အင်္ဂုတ္တရနိကာယ်

(၁၄) ၄-ယောဓာဇီဝဝဂ်

၄-ဥပ္ပါဒါသုတ်

၁၃၇။ ရဟန်းတို့ ဘုရားရှင်တို့ ပွင့်သည်ဖြစ်စေ မပွင့်သည်ဖြစ်စေ ထို (အနိစ္စ) ဓာတ်သည် သဘော အားဖြင့် တည်သည်၏ အဖြစ်, သဘောအားဖြင့် မြဲသည်၏ အဖြစ်ဖြင့် တည်နေသည်သာလျှင်တည်း။ သင်္ခါရတရားအားလုံးတို့သည် မမြဲကုန်၊ ထို သဘောတရားကို ဘုရားရှင်သည် ဉာဏ်ဖြင့် ထိုးထွင်း၍ သိ၏၊ ဉာဏ်ဖြင့် သက်ဝင်၍ သိ၏၊ ဉာဏ်ဖြင့် ထိုးထွင်းသက်ဝင် သိပြီး၍ “သင်္ခါရတရား အားလုံးတို့သည် မမြဲကုန်”ဟု ညွှန်ကြားတော်မူ၏၊ ဟောကြားတော်မူ၏၊ ပညတ်တော်မူ၏၊ ဉာဏ်၌ ထားတော်မူ၏၊ ဖွင့်ပြတော်မူ၏၊ ဝေဖန်တော်မူ၏၊ ပေါ်လွင်အောင် ပြုတော်မူ၏၊ ရဟန်းတို့ ဘုရားရှင်တို့ ပွင့်သည်ဖြစ်စေ မပွင့်သည်ဖြစ်စေ ထို (ဒုက္ခ) ဓာတ်သည် သဘောအားဖြင့် တည်သည်၏ အဖြစ်, သဘောအားဖြင့် မြဲသည်၏ အဖြစ်ဖြင့် တည်နေသည်သာတည်း၊ သင်္ခါရတရားအားလုံးတို့သည် ဆင်းရဲကုန်၏၊ ထို သဘောတရားကို ဘုရားရှင်သည် ဉာဏ်ဖြင့် ထိုးထွင်း၍ သိ၏၊ ဉာဏ်ဖြင့် သက်ဝင်၍ သိ၏၊ ဉာဏ်ဖြင့် ထိုးထွင်း သက်ဝင်၍ သိပြီးလျှင် “သင်္ခါရတရားအားလုံးတို့သည် ဆင်းရဲကုန်၏”ဟု ညွှန်ကြားတော်မူ၏၊ ဟောကြားတော်မူ၏၊ ပညတ်တော်မူ၏၊ ဉာဏ်၌ ထားတော်မူ၏၊ ဖွင့်ပြတော်မူ၏၊ ဝေဖန်တော်မူ၏၊ ပေါ်လွင်အောင် ပြုတော်မူ၏။ ရဟန်းတို့ ဘုရားရှင်တို့ ပွင့်သည်ဖြစ်စေ မပွင့်သည်ဖြစ်စေ ထို (အနတ္တ) ဓာတ်သည် သဘောအားဖြင့် တည်သည်၏ အဖြစ်, သဘောအားဖြင့် မြဲသည်၏ အဖြစ်ဖြင့် တည်နေသည်သာတည်း၊ တရားအားလုံးတို့သည် အလိုသို့ မလိုက်ကုန်၊ ထို သဘောတရားကို ဘုရားရှင်သည် ဉာဏ်ဖြင့် ထိုးထွင်း၍ သိ၏၊ ဉာဏ်ဖြင့် သက်ဝင်၍ သိ၏၊ ဉာဏ်ဖြင့် ထိုးထွင်း သက်ဝင်၍ သိပြီးလျှင် “တရားအားလုံးတို့သည် အလိုသို့ မလိုက်ကုန်၊ (အနတ္တဖြစ်ကုန်၏)”ဟု ညွှန်ကြားတော်မူ၏၊ ဟောကြားတော်မူ၏၊ ပညတ်တော်မူ၏၊ ဉာဏ်၌့ထားတော်မူ၏၊ ဖွင့်ပြတော်မူ၏၊ ဝေဖန်တော်မူ၏၊ ပေါ်လွင်အောင် ပြုတော်မူ၏ဟု (မိန့်တော်မူ၏)။

စတုတ္ထသုတ်။