အင်္ဂုတ္တရနိကာယ်

၇-ဒေဝတာဝဂ်

၃-မိတ္တသုတ်

၆၇။ ရဟန်းတို့ ယုတ်မာသောအဆွေခင်ပွန်းရှိသော ယုတ်မာသောအပေါင်းအသင်းရှိသော ယုတ်မာသော အဆွေခင်ပွန်းကို ကိုင်းရှိုင်းသော ယုတ်မာသောအဆွေခင်ပွန်းကိုမှီဝဲသော ဆည်းကပ်သော အဖန်ဖန်ဆည်းကပ်သော ထိုယုတ်မာသောအဆွေခင်ပွန်းတို့၌ မြင်ဖူးသော အမူအရာကို အစဉ်လိုက်ခြင်းသို့ရောက်သော ထိုရဟန်းသည် စင်စစ် မြတ်သော ဝတ်အကျင့်တရားကို ဖြည့်ဆည်းပူးလိမ့်မည်ဟူသော ဤအကြောင်းမျိုးသည် မရှိ၊ မြတ်သော ဝတ်အကျင့်တရားကို မဖြည့်ဆည်းပူးဘဲ သေက္ခပုဂ္ဂိုလ်တို့၏ဥစ္စာဖြစ်သော သီလကို ဖြည့်ဆည်းပူးလိမ့်မည်ဟူသော ဤအကြောင်းမျိုးသည် မရှိ၊ သေက္ခပုဂ္ဂိုလ်တို့၏ဥစ္စာဖြစ်သော သီလကို မဖြည့်ဆည်းပူးဘဲ သီလလေးမျိုးတို့ကို ဖြည့်ဆည်းပူးလိမ့်မည်ဟူသော ဤအကြောင်းမျိုးသည် မရှိ၊ သီလ (လေးမျိုး) တို့ကို မဖြည့်ဆည်းပူးဘဲ ကာမရာဂကိုလည်းကောင်း၊ ရူပရာဂကိုလည်းကောင်း၊ အရူပရာဂကိုလည်းကောင်း ပယ်စွန့်နိုင်လိမ့်မည်ဟူသော ဤအကြောင်းမျိုးသည် မရှိ။

ရဟန်းတို့ ကောင်းသောအဆွေခင်ပွန်းရှိသော ကောင်းသောအပေါင်းအသင်းရှိသော ကောင်းသောအဆွေခင်ပွန်းကို ကိုင်းရှိုင်းသော ကောင်းသောအဆွေခင်ပွန်းကိုမှီဝဲသော ဆည်းကပ်သော အဖန်ဖန်ဆည်း ကပ်သော ထိုကောင်းသောအဆွေခင်ပွန်းတို့၌ မြင်ဖူးသော အမူအရာကို အစဉ်လိုက်ခြင်းသို့ရောက်သော ထိုရဟန်းသည် စင်စစ်မြတ်သော ဝတ်အကျင့်တရားကို ဖြည့်ဆည်းပူးလိမ့်မည်ဟူသောဤအကြောင်းမျိုး သည် ရှိ၏၊ မြတ်သော ဝတ်အကျင့်တရားကို ဖြည့်ဆည်းပူးသည်ရှိသော်သေက္ခပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော သီလကို ဖြည့်ဆည်းပူးလိမ့်မည်ဟူသော ဤအကြောင်းမျိုးသည် ရှိ၏၊ သေက္ခပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော သီလကို ဖြည့်ဆည်းပူးသည်ရှိသော် သီလလေးမျိုးတို့ကိုဖြည့်ဆည်းပူးလိမ့်မည်ဟူသော ဤအကြောင်း မျိုးသည် ရှိ၏၊ သီလ လေးမျိုးတို့ကိုဖြည့်ဆည်းပူးသည်ရှိသော် ကာမရာဂကိုလည်းကောင်း၊ ရူပရာဂ ကိုလည်းကောင်း၊ အရူပရာဂကိုလည်းကောင်း ပယ်စွန့်နိုင်လိမ့်မည်ဟူသော ဤအကြောင်းမျိုးသည် ရှိ၏ဟု (မိန့်တော်မူ၏)။

တတိယသုတ်။