အင်္ဂုတ္တရနိကာယ်
၄-ဒေဝဒူတဝဂ်
၂-အာနန္ဒ္ဒသုတ်
၃၂။ ထိုအခါ အသျှင်အာနန္ဒာသည် မြတ်စွာဘုရားအထံသို့ ချဉ်းကပ်၍ ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်လျက် မြတ်စွာဘုရားအား— “အသျှင်ဘုရား အကြင် သို့သဘောရှိသော သမာဓိဖြင့် ဝိညာဉ် ရှိသော ဤကိုယ်၌လည်း ငါဟူသော အခြင်းအရာအားဖြင့် ဖြစ်သော အဟံကာရ၊ ငါ့ဥစ္စာဟူသော အခြင်း အရာအားဖြင့် ဖြစ်သော မမံကာရ၊ ထောင်လွှားသော အခြင်းအရာအားဖြင့် ဖြစ်သော မာနာနုသယတို့သည် မဖြစ်ကုန်ရာ။ အပသန္တာန်၌ ဖြစ်သော အလုံးစုံသော အာရုံ (နိမိတ်)တို့၌လည်း ငါဟူသော အခြင်းအရာအားဖြင့် ဖြစ်သော အဟံကာရ၊ ငါ့ဥစ္စာဟူသော အခြင်းအရာအားဖြင့် ဖြစ်သော မမံကာရ၊ ထောင်လွှားသော အခြင်းအရာအားဖြင့် ဖြစ်သော မာနာနုသယတို့သည် မဖြစ်ကုန်ရာ။ အကြင် စိတ်၏ ကိလေသာမှ လွတ်မြောက်ခြင်း အရဟတ္တဖိုလ်သမာဓိနှင့် ကိလေသာမှ လွတ်မြောက်ခြင်း အရဟတ္တဖိုလ် ပညာသို့ ရောက်၍နေသော ပုဂ္ဂိုလ်အား ငါဟူသော အခြင်းအရာအားဖြင့် ဖြစ်သော အဟံကာရ၊ ငါ့ဥစ္စာဟူသော အခြင်းအရာအားဖြင့် ဖြစ်သော မမံကာရ၊ ထောင်လွှားသော အခြင်းအရာအားဖြင့် ဖြစ်သော မာနာနုသယတို့သည် မဖြစ်ကုန်ရာ၊ ထို စိတ်၏ ကိလေသာမှ လွတ်မြောက်ခြင်း အရဟတ္တဖိုလ်သမာဓိနှင့် ကိလေသာမှ လွတ်မြောက်ခြင်း အရဟတ္တဖိုလ်ပညာသို့ ရောက်၍ နေရာ၏၊ ရဟန်းအား ထိုသို့သဘော ရှိသော သမာဓိကို ရခြင်းသည် ဖြစ်ရာပါသလော”ဟု လျှောက်၏။
အာနန္ဒာ အကြင် သို့သဘောရှိသော သမာဓိဖြင့် ဝိညာဉ်ရှိသော ဤကိုယ်၌လည်း ငါဟူသော အခြင်း အရာအားဖြင့် ဖြစ်သော အဟံကာရ၊ ငါ့ဥစ္စာဟူသော အခြင်းအရာအားဖြင့် ဖြစ်သော မမံကာရ၊ ထောင်လွှားသော အခြင်းအရာအားဖြင့် ဖြစ်သော မာနာနုသယတို့သည် မဖြစ်ကုန်ရာ။ အပသန္တာန်၌ ဖြစ်သော အလုံးစုံသော အာရုံ (နိမိတ်)တို့၌လည်း ငါဟူသော အခြင်းအရာအားဖြင့် ဖြစ်သော အဟံကာရ၊ ငါ့ဥစ္စာဟူသော အခြင်းအရာအားဖြင့် ဖြစ်သော မမံကာရ၊ ထောင်လွှားသော အခြင်းအရာ အားဖြင့် ဖြစ်သော မာနာနုသယတို့သည် မဖြစ်ကုန်ရာ။ အကြင် စိတ်၏ ကိလေသာမှ လွတ်မြောက်ခြင်း့အရဟတ္တဖိုလ်သမာဓိနှင့် ကိလေသာမှ လွတ်မြောက်ခြင်း အရဟတ္တဖိုလ်ပညာသို့ ရောက်၍ နေသော ပုဂ္ဂိုလ်အား ငါဟူသော အခြင်းအရာအားဖြင့် ဖြစ်သော အဟံကာရ၊ ငါ့ဥစ္စာဟူသော အခြင်းအရာအားဖြင့် ဖြစ်သော မမံကာရ၊ ထောင်လွှားသော အခြင်းအရာအားဖြင့် ဖြစ်သော မာနာနုသယတို့သည် မဖြစ်ကုန်၊ ထို စိတ်၏ ကိလေသာမှ လွတ်မြောက်ခြင်း အရဟတ္တဖိုလ်သမာဓိနှင့် ကိလေသာမှ လွတ်မြောက်ခြင်း အရဟတ္တဖိုလ်ပညာသို့ ရောက်၍ နေရာ၏၊ ရဟန်းအား ထိုသို့ သဘောရှိသော သမာဓိကို ရခြင်းသည် ဖြစ်ရာ၏”ဟု (မိန့်တော်မူ၏)။
အသျှင်ဘုရား အကြင် သို့သဘောရှိသော သမာဓိဖြင့် ဝိညာဉ်ရှိသော ဤကိုယ်၌လည်း ငါဟူသော အခြင်းအရာအားဖြင့် ဖြစ်သော အဟံကာရ၊ ငါ့ဥစ္စာဟူသော အခြင်းအရာအားဖြင့် ဖြစ်သော မမံကာရ၊ ထောင်လွှားသော အခြင်းအရာအားဖြင့် ဖြစ်သော မာနာနုသယတို့သည် မဖြစ်ကုန်ရာ။ အပသန္တာန်၌ ဖြစ်သော အလုံးစုံသော အာရုံ (နိမိတ်)တို့၌လည်း ငါဟူသော အခြင်းအရာအားဖြင့် ဖြစ်သော အဟံကာရ၊ ငါ့ဥစ္စာဟူသော အခြင်းအရာအားဖြင့် ဖြစ်သော မမံကာရ၊ ထောင်လွှားသော အခြင်းအရာအားဖြင့် ဖြစ်သော မာနာနုသယတို့သည် မဖြစ်ကုန်ရာ။ အကြင် စိတ်၏ ကိလေသာမှ လွတ်မြောက်ခြင်း အရဟတ္တ ဖိုလ်သမာဓိနှင့် ကိလေသာမှ လွတ်မြောက်ခြင်း အရဟတ္တဖိုလ်ပညာသို့ ရောက်၍ နေသော ပုဂ္ဂိုလ်အား ငါဟူသော အခြင်းအရာအားဖြင့် ဖြစ်သော အဟံကာရ၊ ငါ့ဥစ္စာဟူသော အခြင်းအရာအားဖြင့် ဖြစ်သော မမံကာရ၊ ထောင်လွှားသော အခြင်းအရာအားဖြင့် ဖြစ်သော မာနာနုသယတို့သည် မဖြစ်ကုန်၊ ထို စိတ်၏ ကိလေသာမှ လွတ်မြောက်ခြင်း အရဟတ္တဖိုလ်သမာဓိနှင့် ကိလေသာမှ လွတ်မြောက်ခြင်း အရဟတ္တဖိုလ် ပညာသို့ ရောက်၍ နေရာ၏၊ ရဟန်းအား ထိုသို့သဘောရှိသော သမာဓိကို ရခြင်းသည် အဘယ်သို့လျှင် ဖြစ်ရာပါအံ့နည်း”ဟု (လျှောက်ပြန်၏)။
အာနန္ဒာ ဤသာသနာတော်၌ ရဟန်းအား ပြုပြင်စီရင်တတ်သော သင်္ခါရတရား အားလုံးတို့၏ ငြိမ်းရာ ဥပဓိအားလုံးကို ပယ်စွန့်ရာ တဏှာကုန်ခန်းရာ တပ်မက်ခြင်းကင်းရာ ချုပ်ရာ ငြိမ်းရာဖြစ်သော နိဗ္ဗာန်သည် ရှိ၏၊ ထို နိဗ္ဗာန်သည် ငြိမ်သက်၏၊ ထို နိဗ္ဗာန်သည် မွန်မြတ်၏ဟု ဤသို့သော အကြံဖြစ်၏၊ အာနန္ဒာ ဤသို့သာလျှင် အကြင် သို့သဘောရှိသော သမာဓိဖြင့် ဝိညာဉ်ရှိသော ဤကိုယ်၌လည်း ငါဟူသော အခြင်းအရာအားဖြင့် ဖြစ်သော အဟံကာရ၊ ငါ့ဥစ္စာဟူသော အခြင်းအရာအားဖြင့် ဖြစ်သော မမံကာရ၊ ထောင်လွှားသော အခြင်းအရာအားဖြင့် ဖြစ်သော မာနာနုသယတို့သည် မဖြစ်ကုန်ရာ။ အပသန္တာန်၌ ဖြစ်သော အလုံးစုံသော အာရုံ (နိမိတ်)တို့၌လည်း ငါဟူသော အခြင်းအရာအားဖြင့် ဖြစ်သော အဟံကာရ၊ ငါ့ဥစ္စာဟူသော အခြင်းအရာအားဖြင့် ဖြစ်သော မမံကာရ၊ ထောင်လွှားသော အခြင်းအရာအားဖြင့် ဖြစ်သော မာနာနုသယတို့သည် မဖြစ်ကုန်ရာ။ အကြင် စိတ်၏ ကိလေသာမှ လွတ်မြောက်ခြင်း အရဟတ္တ ဖိုလ်သမာဓိနှင့် ကိလေသာမှ လွတ်မြောက်ခြင်း အရဟတ္တဖိုလ်ပညာသို့ ရောက်၍ နေသော ပုဂ္ဂိုလ်အား ငါဟူသော အခြင်းအရာအားဖြင့် ဖြစ်သော အဟံကာရ၊ ငါ့ဥစ္စာဟူသော အခြင်းအရာအားဖြင့် ဖြစ်သော မမံကာရ၊ ထောင်လွှားသော အခြင်းအရာအားဖြင့် ဖြစ်သော မာနာနုသယတို့သည် မဖြစ်ကုန်။ ထို စိတ်၏ ကိလေသာမှ လွတ်မြောက်ခြင်း အရဟတ္တဖိုလ်သမာဓိနှင့် ကိလေသာမှ လွတ်မြောက်ခြင်း အရဟတ္တဖိုလ် ပညာသို့ ရောက်၍ နေရာ၏၊ ရဟန်းအား ထိုသို့ သဘောရှိသော သမာဓိကို ရခြင်းသည် ဖြစ်ရာ၏ဟု (မိန့်တော်မူ၏)။ အာနန္ဒာ ဤနိဗ္ဗာန်ကို ရည်ရွယ်၍ ပါရာယနဝဂ်တွင် ပုဏ္ဏကလုလင်၏ အမေး ပုစ္ဆာ၌ ဤသို့ ငါဟောခဲ့၏— “လောက၌ သူတစ်ပါးခန္ဓာကိုယ် မိမိခန္ဓာကိုယ်တို့ကို (ပညာဖြင့်) ဆင်ခြင်မိသောကြောင့် အကြင် ရဟန္တာပုဂ္ဂိုလ်အား လောကဝယ် တစ်စုံတစ်ခုသော အာရုံ၌ တုန်လှုပ်ခြင်း မရှိ၊ ငြိမ်းအေး၏၊ အခိုးအငွေ့ကင်း၏၊ ဆင်းရဲခြင်းကင်း၏၊ တပ်မက်ခြင်း ကင်း၏၊ ထို ရဟန္တာ ပုဂ္ဂိုလ်သည် ပဋိသန္ဓေနေခြင်း အိုခြင်း နာခြင်း သေခြင်းကို ကူးမြောက်ပြီးသူဟု (ငါ) ဆို၏”ဟု ငါဟောထားခဲ့၏။
ဒုတိယသုတ်။