အင်္ဂုတ္တရနိကာယ်

၈-အရဟတ္တဝဂ်

၇-ပဌမ နိရယသုတ်

၈၁။ ရဟန်းတို့ တရားခြောက်မျိုးတို့နှင့် ပြည့်စုံသော သူသည် ဆောင်ယူ၍ ချထားအပ်သကဲ့သို့ထိုအတူ ငရဲ၌ ဖြစ်ရ၏။

အဘယ်ခြောက်မျိုးတို့နည်းဟူမူ—

သူ့အသက်ကို သတ်လေ့ရှိ၏၊ မပေးသည်ကို ယူလေ့ရှိ၏၊ ကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်လေ့ ရှိ၏၊ မဟုတ်မမှန် ပြောဆိုလေ့ရှိ၏၊ ယုတ်ညံ့သော အလိုဆိုးလည်း ရှိ၏၊ မှားသော အယူလည်း ရှိ၏။

ရဟန်းတို့ ဤတရားခြောက်မျိုးတို့နှင့် ပြည့်စုံသော သူသည် ဆောင်ယူ၍ ချထားအပ်သကဲ့သို့ ထို့အတူငရဲ၌ ဖြစ်ရ၏။

ရဟန်းတို့ တရားခြောက်မျိုးတို့နှင့် ပြည့်စုံသော သူသည် ဆောင်ယူ၍ ချထားအပ်သကဲ့သို့ ထို့အတူနတ်ပြည်၌ ဖြစ်ရ၏။

အဘယ်ခြောက်မျိုးတို့နည်းဟူမူ—

သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်၏၊ မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်၏၊ ကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်ခြင်းမှ ရှောင်ကြဉ်၏၊ မဟုတ်မမှန် ပြောဆိုခြင်းမှ ရှောင်ကြဉ်၏၊ အလိုနည်း၏၊ မှန်ကန်သော အယူရှိ၏။

ရဟန်းတို့ ဤတရားခြောက်မျိုးတို့နှင့် ပြည့်စုံသော သူသည် ဆောင်ယူ၍ ချထားအပ်သကဲ့သို့ ထို့အတူနတ်ပြည်၌ ဖြစ်ရ၏ဟု (မိန့်တော်မူ၏)။

သတ္တမသုတ်။