အင်္ဂုတ္တရနိကာယ်
၁-မေတ္တာဝဂ်
၁ဝ-ကာရဏ္ဍဝသုတ်
၁ဝ။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် စမ္ပာမြို့ ဂဂ္ဂရာရေကန်၏ ကမ်းနား၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ ရဟန်းတို့သည် ရဟန်းကို အာပတ်ဖြင့် စွပ်စွဲကုန်၏၊ ထိုရဟန်းသည် ရဟန်းတို့က အာပတ်ဖြင့် စွပ်စွဲသည်ရှိသော် အကြောင်းတစ်ပါးဖြင့် အကြောင်းတစ်ပါးကို ဖုံးလွှမ်း၏၊ အပြင်အပ စကားကို ထည့်သွင်း၏၊ အမျက်ထွက်ခြင်းကိုလည်းကောင်း၊ စိတ်ဆိုးခြင်းကိုလည်းကောင်း၊ မနှစ်သက်ခြင်း ကိုလည်းကောင်း ထင်စွာ ပြု၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို ဤသို့ မိန့်တော်မူ၏—“ရဟန်းတို့ ဤပုဂ္ဂိုလ်ကို (သာသနာတော်မှ) နှင်ထုတ်ကုန်လော့။ ရဟန်းတို့ ဤပုဂ္ဂိုလ်ကို (သာသနာတော်မှ) နှင်ထုတ်ကုန်လော့။ ရဟန်းတို့ ဤသို့သော ပုဂ္ဂိုလ်သည် သာသနာတော်မှ ထုတ်ပယ်ထိုက်သူ ဖြစ်၏၊ သုတ်သင်ရှင်းလင်း အပ်သော သူတစ်ပါး၏ တပည့်သားဖြစ်သော ထိုပုဂ္ဂိုလ်ဖြင့် သင်တို့အား အဘယ်အကျိုးရှိအံ့နည်း။
ရဟန်းတို့ ဤသာသနာတော်၌ အချို့သော ပုဂ္ဂိုလ်၏ ရှေ့သို့တက်မှု နောက်သို့ဆုတ်မှု တူရူကြည့်မှု တစောင်းကြည့်မှု ကွေးမှု ဆန့်မှု ဒုကုဋ်သပိတ်သင်္ကန်းဆောင်မှုသည် ထိုသူ၏ အာပတ်ကို ရဟန်း ကောင်းတို့ မမြင်ကြရသေးသမျှ တစ်ပါးသော ရဟန်းကောင်းတို့ကဲ့သို့တည်း၊ ထိုသူ၏ အာပတ်ကို ရဟန်းကောင်းတို့ မြင်ကြရသော အခါ၌ကား ထိုသူကို “ဤသူကား ရဟန်းတို့ကို ဖျက်ဆီးသူတည်း၊ ရဟန်းအဖျင်းတည်း၊ ရဟန်းအမှိုက်တည်း”ဟု သိကုန်၏၊ ထိုသူကို ဤသို့ သိကုန်သည်ရှိသော် အပသို့ နှင်ထုတ်ဖျက်ဆီးကုန်၏၊ ဤသို့ နှင်ထုတ်ဖျက်ဆီးခြင်းသည် အဘယ့်ကြောင့်နည်း၊ “တစ်ပါးသော ရဟန်း ကောင်းတို့ကို မဖျက်ဆီးပါစေလင့်”ဟု နှလုံးသွင်းရှိသောကြောင့်တည်း။
ရဟန်းတို့ ဥပမာသော်ကား ကောင်းမွန်သော မုယောခင်း၌ မုယောပင်တို့ကို ဖျက်ဆီးသော မုယော အဖျင်းဖြစ်သော မုယောအမှိုက်ဖြစ်သော အပင်သည် ပေါက်ရာ၏၊ အနှံမထွက်သေးသမျှ ထိုအပင်၏ အမြစ်သည် တစ်ပါးသော မုယောကောင်းတို့ကဲ့သို့ ဖြစ်၏၊ အရိုးတံသည် တစ်ပါးသော မုယောကောင်းတို့ကဲ့သို့ ဖြစ်၏၊ အရွက်သည် တစ်ပါးသော မုယောကောင်းတို့ကဲ့သို့ ဖြစ်၏၊ အနှံထွက်ပေါ်လာသော အခါ၌ကား ထိုအပင်ကို “ဤအပင်ကား မုယောပင်တို့ကို ဖျက်ဆီးသော အပင်တည်း၊ မုယော အဖျင်းတည်း၊ မုယောအမှိုက်တည်း”ဟု သိကုန်၏၊ ထိုအပင်ကို ဤသို့ သိသည်ရှိသော် အမြစ်ပါနုတ်လျက် မုယောခင်း၏ အပြင်သို့ စွန့်ပစ်ကုန်၏၊ ထိုသို့နုတ်ပယ်စွန့်ပစ်ခြင်းသည် အဘယ့်ကြောင့်နည်း၊ “တစ်ပါးသော မုယောကောင်းတို့ကို မဖျက်ဆီးပါစေလင့်”ဟု နှလုံးသွင်းရှိသောကြောင့်တည်း။ ရဟန်းတို့ ဤအတူသာလျှင် ဤသာသနာတော်၌ အချို့သော ပုဂ္ဂိုလ်၏ ရှေ့သို့တက်မှု နောက်သို့ဆုတ်မှု တူရူကြည့်မှု တစောင်းကြည့်မှု ကွေးမှု ဆန့်မှု ဒုကုဋ်သပိတ်သင်္ကန်းဆောင်ယူမှုသည် ထိုသူ၏ အာပတ်ကို ရဟန်း ကောင်းတို့ မမြင်ကြရသေးသမျှ တစ်ပါးသော ရဟန်းကောင်းတို့ကဲ့သို့တည်း၊ ထိုသူ၏ အာပတ်ကို ရဟန်းကောင်းတို့ မြင်ကြရသောအခါ၌ကား ထိုသူကို “ဤသူကား ရဟန်းတို့ကို ဖျက်ဆီးသူတည်း၊ ရဟန်းအဖျင်းတည်း၊ ရဟန်းအမှိုက်တည်း”ဟု သိကုန်၏၊ ဤသို့ သိကုန်သည်ရှိသော် ထိုရဟန်းကို အပသို့ နှင်ထုတ်ဖျက်ဆီးကုန်၏၊ ဤသို့ နှင်ထုတ်ဖျက်ဆီးခြင်းသည် အဘယ့်ကြောင့်နည်း၊ “တစ်ပါးသော ရဟန်းကောင်းတို့ကို မဖျက်ဆီးပါစေလင့်”ဟု နှလုံးသွင်းရှိသောကြောင့်တည်း။
ရဟန်းတို့ ဥပမာတစ်နည်းသော်ကား စပါးပုံကြီးကို လှေ့သည်ရှိသော် ထိုစပါးပုံကြီး၌ မြဲမြံကုန်သော အနှစ်ရှိကုန်သော စပါးတို့သည် တစ်နေရာ၌ အစုအပုံဖြစ်၍ နေ၏၊ အားနည်းကုန်သော အဖျင်း ဖြစ်ကြသည့် စပါးတို့ကို လေသည် တစ်နေရာသို့ လွင့်စေ၏၊ ထိုစပါးဖျင်းကို စပါးရှင်တို့သည် တံမြက် စည်းကို ယူ၍ အတိုင်းထက်အလွန် လှည်းထုတ်ပစ်ကုန်၏။ ဤသို့ လှည်းထုတ်ပစ်ကြခြင်းသည် အဘယ့် ကြောင့်နည်း၊ “တစ်ပါးသော စပါးကောင်းတို့ကို မဖျက်ဆီးပါစေလင့်”ဟု နှလုံးသွင်းရှိသောကြောင့်တည်း။ ရဟန်းတို့ ဤအတူသာလျှင် ဤသာသနာတော်၌ အချို့သော ရဟန်း၏ ရှေ့သို့တက်မှု နောက်သို့ဆုတ်မှု တူရူကြည့်မှု တစောင်းကြည့်မှု ကွေးမှု ဆန့်မှု ဒုကုဋ်သပိတ်သင်္ကန်း ဆောင်ယူမှုသည် ထိုသူ၏ အာပတ်ကို ရဟန်းကောင်းတို့ မမြင်ကြရသေးသမျှ တစ်ပါးသော ရဟန်းကောင်းတို့ကဲ့သို့တည်း၊ ထိုသူ၏ အာပတ်ကို ရဟန်းကောင်းတို့ မြင်ကြရသောအခါ၌ကား ထိုသူကို “ဤသူကား ရဟန်းတို့ကို ဖျက်ဆီးသူတည်း၊ ရဟန်းအဖျင်းတည်း၊ ရဟန်းအမှိုက်တည်း”ဟု သိကုန်၏၊ ဤသို့ သိကုန်သည်ရှိသော် ထိုရဟန်းကို အပသို့ နှင်ထုတ်ဖျက်ဆီးကုန်၏၊ ဤသို့ နှင်ထုတ်ဖျက်ဆီးခြင်းသည် အဘယ့်ကြောင့်နည်း၊ “တစ်ပါးသော ရဟန်းကောင်းတို့ကို မဖျက်ဆီးပါစေလင့်”ဟု နှလုံးသွင်းရှိသောကြောင့်တည်း။
ရဟန်းတို့ ဥပမာတစ်နည်းသော်ကား ရေတွင်းမှ သွယ်အပ်သော ရေတံလျှောက်ကို အလိုရှိသော ယောကျာ်းသည် ဓားထက်ထက်ကို ကိုင်စွဲ၍ တောသို့ ဝင်လေရာ၏၊ ထိုယောကျာ်းသည် အကြင် အကြင် သစ်ပင်ကိုပင် ဓားနှောင့်ဖြင့် ထုနှက်ရာ၏၊ ထိုသို့ထုနှက်ရာ၌ မြဲမြံသော အနှစ်ရှိကုန်သော သစ်ပင်တို့သည် ဓားနှောင့်ဖြင့် ထုနှက်အပ်ကုန်သော် မာကြောစွာ အသံမြည်ဟီးကုန်၏။ အတွင်း၌ ပုပ်ကုန်သော စွတ်စိုခြင်း ရှိကုန်သော ယောက်သွားပုပ်သဘောရှိကုန်သော သစ်ပင်တို့သည် ဓားနှောင့်ဖြင့် ထုနှက်အပ်ကုန်သော် ဒုတ်ဒုတ်ဟု အသံမြည်ကုန်၏၊ ထိုသစ်ပင်ကို အရင်းမှ ဖြတ်၏၊ အရင်းမှ ဖြတ်ပြီး၍ အဖျားမှ ဖြတ်၏၊ အဖျားမှ ဖြတ်ပြီး၍ အတွင်း၌ ကောင်းစွာ သုတ်သင်သင့်သည်ကို သုတ်သင်ပြီးလျှင် ရေတွင်းမှ သွယ်အပ်သော ရေတံလျှောက်အဖြစ်၌ ယှဉ်စေ၏။ ရဟန်းတို့ ဤအတူသာလျှင် ဤသာသနာတော်၌ အချို့သော ပုဂ္ဂိုလ်၏ ရှေ့သို့တက်မှု နောက်သို့ ဆုတ်မှု တူရူကြည့်မှု တစောင်းကြည့်မှု ကွေးမှု ဆန့်မှု ဒုကုဋ် သပိတ်သင်္ကန်းဆောင်ယူမှုသည် ထိုသူ၏ အာပတ်ကို ရဟန်းကောင်းတို့ မမြင်ကြရသေးသမျှ တစ်ပါးသော ရဟန်းကောင်းတို့ကဲ့သို့တည်း၊ ထိုသူ၏ အာပတ်ကို ရဟန်းကောင်းတို့ မြင်ကြရသောအခါ၌ကား ထိုသူကို “ဤသူကား ရဟန်းတို့ကို ဖျက်ဆီးသူတည်း၊ ရဟန်းအဖျင်းတည်း၊ ရဟန်းအမှိုက်တည်း”ဟု သိကုန်၏၊ ဤသို့ သိကုန်သည်ရှိသော် ထိုရဟန်းကို အပသို့ နှင်ထုတ် ဖျက်ဆီးကုန်၏၊ ဤသို့ နှင်ထုတ် ဖျက်ဆီးခြင်းသည် အဘယ့်ကြောင့်နည်း၊ “တစ်ပါးသော ရဟန်းကောင်းတို့ကို မဖျက်ဆီးပါစေလင့်”ဟု နှလုံးသွင်း ရှိသောကြောင့်တည်းဟု (မိန့်တော်မူ၏)။
အတူတကွ ပေါင်းသင်းဆက်ဆံခြင်းဖြင့် ဤရဟန်းသည် ယုတ်မာသော အလိုရှိ၏၊ အမျက်ထွက်လေ့ရှိ၏၊ သူ့ကျေးဇူးကို ချေဖျက်တတ်၏၊ ကြမ်းကြုတ်ခက်ထန်သော နှလုံးထားရှိ၏၊ ဂုဏ်တုဂုဏ်ပြိုင် လုပ်တတ်၏၊ မနာလို ငြူစူတတ်၏၊ ဝန်တိုမှုရှိ၏၊ စဉ်းလဲတတ်၏။ ပရိသတ်အလယ်၌ အပြောအဆို သိမ်မွေ့၏၊ ရဟန်းကောင်းကဲ့သို့ ပြောဆို တတ်၏၊ ဆိတ်ကွယ်ရာ၌ မကောင်းမှုကို ပြုလုပ်တတ်၏၊ ယုတ်ညံ့သော အယူရှိ၏၊ ရိုသေမှု ကင်း၏။ တုန်လှုပ်ခြင်းလည်း ရှိ၏၊ မဟုတ်မမှန်သော စကားကိုလည်း ပြောဆိုတတ်၏ဟု သိနိုင်ကုန်ရာ၏၊ ထိုရဟန်းယုတ်ကို အမှန်အတိုင်း သိသည်ရှိသော် ရဟန်းအားလုံးတို့ ညီညီညွတ်ညွတ် ဖြစ်ကြကုန်လျက် ထိုရဟန်းယုတ်ကို နှင်ထုတ်ကုန်ရာ၏။ အမှိုက်သဖွယ်ဖြစ်သော ရဟန်းကို နှင်ထုတ်ကုန်လော့၊ ယောက်သွားပုပ်သဖွယ်ဖြစ်သော ရဟန်းကို ဆွဲထုတ်ကုန်လော့၊ ရဟန်းမဟုတ်ဘဲ ရဟန်းဟု မှတ်ထင်ကုန်သော အဖျင်းသဖွယ်ဖြစ်သော ရဟန်းတို့ကို မျှောလိုက်ကုန်လော့။ ယုတ်ညံ့သော အလိုရှိကုန်သော ယုတ်ညံ့သော အကျင့်၌ ကျက်စားကုန်သော ရဟန်းယုတ်တို့ကို နှင်ထုတ်ပြီး၍ စင်ကြယ်ကုန်သော ရဟန်းတို့သည် စင်ကြယ်ကုန်သော ရဟန်းကောင်းတို့နှင့် အချင်းချင်း ရိုသေကုန်လျက် ပေါင်းသင်း ဆက်ဆံခြင်းကို ပြုကုန်လော့၊ ထိုသို့ ပေါင်းသင်းဆက်ဆံခြင်းကြောင့် ညီညွတ်ကုန်၍ ပညာရင့်ကုန်လျက် သင်တို့သည် ဒုက္ခ၏ အဆုံးကို ပြုနိုင်ကုန်လတ္တံ့။
ဒသမသုတ်။
ရှေးဦးစွာသော မေတ္တာဝဂ် ပြီး၏။