အင်္ဂုတ္တရနိကာယ်

(၂၆) ၆-အဘိညာဝဂ်

၂-ပရိယေသနသုတ်

၂၅၅။ ရဟန်းတို့ အရိယာမဟုတ်သူတို့၏ ရှာမှီးခြင်းတို့သည် ဤလေးမျိုးတို့တည်း။ အဘယ် လေးမျိုးတို့နည်းဟူမူ— ရဟန်းတို့ ဤလောက၌ အချို့သော သူသည် မိမိက အိုခြင်းသဘောရှိသူဖြစ်လျက် အိုခြင်းသဘောကိုသာလျှင် ရှာမှီး၏၊ မိမိက နာခြင်းသဘောရှိသူဖြစ်လျက် နာခြင်းသဘောကိုသာလျှင် ရှာမှီး၏၊ မိမိက သေခြင်းသဘောရှိသူဖြစ်လျက် သေခြင်းသဘောကိုသာလျှင် ရှာမှီး၏၊ မိမိက ပူပန် စေတတ် နှိပ်စက်တတ်သော သဘောရှိ သူဖြစ်လျက် ပူပန်စေတတ် နှိပ်စက်တတ်သော သဘောကိုသာလျှင် ရှာမှီး၏။ ရဟန်းတို့ အရိယာမဟုတ်သူတို့၏ ရှာမှီးခြင်းတို့သည် ဤလေးမျိုးတို့တည်း။

ရဟန်းတို့ အရိယာပုဂ္ဂိုလ်တို့၏ ရှာမှီးခြင်းတို့သည် ဤလေးမျိုးတို့တည်း။ အဘယ်လေးမျိုးတို့နည်းဟူမူ— ရဟန်းတို့ ဤလောက၌ အချို့သော သူသည် မိမိက အိုခြင်းသဘောရှိသူဖြစ်၍ အိုခြင်း သဘော၌ အပြစ်ကို သိရကား အိုခြင်းမရှိသော အတုမဲ့သော ယောဂ၏ကုန်ရာ နိဗ္ဗာန်ကို ရှာမှီး၏၊ မိမိက နာခြင်းသဘောရှိသူဖြစ်၍ နာခြင်း သဘော၌ အပြစ်ကို သိရကား နာခြင်းမရှိသော အတုမဲ့သော ယောဂ၏ ကုန်ရာနိဗ္ဗာန်ကို ရှာမှီး၏၊ မိမိက သေခြင်းသဘောရှိသူဖြစ်၍ သေခြင်းသဘော၌ အပြစ်ကို သိရကား သေခြင်းမရှိသော အတုမဲ့သော ယောဂ၏ ကုန်ရာ နိဗ္ဗာန်ကို ရှာမှီး၏၊ မိမိက ပူပန်စေတတ် နှိပ်စက်တတ် သော သဘောရှိသူဖြစ်၍ ပူပန်စေတတ် နှိပ်စက်တတ်သော သဘော၌ အပြစ်ကို သိရကား မပူပန်စေတတ် မနှိပ်စက်တတ်သော အတုမဲ့သော ယောဂ၏ကုန်ရာ နိဗ္ဗာန်ကို ရှာမှီး၏။ ရဟန်းတို့ အရိယာတို့၏ ရှာမှီးခြင်းတို့သည် ဤလေးမျိုးတို့တည်းဟု (မိန့်တော်မူ၏)။

ဒုတိယသုတ်။