အင်္ဂုတ္တရနိကာယ်
(၁၂) ၂-အာပါယိကဝဂ်
၄-အာနေဉ္ဇသုတ်
၁၁၇။ ရဟန်းတို့ လောက၌ ဤပုဂ္ဂိုလ်သုံးမျိုးတို့သည် ထင်ရှားရှိကုန်၏။ အဘယ်သုံးမျိုးတို့နည်းဟူမူ— ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ရူပသညာ၁တို့ကို လုံးဝလွန်မြောက်ခြင်း ပဋိဃသညာ၂တို့၏ လုံးဝချုပ်ခြင်း နာနတ္တသညာ၃တို့ကို လုံးဝ နှလုံးမသွင်းခြင်းကြောင့် “ကောင်းကင်သည် အဆုံးမရှိ”ဟု (နှလုံးသွင်းလျက်) အာကာသာနဉ္စာယတနဈာန်သို့ ရောက်၍ နေ၏။ ထို ပုဂ္ဂိုလ်သည် ထို အာကာသာနဉ္စာယတနဈာန်ကို သာယာ၏၊ ထို ဈာန်ကို အလိုရှိ၏၊ ထို ဈာန်ဖြင့်လည်း နှစ်သက်ခြင်းသို့ ရောက်၏၊ ထို ဈာန်၌ တည်၏၊ ထို ဈာန်ကိုပင် နှလုံးသွင်း၏၊ ထို ဈာန်ဖြင့် များစွာ နေလေ့ရှိ၏၊ (ဈာန်မှ) မယုတ်မူ၍ သေလွန်ခဲ့သော် အာကာသာနဉ္စာယတနဗြဟ္မာတို့၏ အသင်းဝင်အဖြစ်သို့ ရောက်၏။ ရဟန်းတို့ အာကာသာနဉ္စာယတနဗြဟ္မာတို့၏ အသက်အတိုင်းအရှည်သည် မဟာကပ်နှစ်သောင်းတို့တည်း၊ ထို (အာကာသာနဉ္စာယတန) ဘုံ၌ ပုထုဇဉ်ပုဂ္ဂိုလ်သည် အသက်ထက်ဆုံး တည်နေရ၍ ထို ဗြဟ္မာတို့၏ အသက်အတိုင်းအရှည်ရှိသမျှ အားလုံးကို ကုန်စေပြီးလျှင် ငရဲသို့လည်း လားရ၏၊ တိရစ္ဆာန်မျိုးသို့လည်း လားရ၏၊ ပြိတ္တာဘုံသို့လည်း လားရ၏။ မြတ်စွာဘုရား၏ တပည့် (အောက်ဖလဋ္ဌာန်ပုဂ္ဂိုလ်)သည်ကား ထို အာကာသာနဉ္စာယတနဘုံ၌ အသက်ထက်ဆုံး တည်နေရ၍ ထို ဗြဟ္မာတို့၏ အသက် အတိုင်းအရှည်ရှိသမျှ အားလုံးကို ကုန်စေပြီးလျှင် ထို အာကာသာနဉ္စာယတနဘုံ၌ပင် ပရိနိဗ္ဗာန်ပြု၏။ ရဟန်းတို့ လားရာ ‘ဂတိ’ ဖြစ်ခြင်း ‘ပဋိသန္ဓေ’ ၌ ဤပုထုဇဉ်၏ ဒုဂ္ဂတိသို့ လားရခြင်း, အရိယာ၏့ပရိနိဗ္ဗာန်ပြုရခြင်းသည်ပင် အကြား အမြင်မရှိသော ပုထုဇဉ်နှင့် အကြားအမြင်ရှိသော အရိယာသာဝက၏ အထူးတည်း၊ ဤသည်ပင် လွန်ကဲ သော အားထုတ်ကြောင်းတည်း၊ ဤသည်ပင် ထူးခြားခြင်းတည်း။
ရဟန်းတို့ နောက်တစ်မျိုးကား ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် အလုံးစုံသော အာကာသာနဉ္စာယတနဈာန်ကို လွန်မြောက်၍ “ဝိညာဉ်သည် အဆုံးမရှိ”ဟု (နှလုံးသွင်းလျက်) ဝိညာဏဉ္စာယတနဈာန်သို့ ရောက်၍ နေ၏။ ထိုပုဂ္ဂိုလ်သည် ထို ဝိညာဏဉ္စာယတနဈာန်ကို သာယာ၏၊ ထို ဈာန်ကို အလိုရှိ၏၊ ထို ဈာန်ဖြင့်လည်း နှစ်သက်ခြင်းသို့ ရောက်၏၊ ထို ဈာန်၌ တည်၏၊ ထို ဈာန်ကိုပင် နှလုံးသွင်း၏၊ ထို ဈာန်ဖြင့် များစွာ နေလေ့ရှိ၏၊ (ဈာန်မှ) မယုတ်မူ၍ သေလွန်ခဲ့သော် ဝိညာဏဉ္စာယတနတဗြဟ္မာတို့၏ အသင်းဝင်အဖြစ်သို့ ရောက်၏။ ရဟန်းတို့ ဝိညာဏဉ္စာယတနဘုံသို့ ကပ်ရောက်ကုန်သော ဗြဟ္မာတို့၏ အသက်အတိုင်းအရှည်သည် မဟာကပ်လေးသောင်းတို့တည်း၊ ထို ဝိညာဏဉ္စာယတနဘုံ၌ ပုထုဇဉ်ပုဂ္ဂိုလ်သည် အသက်ထက်ဆုံး တည်နေရ၍ ထို ဗြဟ္မာတို့၏အသက် အတိုင်းအရှည်ရှိသမျှ အားလုံးကို ကုန်စေပြီးလျှင် ငရဲသို့လည်း လားရ၏၊ တိရစ္ဆာန်မျိုးသို့လည်း လားရ၏၊ ပြိတ္တာဘုံသို့လည်း လားရ၏။ မြတ်စွာဘုရား၏ တပည့် (အောက်ဖလဋ္ဌာန်ပုဂ္ဂိုလ်)သည်ကား ထို ဝိညာဏဉ္စာယတနဘုံ၌ အသက်ထက်ဆုံး တည်နေရ၍ ထို ဗြဟ္မာတို့၏အသက် အတိုင်းအရှည်ရှိသမျှ အားလုံးကို ကုန်စေပြီးလျှင် ထို ဝိညာဏဉ္စာ ယတနဘုံ၌ပင် ပရိနိဗ္ဗာန်ပြု၏။ ရဟန်းတို့ လားရာ ‘ဂတိ’ ဖြစ်ခြင်း ‘ပဋိသန္ဓေ’၌ ဤပုထုဇဉ်၏ ဒုဂ္ဂတိသို့ လားရခြင်း, အရိယာသာဝက၏ ပရိနိဗ္ဗာန်ပြုရခြင်းသည်ပင် အကြားအမြင်မရှိသော ပုထုဇဉ်နှင့် အကြား အမြင်ရှိသော အရိယာသာဝက၏ အထူးတည်း၊ ဤသည်ပင် လွန်ကဲသော အားထုတ်ကြောင်းတည်း၊ ဤသည်ပင် ထူးခြားခြင်းတည်း။
ရဟန်းတို့ နောက်တစ်မျိုးကား ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် အလုံးစုံသော ဝိညာဏဉ္စာ ယတနဈာန်ကို လွန်မြောက်၍ “တစ်စုံတစ်ခုမျှ မရှိ”ဟု (နှလုံးသွင်းလျက်) အာကိဉ္စညာယတနဈာန်သို့ ရောက်၍ နေ၏။ ထိုပုဂ္ဂိုလ်သည် ထို အာကိဉ္စညာယတနဈာန်ကို သာယာ၏၊ ထို ဈာန်ကို အလိုရှိ၏၊ ထို ဈာန် ဖြင့်လည်း နှစ်သက်ခြင်းသို့ ရောက်၏၊ ထို ဈာန်၌ တည်၏၊ ထို ဈာန်ကိုပင် နှလုံးသွင်း၏၊ ထို ဈာန်ဖြင့် များစွာ နေလေ့ရှိ၏၊ (ဈာန်မှ) မယုတ်မူ၍ သေလွန်ခဲ့သော် အာကိဉ္စညာယတနဗြဟ္မာတို့၏ အသင်းဝင် အဖြစ်သို့ ရောက်၏။ ရဟန်းတို့ အာကိဉ္စညာယတဘုံသို့ ကပ်ရောက်ကုန်သော ဗြဟ္မာတို့၏ အသက် အတိုင်းအရှည်သည် မဟာကပ်ခြောက်သောင်းတို့တည်း၊ ထို အာကိဉ္စညာယတနဘုံ၌ ပုထုဇဉ်ပုဂ္ဂိုလ်သည် အသက်ထက်ဆုံးတည်နေရ၍ ထို ဗြဟ္မာတို့၏အသက် အတိုင်းအရှည်ရှိသမျှ အားလုံးကို ကုန်စေပြီးလျှင် ငရဲသို့လည်း လားရ၏၊ တိရစ္ဆာန်မျိုးသို့လည်း လားရ၏၊ ပြိတ္တာဘုံသို့လည်း လားရ၏။ မြတ်စွာဘုရား၏ တပည့် (အောက်ဖလဋ္ဌာန်ပုဂ္ဂိုလ်)သည်ကား ထို အာကိဉ္စညာယတနဘုံ၌ အသက်ထက်ဆုံး တည် နေရ၍ ထို ဗြဟ္မာတို့၏ အသက်အတိုင်းအရှည်ရှိသမျှ အားလုံးကို ကုန်စေပြီးလျှင် ထို အာကိဉ္စညာယတန ဘုံ၌ပင် ပရိနိဗ္ဗာန် ပြု၏။ ရဟန်းတို့ အကြင် လားရာ ‘ဂတိ’ ဖြစ်ခြင်း ‘ပဋိသန္ဓေ’ ၌ ဤပုထုဇဉ်၏ ဒုဂ္ဂတိသို့ လားရခြင်း, အရိယာ၏ ပရိနိဗ္ဗာန်ပြုရခြင်းသည်ပင် အကြားအမြင်မရှိသော ပုထုဇဉ်နှင့်အကြား အမြင်ရှိသော အရိယာသာဝက၏ အထူးတည်း၊ ဤသည်ပင် လွန်ကဲသော အားထုတ်ကြောင်းတည်း၊ ဤသည်ပင် ထူးခြားခြင်းတည်း။ ရဟန်းတို့ ဤလောက၌ ဤပုဂ္ဂိုလ်သုံးမျိုးတို့သည် ထင်ရှားရှိကုန်၏ဟု (မိန့်တော်မူ၏)။
စတုတ္ထသုတ်။
၁။ ရူပသညာ—ရူပဈာန်၌ ဖြစ်သော သညာ။
၂။ ပဋိဃသညာ—စက္ခုစသောဝတ္ထုရုပ်ငါးပါး၌ ရူပါရုံစသော အာရုံငါးပါးတို့ ထိခိုက်သောအခါ ဖြစ်ပေါ်လာသော ပဉ္စဝိဉာဏ်။
၃။ ပဋိဃသညာမှ တစ်ပါး အမျိုးမျိုးသော ကာမာဝစရသညာ။