အင်္ဂုတ္တရနိကာယ်
(၂၄) ၄-အာဝါသိကဝဂ်
၂-ပိယသုတ်
၂၃၂။ ရဟန်းတို့ တရားငါးမျိုးတို့နှင့်ပြည့်စုံသော ကျောင်းထိုင်ရဟန်းသည် သီတင်းသုံးဖော်တို့ ချစ်အပ်သူ မြတ်နိုးအပ်သူ အလေးအမြတ်ပြုအပ်သူ (နှလုံးကို) ပွါးစေတတ်သူ ဖြစ်၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ—
သီလရှိ၏၊ ပါတိမောက္ခသံဝရသီလကိုစောင့်ထိန်းလျက် နေ၏၊ အကျင့် ‘အာစာရ’ ကျက်စားရာ’ဂေါစရ’နှင့် ပြည့်စုံ၏၊ အနည်းငယ်မျှသော အပြစ်တို့၌သော်လည်း ဘေးဟု ရှုလေ့ရှိ၏၊ သိက္ခာပုဒ်တို့ကို ဆောက်တည်၍ ကျင့်၏။
အကြားအမြင်များ၏၊ အကြားအမြင်ကို ဆောင်၏၊ အကြားအမြင်ကို ဆည်းပူး၏၊ အနက်, သဒ္ဒါနှင့်တကွ ဖြစ်၍ အလုံးစုံ ပြည့်စုံစင်ကြယ်သည့် မြတ်သောအကျင့်ကို ဖော်ပြတတ်ကုန်သော အစ၏ကောင်းခြင်း အလယ်၏ကောင်းခြင်း အဆုံး၏ကောင်းခြင်းရှိကုန်သော တရားတို့ကို ထိုရဟန်းသည်များစွာ ကြားနာ ဖူး၏၊ ဆောင်ထား၏၊ နှုတ်ဖြင့် လေ့ကျက်ထား၏၊ စိတ်ဖြင့် ဆင်ခြင်မှတ်သားထား၏၊ ပညာဖြင့် ကောင်းစွာ ထိုးထွင်း၍ သိ၏။
ကောင်းသော စကားရှိ၏၊ ကောင်းသော စကားမြွက်ဆိုသံရှိ၏၊ သန့်ရှင်းသော အပြစ်ကင်းသောအဓိပ္ပါယ်သိလွယ်သော ယဉ်ကျေးသော စကားနှင့် ပြည့်စုံ၏။
မျက်မှောက်ဘဝ၌ ချမ်းသာစွာ နေကြောင်းဖြစ်သည့် လွန်မြတ်သော စိတ်၌ ဖြစ်သော (ရူပါဝစရ) ဈာန်လေးပါးတို့ကို အလိုရှိတိုင်းရ၏၊ မငြိုမငြင်ရ၏၊ မပင်မပန်းရ၏။
အာသဝေါတရားတို့၏ကုန်ခြင်းကြောင့် အာသဝေါကင်းသော လွတ်မြောက်သော (အရဟတ္တဖိုလ်) စိတ်နှင့် လွတ်မြောက်သော (အရဟတ္တဖိုလ်) ပညာကို ယခုဘဝ၌ပင် ကိုယ်တိုင်ထူးသော ဉာဏ်ဖြင့်မျက်မှောက်ပြုလျက် ရောက်၍ နေ၏။
ရဟန်းတို့ ဤတရားငါးမျိုးတို့နှင့် ပြည့်စုံသော ကျောင်းထိုင်ရဟန်းသည် သီတင်းသုံးဖော်တို့ ချစ်အပ်သူမြတ်နိုးအပ်သူ အလေးအမြတ်ပြုအပ်သူ (နှလုံးကို) ပွါးစေတတ်သူ ဖြစ်၏ဟု (မိန့်တော်မူ၏)။
ဒုတိယသုတ်။