အင်္ဂုတ္တရနိကာယ်

၃-ပုဂ္ဂလဝဂ်

၂-ဂိလာနသုတ်

၂၂။ ရဟန်းတို့ ဤသူနာသုံးမျိုးတို့သည် လောက၌ ထင်ရှားရှိကုန်၏။ အဘယ်သုံးမျိုးတို့နည်းဟူမူ— ရဟန်းတို့ ဤလောက၌ အချို့သော သူနာသည် သင့်လျော်သော အစားအစာတို့ကို ရသော်လည်းကောင်း၊ သင့်လျော်သော အစားအစာတို့ကို မရသော်လည်းကောင်း၊ သင့်လျော်သော ဆေးတို့ကို ရသော်လည်းကောင်း၊ သင့်လျော်သော ဆေးတို့ကို မရသော်လည်းကောင်း၊ သင့်လျော်သော သူနာပြုကို ရသော်လည်းကောင်း၊ သင့်လျော်သော သူနာပြုကို မရသော်လည်းကောင်း ထို ရောဂါဝေဒနာမှ မထမြောက်။ ရဟန်းတို့ ဤလောက၌ အချို့သော သူနာသည် သင့်လျော်သော အစားအစာတို့ကို ရသော်လည်းကောင်း၊ သင့်လျော်သော အစားအစာတို့ကို မရသော်လည်းကောင်း၊ သင့်လျော်သော ဆေးတို့ကို့ရသော်လည်းကောင်း၊ သင့်လျော်သော ဆေးတို့ကို မရသော်လည်းကောင်း၊ သင့်လျော်သော သူနာပြုကို ရသော်လည်းကောင်း၊ သင့်လျော်သော သူနာပြုကို မရသော်လည်းကောင်း ထို ရောဂါဝေဒနာမှ ထမြောက်၏။ ရဟန်းတို့ ဤလောက၌ အချို့သော သူနာသည် သင့်လျော်သော အစားအစာတို့ကို ရမှသာလျှင် ထို ရောဂါဝေဒနာမှ ထမြောက်နိုင်၏၊ သင့်လျော်သော အစားအစာတို့ကို မရသော် ထို ရောဂါ ဝေဒနာမှ မထမြောက်နိုင်၊ သင့်လျော်သော ဆေးတို့ကို ရမှသာလျှင် ထို ရောဂါဝေဒနာမှ ထမြောက်နိုင်၏၊ သင့်လျော်သော ဆေးတို့ကို မရသော် ထို ရောဂါဝေဒနာမှ မထမြောက်နိုင်၊ သင့်လျော်သော သူနာပြုကို ရမှသာလျှင် ထို ရောဂါဝေဒနာမှ ထမြောက်နိုင်၏၊ သင့်လျော်သော သူနာပြုကို မရသော် ထို ရောဂါ ဝေဒနာမှ မထမြောက်နိုင်။

ရဟန်းတို့ ထိုသူနာသုံးမျိုးတို့တွင် အကြင်သူနာသည် သင့်လျော်သော အစားအစာတို့ကို ရမှသာ လျှင် ထို ရောဂါဝေဒနာမှ ထမြောက်နိုင်၏၊ မရသော် ထို ရောဂါဝေဒနာမှ မထမြောက်နိုင်၊ သင့်လျော်သော ဆေးတို့ကို ရမှသာလျှင် ထို ရောဂါဝေဒနာမှ ထမြောက်နိုင်၏၊ မရသော် ထို ရောဂါဝေဒနာမှ မထမြောက် နိုင်၊ သင့်လျော်သော သူနာပြုကို ရမှသာလျှင် ထို ရောဂါဝေဒနာမှ ထမြောက်နိုင်၏၊ မရသော် ထို ရောဂါ ဝေဒနာမှ မထမြောက်နိုင်။ ရဟန်းတို့ ဤသူနာကို အကြောင်းပြု၍ သူနာအား လျောက်ပတ်သော ဆွမ်း ကို ခွင့်ပြုတော်မူ၏၊ သူနာအား အထောက်အပံ့ဖြစ်သော ဆေးကို ခွင့်ပြုတော်မူ၏၊ သူနာပြုကို ခွင့်ပြု တော်မူ၏၊ ရဟန်းတို့ ဤသူနာကို အကြောင်းပြု၍ အခြားသူနာတို့ကိုလည်း လုပ်ကျွေးပြုစုအပ်ကုန်၏။ ရဟန်းတို့ လောက၌ ဤသူနာသုံးမျိုးတို့သည် ထင်ရှား ရှိကုန်၏။

ရဟန်းတို့ ဤအတူသာလျှင် သူနာနှင့် တူကုန်သော ပုဂ္ဂိုလ်သုံးမျိုးတို့သည် လောက၌ ထင်ရှား ရှိကုန်၏။ အဘယ် သုံးမျိုးတို့နည်းဟူမူ— ရဟန်းတို့ ဤသာသနာတော်၌ အချို့သော ပုဂ္ဂိုလ်သည် မြတ်စွာဘုရားကို ဖူးမြော်ရသော်လည်းကောင်း၊ မဖူးမြော်ရသော်လည်းကောင်း၊ မြတ်စွာဘုရား ဟောကြားတော်မူ အပ်သော သုတ် အဘိဓမ္မာ ဝိနည်းကို ကြားနာရသော်လည်းကောင်း၊ မကြားနာရသော်လည်းကောင်း ကုသိုလ်တရားတို့၌ ဖြောင့်မှန်သော သဘောရှိသော မြဲသော အရိယာမဂ်သို့ မသက်ဝင်နိုင်။

ရဟန်းတို့ ဤသာသနာတော်၌ အချို့သော ပုဂ္ဂိုလ်သည် မြတ်စွာဘုရားကို ဖူးမြော်ရသော်လည်းကောင်း၊ မဖူးမြော်ရသော်လည်းကောင်း၊ မြတ်စွာဘုရား ဟောကြားတော်မူအပ်သော သုတ် အဘိဓမ္မာ ဝိနည်းကို ကြားနာရသော်လည်းကောင်း၊ မကြားနာရသော်လည်းကောင်း ကုသိုလ်တရားတို့၌ ဖြောင့်မှန် သော သဘောရှိသော မြဲသော အရိယာမဂ်သို့ သက်ဝင်နိုင်၏။

ရဟန်းတို့ ဤသာသနာတော်၌ အချို့သော ပုဂ္ဂိုလ်သည် မြတ်စွာဘုရားကို ဖူးမြော်ရမှသာလျှင် ကုသိုလ်တရားတို့၌ ဖြောင့်မှန်သော သဘောရှိသော မြဲသော အရိယာမဂ်သို့ သက်ဝင်နိုင်၏၊ မဖူးမြော် ရသော် မသက်ဝင်နိုင်။ မြတ်စွာဘုရား ဟောကြားတော်မူအပ်သော သုတ် အဘိဓမ္မာ ဝိနည်းကို ကြားနာရမှ သာလျှင် ကုသိုလ်တရားတို့၌ ဖြောင့်မှန်သော သဘောရှိသော မြဲသော အရိယာမဂ်သို့ သက်ဝင်နိုင်၏၊ မကြားနာရသော် ကုသိုလ်တရားတို့၌ ဖြောင့်မှန်သော သဘောရှိသော မြဲသော အရိယာမဂ်သို့ မသက် ဝင်နိုင်။

ရဟန်းတို့ ထို ပုဂ္ဂိုလ်သုံးမျိုးတို့တွင် အကြင် ပုဂ္ဂိုလ်သည် မြတ်စွာဘုရားကို ဖူးမြော်ရမှသာလျှင် ကုသိုလ်တရားတို့၌ ဖြောင့်မှန်သော သဘောရှိသော မြဲသော အရိယာမဂ်သို့ သက်ဝင်နိုင်၏၊ မဖူးမြော် ရသော် မသက်ဝင်နိုင်၊ မြတ်စွာဘုရား ဟောကြားတော်မူအပ်သော သုတ် အဘိဓမ္မာ ဝိနည်းကို ကြားနာရမှ သာလျှင် ကုသိုလ်တရားတို့၌ ဖြောင့်မှန်သော သဘောရှိသော မြဲသော အရိယာမဂ်သို့ သက်ဝင်နိုင်၏၊ မကြားနာရသော် မသက်ဝင်နိုင်။ ရဟန်းတို့ ဤပုဂ္ဂိုလ်ကို အကြောင်းပြု၍တရားဟောခြင်းကို ခွင့်ပြု တော်မူ၏၊ ရဟန်းတို့ ဤပုဂ္ဂိုလ်ကို အကြောင်းပြု၍ အခြားသူတို့အားလည်းတရားကို ဟောကြားအပ်၏။ ရဟန်းတို့ သူနာနှင့်တူသော ဤပုဂ္ဂိုလ်သုံးမျိုးတို့သည် လောက၌ ထင်ရှားရှိကုန်၏ဟု (မိန့်တော်မူ၏)။

ဒုတိယသုတ်။