အင်္ဂုတ္တရနိကာယ်
(၁၇) ၂-အာဃာတဝဂ်
၆-နိရောဓသုတ်
၁၆၆။ ထိုအခါ အသျှင်သာရိပုတြာသည် ရဟန်းတို့ကို “ငါ့သျှင်ရဟန်းတို့”ဟု ခေါ်တော်မူ၏။ပ။
ငါ့သျှင်တို့ ဤသာသနာတော်၌ သီလ သမာဓိ ပညာနှင့် ပြည့်စုံသော ရဟန်းသည် သညာဝေဒနာ တို့၏ချုပ်ငြိမ်းရာ ‘နိရောဓသမာပတ်’ ကို ဝင်စားလည်း ဝင်စားရာ၏၊ (ဝင်စားရာမှ) ထလည်း ထရာ၏၊ ဤသို့သော အကြောင်းသည် ရှိ၏၊ ယခုဘဝ၌ အရဟတ္တဖိုလ်ကို အကယ်၍ မရနိုင်ပါမူ ကဗဠီကာရအာဟာရကို စားသော နတ်တို့၏ အသင်းဝင်အဖြစ်ကို လွန်မြောက်၍သာလျှင် ဈာန်စိတ်ဖြင့် ပြီးသောဗြဟ္မာ့ဘုံတစ်ခုခုသို့ ရောက်လျက် သညာ ဝေဒနာတို့၏ ချုပ်ငြိမ်းရာ ‘နိရောဓသမာပတ်’ ကို ဝင်စားလည်းဝင်စားရာ၏၊ (ဝင်စားရာမှ) ထလည်း ထရာ၏၊ ဤသို့သော အကြောင်းသည် ရှိ၏ဟု မိန့်ဆို၏။
ဤသို့ မိန့်တော်မူသောအခါ အသျှင်ဥဒါယီသည် အသျှင်သာရိပုတြာအား —
“ငါ့သျှင်သာရိပုတြာ ထိုရဟန်းသည် ကဗဠီကာရအာဟာရကို စားသော နတ်တို့၏ အသင်းဝင် အဖြစ်ကိုလွန်မြောက်၍သာလျှင် ဈာန်စိတ်ဖြင့်ပြီးသော ဗြဟ္မာ့ဘုံ တစ်ခုခုသို့ ရောက်လျက် သညာဝေဒနာ တို့၏ချုပ်ငြိမ်းရာ ‘နိရောဓ သမာပတ်’ ကို ဝင်စားလည်း ဝင်စားရာ၏၊ (ဝင်စားရာမှ) ထလည်း ထရာ၏ဟူသော ဤစကားသည် အကြောင်းမဟုတ် အရာမဟုတ်ချေ၊ ဤသို့သော အကြောင်းမျိုးသည်မရှိနိုင်”ဟု ဆို၏။
နှစ်ကြိမ်မြောက်လည်း။ပ။ သုံးကြိမ်မြောက်လည်း အသျှင်သာရိပုတြာသည် ရဟန်းတို့ကို —
ငါ့သျှင်တို့ ဤသာသနာတော်၌ သီလ သမာဓိ ပညာနှင့် ပြည့်စုံသော ရဟန်းသည် သညာ ဝေဒနာတို့၏ ချုပ်ငြိမ်းရာ ‘နိရောဓ သမာပတ်’ ကို ဝင်စားလည်း ဝင်စားရာ၏၊ (ဝင်စားရာမှ) ထလည်း ထရာ၏၊ ဤသို့သော အကြောင်းသည် ရှိ၏။ ယခုဘဝ၌ အရဟတ္တဖိုလ်ကို အကယ်၍ မရနိုင်ပါမူ ကဗဠီကာရအာဟာရကို စားသော နတ်တို့၏ အသင်းဝင်အဖြစ်ကို လွန်မြောက်၍သာလျှင် ဈာန်စိတ်ဖြင့်ပြီးသောဗြဟ္မာ့ဘုံ တစ်ခုခုသို့ ရောက်လျက် သညာ ဝေဒနာတို့၏ ချုပ်ငြိမ်းရာ ‘နိရောဓ သမာပတ်’ ကို ဝင်စားလည်းဝင်စားရာ၏၊ (ဝင်စားရာမှ) ထလည်း ထရာ၏၊ ဤသို့သော အကြောင်းသည် ရှိ၏”ဟု မိန့်ဆို၏။
သုံးကြိမ်တိုင်အောင်ပင် အသျှင်ဥဒါယီသည် အသျှင်သာရိပုတြာအား —
“ငါ့သျှင်သာရိပုတြာ ထိုရဟန်းသည် ကဗဠီကာရ အာဟာရကို စားသော နတ်တို့၏ အသင်းဝင် အဖြစ်ကိုလွန်မြောက်၍သာလျှင် ဈာန်စိတ်ဖြင့်ပြီးသော ဗြဟ္မာ့ဘုံ တစ်ခုခုသို့ ရောက်လျက် သညာ ဝေဒနာ တို့၏ချုပ်ငြိမ်းရာ ‘နိရောဓ သမာပတ်’ ကို ဝင်စားလည်း ဝင်စားရာ၏၊ (ဝင်စားရာမှ) ထလည်း ထရာ၏ဟူသော ဤစကားသည် အကြောင်းမဟုတ် အရာမဟုတ်ချေ၊ ဤသို့သော အကြောင်းမျိုးသည် မရှိနိုင်”ဟု ဆို၏။
ထိုအခါ အသျှင်သာရိပုတြာအား —
“သုံးကြိမ်တိုင်အောင်လည်း အသျှင်ဥဒါယီသည် ငါ့အား တားမြစ်၏၊ ငါ့အား မည်သည့် ရဟန်းကမျှလည်း ကောင်းချီးမခေါ်၊ ငါသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ရပါမူ ကောင်းလေရာ၏”ဟု့ (အကြံဖြစ်၏)။
ထို့နောက် အသျှင်သာရိပုတြာသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်လျက် ရဟန်းတို့ကို —
“ငါ့သျှင်တို့ ဤသာသနာတော်၌ သီလ သမာဓိ ပညာနှင့် ပြည့်စုံသော ရဟန်းသည် သညာ ဝေဒနာတို့၏ ချုပ်ငြိမ်းရာ ‘နိရောဓ သမာပတ်’ ကို ဝင်စားလည်း ဝင်စားရာ၏၊ (ဝင်စားရာမှ) ထလည်း ထရာ၏၊ ဤသို့သော အကြောင်းသည် ရှိ၏။ ယခုဘဝ၌ အရဟတ္တဖိုလ်ကို အကယ်၍ မရနိုင်ပါမူ ကဗဠီကာရအာဟာရကို စားသော နတ်တို့၏ အသင်းဝင်အဖြစ်ကို လွန်မြောက်၍သာလျှင် ဈာန်စိတ်ဖြင့်ပြီးသောဗြဟ္မာ့ဘုံ တစ်ခုခုသို့ ရောက်လျက် သညာ ဝေဒနာတို့၏ ချုပ်ငြိမ်းရာ ‘နိရောဓ သမာပတ်’ ကို ဝင်စားလည်းဝင်စားရာ၏၊ (ဝင်စားရာမှ) ထလည်း ထရာ၏၊ ဤသို့သော အကြောင်းသည် ရှိ၏”ဟု မိန့်ဆို၏။
ဤသို့ မိန့်ဆိုတော်မူသောအခါ အသျှင်ဥဒါယီသည် အသျှင်သာရိပုတြာအား —
“ငါ့သျှင်သာရိပုတြာ ထိုရဟန်းသည် ကဗဠီကာရ အာဟာရကို စားသော နတ်တို့၏ အသင်းဝင် အဖြစ်ကိုလွန်မြောက်၍သာလျှင် ဈာန်စိတ်ဖြင့်ပြီးသော ဗြဟ္မာ့ဘုံ တစ်ခုခုသို့ ရောက်လျက် သညာ ဝေဒနာ တို့၏ချုပ်ငြိမ်းရာ ‘နိရောဓ သမာပတ်’ ကို ဝင်စားလည်း ဝင်စားရာ၏၊ (ဝင်စားရာမှ) ထလည်း ထရာ၏ဟူသော ဤစကားသည် အကြောင်းမဟုတ် အရာမဟုတ်ချေ၊ ဤသို့သော အကြောင်းမျိုးသည် မရှိနိုင်”ဟု ဆို၏။
နှစ်ကြိမ်မြောက်လည်း။ပ။ သုံးကြိမ်မြောက်လည်း အသျှင်သာရိပုတြာသည် ရဟန်းတို့ကို —
“ငါ့သျှင်တို့ ဤသာသနာတော်၌ သီလ သမာဓိ ပညာနှင့် ပြည့်စုံသော ရဟန်းသည် သညာဝေဒနာတို့၏ ချုပ်ငြိမ်းရာ ‘နိရောဓ သမာပတ်’ ကို ဝင်စားလည်း ဝင်စားရာ၏၊ (ဝင်စားရာမှ) ထလည်း ထရာ၏၊ ဤသို့သော အကြောင်းသည် ရှိ၏။ ယခုဘဝ၌ အရဟတ္တဖိုလ်ကို အကယ်၍ မရနိုင်ပါမူ ကဗဠီကာရအာဟာရကို စားသော နတ်တို့၏ အသင်းဝင်အဖြစ်ကို လွန်မြောက်၍သာလျှင် ဈာန်စိတ်ဖြင့်ပြီးသောဗြဟ္မာ့ဘုံတစ်ခုခုသို့ ရောက်လျက် သညာ ဝေဒနာတို့၏ ချုပ်ငြိမ်းရာ ‘နိရောဓ သမာပတ်’ ကို ဝင်စားလည်းဝင်စားရာ၏၊ (ဝင်စားရာမှ) ထလည်း ထရာ၏၊ ဤသို့သော အကြောင်းသည် ရှိ၏”ဟု မိန့်ဆို၏။
သုံးကြိမ်တိုင်အောင်ပင် အသျှင်ဥဒါယီသည် အသျှင်သာရိပုတြာအား —
“ငါ့သျှင်သာရိပုတြာ ထိုရဟန်းသည် ကဗဠီကာရ အာဟာရကို စားသော နတ်တို့၏ အသင်းဝင် အဖြစ်ကိုလွန်မြောက်၍သာလျှင် ဈာန်စိတ်ဖြင့်ပြီးသော ဗြဟ္မာ့ဘုံတစ်ခုခုသို့ ရောက်လျက် သညာဝေဒနာ တို့၏ချုပ်ငြိမ်းရာ ‘နိရောဓ သမာပတ်’ ကို ဝင်စားလည်း ဝင်စားရာ၏၊ (ဝင်စားရာမှ) ထလည်း ထရာ၏ဟူသော ဤစကားသည် အကြောင်းမဟုတ် အရာမဟုတ်ချေ၊ ဤသို့သော အကြောင်းမျိုးသည် မရှိနိုင်”ဟု ဆို၏။
ထိုအခါ အသျှင်သာရိပုတြာအား —
“မြတ်စွာဘုရား၏ မျက်မှောက်တော်၌လည်း အသျှင်ဥဒါယီသည် သုံးကြိမ်တိုင်အောင်ပင် ငါ့အားတားမြစ်၏၊ ငါ့အား မည်သည့် ရဟန်းကမျှလည်း ကောင်းချီးမခေါ်၊ ငါသည် ဆိတ်ဆိတ်နေရပါမူကောင်းလေရာ၏”ဟု အကြံဖြစ်၏။
ထို့နောက် အသျှင်သာရိပုတြာသည် ဆိတ်ဆိတ်နေ၏။
ထိုအခါ မြတ်စွာဘုရားသည် အသျှင်ဥဒါယီအား —
“ဥဒါယီ သင်သည် ဈာန်စိတ်ဖြင့်ပြီးသော မည်သည့် ဗြဟ္မာ့ဘုံကို ယုံကြည်ဘိသနည်း”ဟု မေးတော်မူ၏။
အသျှင်ဘုရား အရူပဘုံ၌ ဖြစ်ကုန်သော သညာဖြင့် ပြီးကုန်သော ဗြဟ္မာတို့ကို ယုံကြည်ပါ၏ဟု (လျှောက်၏)။
ဥဒါယီ မိုက်မဲ မလိမ္မာသော သင်၏ ပြောစကားဖြင့် အဘယ်မူအံ့နည်း၊ သင်ကဲ့သို့ စင်လျက်လည်းပြောဆိုသင့်၏ဟု အောက်မေ့ဘိ၏ဟု (မိန့်တော်မူ၏)။
ထိုအခါ မြတ်စွာဘုရားသည် အသျှင်အာနန္ဒာကို “အာနန္ဒာ မထေရ်ရဟန်း ညှဉ်းဆဲခံနေရသည်ကိုလျစ်လျူရှုရက်နိုင်ကြပလေ၊ အာနန္ဒာ မထေရ်ရဟန်း ညှဉ်းဆဲခံနေရသည်ဖြစ်ပါလျက် သနားခြင်းမျှသော်လည်း မဖြစ်လေယောင်တကား”ဟု မိန့်တော်မူ၏။
ထို့နောက် မြတ်စွာဘုရားသည် ရဟန်းတို့ကို —
“ရဟန်းတို့ ဤသာသနာတော်၌ သီလ သမာဓိ ပညာနှင့် ပြည့်စုံသော ရဟန်းသည် သညာဝေဒနာတို့၏ ချုပ်ငြိမ်းရာ ‘နိရောဓ သမာပတ်’ ကို ဝင်စားလည်း ဝင်စားရာ၏၊ (ဝင်စားရာမှ) ထလည်း ထရာ၏၊ ဤအကြောင်းသည် ရှိ၏၊ ယခုဘဝ၌ အရဟတ္တဖိုလ်ကို မရနိုင်ပါမူ ကဗဠီကာရအာဟာရကို စားသောနတ်တို့၏ အသင်းဝင်အဖြစ်ကို လွန်မြောက်၍သာလျှင် ဈာန်စိတ်ဖြင့်ပြီးသော ဗြဟ္မာ့ဘုံတစ်ခုခုသို့ ရောက်လျက် သညာဝေဒနာတို့၏ ချုပ်ငြိမ်းရာ ‘နိရောဓ သမာပတ်’ ကို ဝင်စားလည်း ဝင်စားရာ၏၊ (ဝင်စားရာမှ) ထလည်း ထရာ၏၊ ဤသို့သော အကြောင်းသည်ရှိ၏”ဟု မိန့်တော်မူ၏။
မြတ်စွာဘုရားသည် ဤစကားကို ဟောကြားတော်မူ၏။
ဤစကားကို ဟောကြားတော်မူပြီးနောက် မြတ်စွာဘုရားသည် နေရာမှထပြီးလျှင် ကျောင်းတော်သို့ဝင်တော်မူ၏။
ထိုအခါ အသျှင်အာနန္ဒာသည် မြတ်စွာဘုရား ကြွသွားတော်မူ၍ မကြာမြင့်မီပင် အသျှင်ဥပဝါနထံသို့ချဉ်းကပ်လျက် —
“ငါ့သျှင်ဥပဝါန ဤသာသနာတော်၌ အခြားရဟန်းတို့သည် မထေရ်ကြီး ရဟန်းတို့ကို ညှဉ်းဆဲကုန်၏၊ ထိုညှဉ်းဆဲခြင်းဖြင့် ငါတို့သည် (အပြစ်မှ) မလွတ်ကုန်၊ ငါ့သျှင်ဥပဝါန မြတ်စွာဘုရားသည် ညနေချမ်းအခါတစ်ပါးတည်း ကိန်းအောင်းတော်မူရာမှ ထသည်ရှိသော် အသျှင်သာရိပုတြာအား ညှဉ်းဆဲခြင်းကိုပင်အကြောင်းပြု၍ ထုတ်ဖော်မည့် အရာသည် အံ့သြဖွယ် မဟုတ်ချေ။ ဤအရာ၌ အသျှင်ဥပဝါနသည်သာလျှင် အကြောင်းအားလျော်စွာ စကားတုံ့ပြန် လျှောက်ပါလော့၊ ယခုကပင် ငါတို့အားထိတ်လန့်မှုသည် သက်ဝင်နေပါ၏”ဟု ပြောဆို၏။
ထိုအခါ မြတ်စွာဘုရားသည် ညနေချမ်းအခါ တစ်ပါးတည်း ကိန်းအောင်းတော်မူရာမှ ထလျက်စည်းဝေးရာဇရပ်သို့ ချဉ်းကပ်တော်မူ၍ ခင်းထားအပ်သော နေရာ၌ ထိုင်နေတော်မူပြီးလျှင် အသျှင်ဥပဝါနအား —
ဥပဝါန အဘယ်မျှသော တရားတို့နှင့်ပြည့်စုံသူ မထေရ်ရဟန်းသည် သီတင်းသုံးဖော်တို့၏ ချစ်အပ်သူမြတ်နိုးအပ်သူ အလေးအမြတ်ပြုအပ်သူ ချီးမွမ်းအပ်သူ ဖြစ်သနည်းဟု (မေးတော်မူ၏)။
အသျှင်ဘုရား တရားငါးမျိုးတို့နှင့် ပြည့်စုံသူ မထေရ်ရဟန်းသည် သီတင်းသုံးဖော်တို့၏ ချစ်အပ်သူမြတ်နိုးအပ်သူ အလေးအမြတ်ပြုအပ်သူ ချီးမွမ်းအပ်သူ ဖြစ်ပါ၏၊
အဘယ်ငါးမျိုးတို့နည်းဟူမူ —
အသျှင်ဘုရား ဤသာသနာတော်၌ မထေရ်ရဟန်းသည် —
သီလရှိ၏။ပ။ သိက္ခာပုဒ်တို့၌ ဆောက်တည်၍ ကျင့်၏။
အကြားအမြင်များ၏။ပ။ ပညာဖြင့် ကောင်းစွာ ထိုးထွင်း၍ သိ၏။
ကောင်းသော စကားရှိ၏၊ ကောင်းသော နှုတ်မြွက်သံရှိ၏၊ သန့်ရှင်း၍ အပြစ်လည်းကင်း ပုဒ်အက္ခရာလည်းမကျ အနက်ကို သိလွယ်စေသည့် ယဉ်ကျေးသော စကားနှင့် ပြည့်စုံ၏။
မျက်မှောက်ဘဝ၌ ချမ်းသာစွာ နေကြောင်းဖြစ်သည့် လွန်မြတ်သော စိတ်၌ ဖြစ်သော (ရူပါဝစရ) ဈာန်လေးပါးတို့ကို အလိုရှိတိုင်း ရ၏၊ မငြိုမငြင် ရ၏၊ မပင်မပန်း ရ၏။
အာသဝေါတရားတို့၏ကုန်ခန်းခြင်းကြောင့်။ပ။ အရဟတ္တဖိုလ်ကို မျက်မှောက်ပြုလျက် ဝင်ရောက်၍နေ၏။
မြတ်စွာဘုရား ဤတရားငါးမျိုးတို့နှင့် ပြည့်စုံသော မထေရ်ရဟန်းသည် သီတင်းသုံးဖော်တို့၏ ချစ်အပ်သူမြတ်နိုးအပ်သူ အလေးအမြတ်ပြုအပ်သူ ချီးမွမ်းအပ်သူ ဖြစ်ပါ၏ဟု (လျှောက်၏)။
ဥပဝါန ကောင်းပေစွ ကောင်းပေစွ၊ ဥပဝါန ဤတရားငါးမျိုးတို့နှင့် ပြည့်စုံသော မထေရ်ရဟန်း သည်သီတင်းသုံးဖော်တို့၏ ချစ်အပ်သူ မြတ်နိုးအပ်သူ အလေးအမြတ်ပြုအပ်သူ ချီးမွမ်းအပ်သူ ဖြစ်ပေ၏။
ဥပဝါန မထေရ်ရဟန်းအား ဤတရားငါးမျိုးတို့ မရှိကုန်မူ ထိုမထေရ်ရဟန်းကို သီတင်းသုံးဖော်တို့သည် သွားကျိုး ဆံဖြူ အရေတွန့်သည်၏ အဖြစ်ကြောင့် အရိုအသေ မပြုကုန်ရာ၊ အလေးအမြတ်မပြုကုန်ရာ၊ မမြတ်နိုးကုန်ရာ၊ မပူဇော်ကုန်ရာ။
ဥပဝါန မထေရ်ရဟန်းအား ဤတရားငါးမျိုးတို့ရှိကုန်သောကြောင့်သာ ထိုမထေရ်ရဟန်းကို သီတင်းသုံးဖော်တို့သည် အရိုအသေပြုကုန်၏၊ အလေးအမြတ် ပြုကုန်၏၊ မြတ်နိုးကုန်၏၊ ပူဇော်ကုန်၏ဟု (မိန့်တော်မူ၏)။
ဆဋ္ဌသုတ်။