အင်္ဂုတ္တရနိကာယ်
၈-အရဟတ္တဝဂ်
၈-ဒုတိယ နိရယသုတ်
၈၂။ ရဟန်းတို့ တရားခြောက်မျိုးတို့နှင့် ပြည့်စုံသူသည် ဆောင်ယူ၍ ချထားအပ်သကဲ့သို့ ထို့အတူငရဲ၌ ဖြစ်ရ၏။
အဘယ်ခြောက်မျိုးတို့နည်းဟူမူ—
သူ့အသက်ကို သတ်လေ့ရှိ၏၊ မပေးသည်ကို ယူလေ့ရှိ၏၊ ကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်လေ့ ရှိ၏၊ မဟုတ်မမှန် ပြောဆိုလေ့ ရှိ၏၊ တပ်မက်မောမှုလည်း ရှိ၏၊ (ကိုယ်နှုတ်နှလုံး) မာကျောမှုလည်း ရှိ၏။
ရဟန်းတို့ ဤတရားခြောက်မျိုးတို့နှင့် ပြည့်စုံသော သူသည် ဆောင်ယူ၍ ချထားအပ်သကဲ့သို့ ထို့အတူငရဲ၌ ဖြစ်ရ၏။
ရဟန်းတို့ တရားခြောက်မျိုးတို့နှင့် ပြည့်စုံသူသည် ဆောင်ယူ၍ ချထားအပ်သကဲ့သို့ ထို့အတူနတ်ပြည်၌ ဖြစ်ရ၏။
အဘယ်ခြောက်မျိုးတို့နည်းဟူမူ—
သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်၏၊ မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်၏၊ ကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်ခြင်းမှ ရှောင်ကြဉ်၏၊ မဟုတ်မမှန် ပြောဆိုခြင်းမှ ရှောင်ကြဉ်၏၊ တပ်မက်မောမှုလည်းမရှိ၊ (ကိုယ် နှုတ် နှလုံး) မာကျောမှုလည်း မရှိ။
ရဟန်းတို့ ဤတရားခြောက်မျိုးတို့နှင့် ပြည့်စုံသော သူသည် ဆောင်ယူ၍ ချထားအပ်သကဲ့သို့ ထို့အတူနတ်ပြည်၌ ဖြစ်ရ၏ဟု (မိန့်တော်မူ၏)။
အဋ္ဌမသုတ်။