အင်္ဂုတ္တရနိကာယ်

၉-သီတိဝဂ်

၂-အာဝရဏသုတ်

၈၆။ ရဟန်းတို့ တရားခြောက်မျိုးတို့နှင့် ပြည့်စုံသူသည် သူတော်ကောင်းတရားကို ကြားနာရသော်လည်း ကုသိုလ်တရားတို့၌ မဖောက်ပြန်သောသဘောဟုဆိုအပ်သော နိယာမ (မဂ်) သို့ သက်ဝင်ရန်မထိုက်တန်။

အဘယ်ခြောက်မျိုးတို့နည်းဟူမူ—

(ဈာန် မဂ် ဖိုလ် နတ်ရွာကို) တားမြစ်တတ်သော (ပဉ္စာနန္တရိယကံ) နှင့် ပြည့်စုံ၏၊ တားမြစ်တတ်သောနိယတမိစ္ဆာဒိဋ္ဌိ ကိလေသာနှင့် ပြည့်စုံ၏၊ တားမြစ်တတ်သော ဒွိဟိတ် အဟိတ် ပဋိသန္ဓေဝိပါက်နှင့်ပြည့်စုံ၏၊ ယုံကြည်မှု ‘သဒ္ဓါ’လည်း မရှိ၊ (ကုသိုလ်ရေး၌ ) ပြုလိုမှု ‘ဆန္ဒ’လည်း မရှိ၊ ပညာလည်းကင်းမဲ့၏။

ရဟန်းတို့ ဤတရားခြောက်မျိုးတို့နှင့် ပြည့်စုံသူသည် သူတော်ကောင်းတရားကို ကြားနာရသော်လည်းကုသိုလ်တရားတို့၌ မဖောက်ပြန်သောသဘောဟုဆိုအပ်သော နိယာမ (မဂ်) သို့ သက်ဝင်ရန် မထိုက်တန်။

ရဟန်းတို့ တရားခြောက်မျိုးတို့နှင့် ပြည့်စုံသူသည် သူတော်ကောင်းတရားကို ကြားနာရသည် ရှိသော်ကုသိုလ်တရားတို့၌ မဖောက်ပြန်သောသဘောဟုဆိုအပ်သော နိယာမ (မဂ်) သို့ သက်ဝင်ရန် ထိုက်တန်၏။

အဘယ်ခြောက်မျိုးတို့နည်းဟူမူ—

(ဈာန် မဂ် ဖိုလ် နတ်ရွာကို) တားမြစ်တတ်သော (ပဉ္စာနန္တရိယ) ကံနှင့်ပြည့်စုံသူ မဟုတ်၊ တားမြစ်တတ်သော နိယတမိစ္ဆာဒိဋ္ဌိ ကိလေသာနှင့် ပြည့်စုံသူ မဟုတ်၊ တားမြစ်တတ်သော ဒွိဟိတ် အဟိတ် ပဋိသန္ဓေဝိပါက်နှင့် ပြည့်စုံသူမဟုတ်၊ ယုံကြည်မှု ‘သဒ္ဓါ’လည်း ရှိ၏၊ (ကုသိုလ်ရေး၌ ) ပြုလိုမှု ‘ဆန္ဒ’လည်း ရှိ၏၊ ပညာလည်း ရှိ၏။

ရဟန်းတို့ ဤတရားခြောက်မျိုးတို့နှင့် ပြည့်စုံသူသည် သူတော်ကောင်းတရားကို ကြားနာရသည် ရှိသော်ကုသိုလ်တရားတို့၌ မဖောက်ပြန်သောသဘောဟုဆိုအပ်သော နိယာမ (မဂ်) သို့ သက်ဝင်ရန်ထိုက်တန်၏ဟု (မိန့်တော်မူ၏)။

ဒုတိယသုတ်။