အင်္ဂုတ္တရနိကာယ်
(၉) ၄-ထေရဝဂ်
၈-ထေရသုတ်
၈၈။ ရဟန်းတို့ တရားငါးမျိုးတို့နှင့်ပြည့်စုံသော မထေရ်ရဟန်းသည် များစွာသောလူတို့၏ အစီးအပွါးမဲ့ရန် များစွာသော လူတို့၏ ချမ်းသာမဲ့ရန် များစွာသော လူတို့၏ အကျိုးမဲ့ရန် နတ်လူတို့၏ အစီးအပွါးမဲ့ရန် ဆင်းရဲရန် ကျင့်၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ —
မထေရ်ကြီးဖြစ်၏၊ ရဟန်းဝါ ရင့်၏၊ ရဟန်းသက် ရှည်၏။
လူနှင့်တကွသော ရဟန်းတို့တွင် ထင်ရှား၏၊ ကျော်စော၏၊ လူအခြံအရံ များစွာ ရှိ၏။
သင်္ကန်း ဆွမ်း ကျောင်းအိပ်ရာနေရာ သူနာ၏ အထောက်အပံ့ ဆေးအသုံးအဆောင်တို့ကို ရလေ့ ရှိ၏။
အကြားအမြင်များ၏၊ အကြားအမြင်ကို ဆောင်၏၊ အကြားအမြင်ကို ဆည်းပူး၏၊ အနက်, သဒ္ဒါနှင့်တကွဖြစ်၍ အလုံးစုံပြည့်စုံစင်ကြယ်သည့် မြတ်သော အကျင့်ကို ဖော်ပြတတ်ကုန်သော အစ၏ကောင်းခြင်းအလယ်၏ကောင်းခြင်း အဆုံး၏ကောင်းခြင်းရှိသော တရားတို့ကို ထိုသူသည် များစွာ ကြားနာဖူး၏၊ ဆောင်ထား၏၊ နှုတ်ဖြင့် လေ့ကျက်ထား၏၊ စိတ်ဖြင့် ဆင်ခြင်မှတ်သားထား၏၊ ပညာဖြင့် ကောင်းစွာထိုးထွင်း၍ကား မသိ။
မှားသော အယူရှိ၏၊ ဖောက်ပြန်သော ဉာဏ်အမြင် ရှိ၏၊ ထိုရဟန်းသည် များစွာသော လူအပေါင်း ကိုသူတော်ကောင်းတရားမှ ထုတ်၍ မသူတော်တို့တရား၌ တည်စေ၏။
“မထေရ်ရဟန်းသည် ရဟန်းဝါ ရင့်၏၊ ရဟန်းသက် ရှည်၏”ဟူ၍လည်း ထိုရဟန်း၏ အပြုအမူသို့အတုလိုက်၍ ကျင့်ကုန်၏။
“မထေရ်ရဟန်းသည် လူနှင့်တကွသော ရဟန်းတို့တွင် ထင်ရှား၏၊ ကျော်စော၏၊ လူအခြံအရံ များစွာရှိ၏”ဟူ၍လည်း ထိုရဟန်း၏ အပြုအမူသို့ အတုလိုက်၍ ကျင့်ကုန်၏။
“မထေရ်ရဟန်းသည် သင်္ကန်း ဆွမ်း ကျောင်းအိပ်ရာနေရာ သူနာ၏ အထောက်အပံ့ ဆေးအသုံးအဆောင်တို့ကို ရလေ့ရှိ၏”ဟူ၍လည်း ထိုရဟန်း၏ အပြုအမူသို့ အတုလိုက်၍ ကျင့်ကုန်၏။
“မထေရ်ရဟန်းသည် အကြားအမြင်များ၏၊ အကြားအမြင်ကို ဆောင်၏၊ အကြားအမြင်ကိုဆည်းပူး၏”ဟူ၍လည်း ထိုရဟန်း၏ အပြုအမူသို့ အတုလိုက်၍ ကျင့်ကုန်၏။
ရဟန်းတို့ ဤတရားငါးမျိုးတို့နှင့်ပြည့်စုံသော မထေရ်ရဟန်းသည် များစွာသော လူတို့၏ အစီးအပွါးမဲ့ရန် များစွာသော လူတို့၏ ချမ်းသာမဲ့ရန် များစွာသော လူတို့၏ အကျိုးမဲ့ရန် နတ်လူတို့၏ အစီးအပွါးမဲ့ရန် ဆင်းရဲရန် ကျင့်၏။
ရဟန်းတို့ တရားငါးမျိုးတို့နှင့်ပြည့်စုံသော မထေရ်ရဟန်းသည် များစွာသော လူတို့၏ အစီးအပွါးအလို့ငှါ များစွာသော လူတို့၏ ချမ်းသာခြင်းငှါ များစွာသော လူတို့၏ အကျိုးငှါ နတ်လူတို့၏အစီးအပွါးအလို့ငှါ ချမ်းသာခြင်းငှါ ကျင့်၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ —
မထေရ်ကြီးဖြစ်၏၊ ရဟန်း ဝါရင့်၏၊ ရဟန်းသက် ရှည်၏။
လူနှင့်တကွသော ရဟန်းတို့တွင် ထင်ရှား၏၊ ကျော်စော၏၊ လူအခြံအရံ များစွာ ရှိ၏။
သင်္ကန်း ဆွမ်း ကျောင်းအိပ်ရာနေရာ သူနာ၏ အထောက်အပံ့ ဆေးအသုံးအဆောင်တို့ကို ရလေ့ရှိ၏။
အကြားအမြင်များ၏၊ အကြားအမြင်ကို ဆောင်၏၊ အကြားအမြင်ကို ဆည်းပူး၏၊ အနက်, သဒ္ဒါနှင့်တကွ ဖြစ်၍ အလုံးစုံပြည့်စုံစင်ကြယ်သည့် မြတ်သောအကျင့်ကို ဖော်ပြတတ်ကုန်သော အစ၏ကောင်းခြင်း အလယ်၏ ကောင်းခြင်း အဆုံး၏ ကောင်းခြင်းရှိသော တရားတို့ကို ထိုသူသည် များစွာကြားနာဖူး၏၊ ဆောင်ထား၏၊ နှုတ်ဖြင့် လေ့ကျက်ထား၏၊ စိတ်ဖြင့် ဆင်ခြင်မှတ်သားထား၏၊ ပညာဖြင့်ကောင်းစွာ ထိုးထွင်း၍ သိ၏။
မှန်ကန်သော အယူရှိ၏၊ မဖောက်ပြန်သော ဉာဏ်အမြင်ရှိ၏၊ ထိုရဟန်းသည် များစွာသောလူအပေါင်းကို မသူတော်တရားမှ ထုတ်၍ သူတော်ကောင်းတရား၌ တည်စေ၏။
“မထေရ်ရဟန်းသည် ရဟန်းဝါ ရင့်၏၊ ရဟန်းသက် ရှည်၏”ဟူ၍လည်း ထိုရဟန်း၏ အပြုအမူသို့အတုလိုက်၍ ကျင့်ကုန်၏။
“မထေရ်ရဟန်းသည် လူနှင့်တကွသော ရဟန်းတို့တွင် ထင်ရှား၏၊ ကျော်စော၏၊ လူ အခြံအရံ များစွာရှိ၏”ဟူ၍လည်း ထိုရဟန်း၏ အပြုအမူသို့ အတုလိုက်၍ ကျင့်ကုန်၏။
“မထေရ်ရဟန်းသည် သင်္ကန်း ဆွမ်း ကျောင်းအိပ်ရာနေရာ သူနာ၏ အထောက်အပံ့ ဆေးအသုံးအဆောင်တို့ကို ရလေ့ရှိ၏”ဟူ၍လည်း ထိုရဟန်း၏ အပြုအမူသို့ အတုလိုက်၍ ကျင့်ကုန်၏။
“မထေရ်ရဟန်းသည် အကြားအမြင်များ၏၊ အကြားအမြင်ကို ဆောင်၏၊ အကြားအမြင်ကိုဆည်းပူး၏”ဟူ၍လည်း ထိုရဟန်း၏ အပြုအမူသို့ အတုလိုက်၍ ကျင့်ကုန်၏။
ရဟန်းတို့ ဤတရားငါးမျိုးတို့နှင့်ပြည့်စုံသော မထေရ်ရဟန်းသည် များစွာသောလူတို့၏ အစီးအပွါးအလို့ငှါ များစွာသော လူတို့၏ ချမ်းသာခြင်းငှါ များစွာသော လူတို့၏ အကျိုးငှါ နတ်လူတို့၏အစီး အပွါးအလို့ငှါ ချမ်းသာခြင်းငှါ ကျင့်၏ဟု (မိန့်တော်မူ၏)။
အဋ္ဌမသုတ်။