အင်္ဂုတ္တရနိကာယ်
၃-ပုဂ္ဂလဝဂ်
၉-အန္ဓသုတ်
၂၉။ ရဟန်းတို့ ဤပုဂ္ဂိုလ်သုံးမျိုးတို့သည် လောက၌ ထင်ရှားရှိကုန်၏။ အဘယ်သုံးမျိုးတို့နည်းဟူမူ— ကန်းသော ပုဂ္ဂိုလ်လည်းကောင်း၊ တစ်ဖက်အမြင်ရှိသော ပုဂ္ဂိုလ်လည်းကောင်း၊ နှစ်ဖက်အမြင် ရှိသော ပုဂ္ဂိုလ်လည်းကောင်းတို့တည်း။ ရဟန်းတို့ ကန်းသော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်အား အကြင် သို့သဘောရှိသော မျက်စိဖြင့် မရသေးသော စည်းစိမ်ဥစ္စာကိုလည်း ရနိုင်ရာ၏၊ ရပြီးသော စည်းစိမ်ဥစ္စာကိုလည်း တိုးပွါးအောင် ပြုနိုင်ရာ၏၊ ထိုသို့သဘောရှိသော မျက်စိသည် မရှိ။ အကြင် သို့ သဘောရှိသော မျက်စိဖြင့် ကုသိုလ် အကုသိုလ်တို့ကို သိနိုင်ရာ၏၊ အပြစ်ရှိ မရှိကုန်သော တရားတို့ကို သိနိုင်ရာ၏၊ အယုတ်အမြတ်တရားတို့ကို သိနိုင်ရာ၏၊ မည်းညစ် ဖြူစင်သော အဖို့ရှိသော တရားတို့ကို သိနိုင်ရာ၏၊ ထိုသို့သဘောရှိသော မျက်စိသည်လည်း မရှိ။ ရဟန်းတို့ ဤပုဂ္ဂိုလ်ကို ကန်းသော ပုဂ္ဂိုလ်ဟု ဆိုအပ်၏။
ရဟန်းတို့ တစ်ဖက်အမြင်ရှိသော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤလောက၌ အချို့ သောပုဂ္ဂိုလ်အား အကြင် သို့သဘောရှိသော မျက်စိဖြင့် မရသေးသော စည်းစိမ်ဥစ္စာကိုလည်း ရနိုင်ရာ၏၊ ရပြီးသော စည်းစိမ်ဥစ္စာကိုလည်း တိုးပွါးအောင် ပြုနိုင်ရာ၏၊ ထိုသို့သဘောရှိသော မျက်စိသည် ရှိ၏။ အကြင် သို့သဘောရှိသော မျက်စိဖြင့် ကုသိုလ် အကုသိုလ်တို့ကို သိနိုင်ရာ၏၊ အပြစ်ရှိ မရှိကုန်သော တရား တို့ကို သိနိုင်ရာ၏၊ အယုတ်အမြတ်တရားတို့ကို သိနိုင်ရာ၏၊ မည်းညစ် ဖြူစင်သော အဖို့ရှိသော တရား တို့ကို သိနိုင်ရာ၏၊ ထိုသို့ သဘောရှိသော မျက်စိကား မရှိ။ ရဟန်းတို့ ဤပုဂ္ဂိုလ်ကို တစ်ဖက်အမြင် ရှိသော ပုဂ္ဂိုလ်ဟု ဆိုအပ်၏။
ရဟန်းတို့ နှစ်ဖက်အမြင်ရှိသော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်အား အကြင် သို့သဘောရှိသော မျက်စိဖြင့် မရသေးသော စည်းစိမ်ဥစ္စာကိုလည်း ရနိုင်ရာ၏၊ ရပြီးသော စည်းစိမ်ဥစ္စာကိုလည်း တိုးပွါးအောင် ပြုနိုင်ရာ၏၊ ထိုသို့သဘောရှိသော မျက်စိအမြင်သည် ရှိ၏။ အကြင် သို့ သဘောရှိသော မျက်စိဖြင့် ကုသိုလ် အကုသိုလ်တို့ကို သိနိုင်ရာ၏၊ အပြစ်ရှိ မရှိကုန် သော တရားတို့ကို သိနိုင်ရာ၏၊ အယုတ်အမြတ်တရားတို့ကို သိနိုင်ရာ၏၊ မည်းညစ် ဖြူစင်သော အဖို့ရှိ သော တရားတို့ကို သိနိုင်ရာ၏၊ ထိုသို့သဘောရှိသော မျက်စိသည်လည်း ရှိ၏။ ရဟန်းတို့ ဤပုဂ္ဂိုလ်ကို နှစ်ဖက်အမြင်ရှိသော ပုဂ္ဂိုလ်ဟု ဆိုအပ်၏။ ရဟန်းတို့ ဤပုဂ္ဂိုလ်သုံးမျိုးတို့သည် လောက၌ ထင်ရှား ရှိကုန်၏ဟု (မိန့်တော်မူ၏)။
ရဟန်းတို့ အကြင် (ပညာ) မျက်စိ ပျက်၍ ကန်းသူအား ထိုသို့ သဘောရှိကုန် သော စည်းစိမ်တို့သည်လည်း မဖြစ်ကုန်၊ ကောင်းမှုတို့ကိုလည်း မပြုလုပ်နိုင်၊ ထိုသူသည် (ပစ္စ္စုပ္ပန် တမလွန်) နှစ်တန်သော လောက၌ ဆုံးရှုံး ရလေ၏။ ထိုမှတစ်ပါး ကောက်ကျစ်သော ပုဂ္ဂိုလ်သည် ဓမ္မ အဓမ္မဖြင့် စည်းစိမ်ဥစ္စာတို့ကို ရှာမှီး၏၊ ဤပုဂ္ဂိုလ်ကို တစ်ဖက်အမြင်ရှိသော ပုဂ္ဂိုလ်ဟု ဆိုအပ်၏။ အကြင် ပုဂ္ဂိုလ်သည် ခိုးဝှက်မှုဖြင့်လည်းကောင်း၊ ကောက်ကျစ်စဉ်းလဲမှုဖြင့်လည်းကောင်း၊ မဟုတ်မမှန် ပြောဆိုခြင်းဖြင့်လည်းကောင်း၊ နှစ်ပါးစုံတို့ဖြင့်လည်းကောင်း ဥစ္စာစည်းစိမ်တို့ကို စုဆောင်းခြင်းငှါ ကျွမ်းကျင်၏၊ ကာမဂုဏ်ခံစားသော တစ်ဖက် အမြင်သာရှိသော ထိုပုဂ္ဂိုလ်သည် ဤလူ့ပြည်မှ ငရဲသို့ ရောက်၍ ပင်ပန်းဆင်းရဲ ရ၏။ တရားသဖြင့် ရအပ်သော စည်းစိမ်ဥစ္စာတို့နှင့် ပြည့်စုံသော နှစ်ဖက်အမြင်ရှိသူဟု ဆိုအပ်သော မြတ်သော အကြင် ပုဂ္ဂိုလ်သည် ထကြွလုံ့လဖြင့် ရအပ်သော ဥစ္စာကို ပေးလှူ၏၊ ကောင်းမြတ်သော အကြံအစည်ရှိသော ယုံမှားသံသယကင်းသော ထိုပုဂ္ဂိုလ်သည် စိုးရိမ်သောကကင်းရာ နတ်ပြည်သို့ ရောက်ရ၏။ ကန်းသော သူကိုလည်းကောင်း၊ တစ်ဖက်အမြင်ရှိသော သူကိုလည်းကောင်း ဝေးစွာ ရှောင်ကြဉ်ရာ၏၊ နှစ်ဖက်အမြင်ရှိသော မြတ်သော ပုဂ္ဂိုလ်ကိုသာ မှီဝဲရာ၏။
နဝမသုတ်။