ၏)။ (၁၂)
၁၁၁။ ရဟန်းတို့ ပုဂ္ဂိုလ်နှစ်မျိုးတို့အား အာသဝေါတရားတို့သည် တိုးပွါးကုန်၏။ အဘယ် နှစ်မျိုးတို့နည်းဟူမူ— မအပ်သော အရာ၌ အပ်၏ဟု အမှတ်ရှိသောသူလည်းကောင်း၊ အပ်သော အရာ၌ မအပ်ဟု အမှတ်ရှိသောသူလည်းကောင်းတို့တည်း။ ရဟန်းတို့ ဤပုဂ္ဂိုလ်နှစ်မျိုးတို့အား အာသဝေါတရား တို့သည် တိုးပွါးကုန်၏ဟု (မိန့်တော်မူ၏)။ (၁၃)
၁၁၂။ ရဟန်းတို့ ပုဂ္ဂိုလ်နှစ်မျိုးတို့အား အာသဝေါတရားတို့သည် မတိုးပွါးကုန်။ အဘယ်နှစ်မျိုး တို့နည်းဟူမူ— မအပ်သော အရာ၌ မအပ်ဟု အမှတ်ရှိသောသူလည်းကောင်း၊ အပ်သော အရာ၌ အပ်၏ဟု အမှတ်ရှိသောသူလည်းကောင်းတို့တည်း။ ရဟန်းတို့ ဤပုဂ္ဂိုလ်နှစ်မျိုးတို့အား အာသဝေါတရားတို့သည် မတိုးပွါးကုန်ဟု (မိန့်တော်မူ၏)။ (၁၄)
၁၁၃။ ရဟန်းတို့ ပုဂ္ဂိုလ်နှစ်မျိုးတို့အား အာသဝေါတရားတို့သည် တိုးပွါးကုန်၏။ အဘယ်နှစ်မျိုး တို့နည်းဟူမူ— အာပတ်သင့်သော အရာ၌ အာပတ်မသင့်ဟု အမှတ်ရှိသောသူလည်းကောင်း၊ အာပတ် မသင့် သော အရာ၌ အာပတ်သင့်၏ဟု အမှတ်ရှိသောသူလည်းကောင်းတို့တည်း။ ရဟန်းတို့ ဤပုဂ္ဂိုလ်နှစ်မျိုး တို့အား အာသဝေါတရားတို့သည် တိုးပွါးကုန်၏ဟု (မိန့်တော်မူ၏)။ (၁၅)
၁၁၄။ ရဟန်းတို့ ပုဂ္ဂိုလ်နှစ်မျိုးတို့အား အာသဝေါတရားတို့သည် မတိုးပွါးကုန်။ အဘယ်နှစ်မျိုး တို့နည်းဟူမူ— အာပတ်သင့်သော အရာ၌ အာပတ် သင့်၏ဟု အမှတ်ရှိသောသူလည်းကောင်း၊ အာပတ် မသင့်သော အရာ၌ အာပတ် မသင့်ဟု အမှတ်ရှိသောသူလည်းကောင်းတို့တည်း။ ရဟန်းတို့ ဤပုဂ္ဂိုလ် နှစ်မျိုးတို့အား အာသဝေါတရားတို့သည် မတိုးပွါးကုန်ဟု (မိန့်တော်မူ၏)။ (၁၆)
၁၁၅။ ရဟန်းတို့ ပုဂ္ဂိုလ်နှစ်မျိုးတို့အား အာသဝေါတရားတို့သည် တိုးပွါးကုန်၏။ အဘယ်နှစ်မျိုးတို့နည်းဟူမူ— တရားမဟုတ်သည်၌တရားဟုတ်၏ဟု အမှတ်ရှိသောသူ လည်းကောင်း၊ တရားဟုတ်သည်၌တရားမဟုတ်ဟု အမှတ်ရှိသောသူလည်းကောင်းတို့တည်း။ ရဟန်းတို့ ဤပုဂ္ဂိုလ်နှစ်မျိုးတို့အား အာသဝေါတရားတို့သည် တိုးပွါးကုန်၏ဟု (မိန့်တော်မူ၏)။ (၁၇)
၁၁၆။ ရဟန်းတို့ ပုဂ္ဂိုလ်နှစ်မျိုးတို့အား အာသဝေါတရားတို့သည် မတိုးပွါးကုန်။ အဘယ်နှစ်မျိုးတို့နည်းဟူမူ— တရားဟုတ်သည်၌တရားဟုတ်၏ဟု အမှတ်ရှိသောသူလည်းကောင်း၊ တရားမဟုတ်သည်၌တရားမဟုတ်ဟု အမှတ်ရှိသောသူလည်းကောင်းတို့တည်း။ ရဟန်းတို့ ဤပုဂ္ဂိုလ်နှစ်မျိုးတို့အား အာသဝေါတရားတို့သည် မတိုးပွါးကုန်ဟု (မိန့်တော်မူ၏)။ (၁၈)
၁၁၇။ ရဟန်းတို့ ပုဂ္ဂိုလ်နှစ်မျိုးတို့အား အာသဝေါတရားတို့သည် တိုးပွါးကုန်၏။ အဘယ်နှစ်မျိုးတို့နည်းဟူမူ— ဝိနည်းမဟုတ်သည်၌ ဝိနည်းဟုတ်၏ဟု အမှတ်ရှိသောသူ လည်းကောင်း ဝိနည်းဟုတ်သည်၌ ဝိနည်းမဟုတ်ဟု အမှတ်ရှိသော သူလည်းကောင်းတို့တည်း။ ရဟန်းတို့ ဤပုဂ္ဂိုလ်နှစ်မျိုးတို့အား အာသဝေါတရားတို့သည် တိုးပွါးကုန်၏ဟု (မိန့်တော်မူ၏)။ (၁၉)
၁၁၈။ ရဟန်းတို့ ပုဂ္ဂိုလ်နှစ်မျိုးတို့အား အာသဝေါတရားတို့သည် မတိုးပွါးကုန်။ အဘယ်နှစ်မျိုးတို့နည်းဟူမူ— ဝိနည်းမဟုတ်သည်၌ ဝိနည်းမဟုတ်ဟု အမှတ်ရှိသောသူ လည်းကောင်း၊ ဝိနည်းဟုတ်သည်၌ ဝိနည်းဟုတ်၏ဟု အမှတ်ရှိသောသူလည်းကောင်းတို့တည်း။ ရဟန်းတို့ ဤပုဂ္ဂိုလ်နှစ်မျိုးတို့အား အာသဝေါတရားတို့သည် မတိုးပွါးကုန်ဟု (မိန့်တော်မူ၏)။ (၂ဝ)
ငါးခုမြောက် ဗာလဝဂ် ပြီး၏။
ဒုတိယသုတ် ငါးဆယ် ပြီး၏။
၁။ ဝိနည်းပညတ်အရ အပြစ်ရှိမည်ကို ကြောက်ရွံ့၍ တစ်စုံတစ်ရာ၌ စိစစ်ဝေဖန်မှုကို ဆိုသည်။