သံယုတ္တနိကာယ်—၁ဝ
၁၂—အာဠဝကသုတ်
၂၄၆။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်— အခါတစ်ပါး၌ မြတ်စွာဘုရားသည် အာဠဝီပြည် အာဠဝကဘီလူး၏ ဗိမာန်၌ နေတော်မူ၏၊ ထိုအခါ အာဠဝကဘီလူးသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ် လျက် မြတ်စွာဘုရားအား “ရဟန်း ထွက်လော့”ဟု ဤစကားကို ဆို၏၊ “ဘီလူး ကောင်းပြီ”ဟု မြတ်စွာဘုရားသည် ထွက်တော်မူ၏၊ “ရဟန်း ဝင်လော့”ဟု ဆို၏၊ “ဘီလူး ကောင်းပြီ”ဟု မြတ်စွာဘုရားသည် ဝင်တော်မူ၏၊ ဤနည်းအတိုင်း သုံးကြိမ်တိုင်တိုင် “ထွက်လော့ ဝင်လော့”ဟု အာဠဝကဘီလူးက ဆို၏၊ မြတ်စွာဘုရားသည် သုံးကြိမ်တိုင်တိုင် “ထွက်ချည် ဝင်ချည်” ပြုတော်မူ၏၊ လေးကြိမ်မြောက်ကား အာဠဝက ဘီလူးသည် မြတ်စွာဘုရားအား “ရဟန်း ထွက်လော့”ဟု ဤစကားကို ဆို၏၊ “ဘီလူး ငါသည် မထွက် တော့အံ့၊ သင့်အား ပြုဖွယ်ကိစ္စ ရှိအံ့၊ ပြုဖွယ်ကိစ္စကိုသာ ပြုလော့”ဟု မိန့်တော်မူ၏၊ ရဟန်း သင့်အား ပြဿနာကို မေးအံ့၊ ငါ့အား အကယ်၍ မဖြေနိုင်ခဲ့အံ့၊ သင်၏ စိတ်ကိုသော်လည်း ပျံ့လွင့်စေအံ့၊ သင်၏ နှလုံးကိုသော်လည်း ခွဲအံ့၊ ခြေတို့၌ ကိုင်၍ ဂင်္ဂါမြစ် တစ်ဖက်ကမ်းသို့သော်လည်း ပစ်လိုက်အံ့ဟု (ဆို၏)၊ “ဘီလူး နတ် မာရ်နတ် ဗြဟ္မာနှင့် တကွသော နတ်လောကနှင့် သမဏ ဗြာဟ္မဏ မင်းများ လူများနှင့် တကွသော လူ့လောက၌ ငါဘုရား၏ စိတ်ကိုမူလည်း ပျံ့လွင့်စေနိုင်သော နှလုံးကိုမူလည်း ခွဲစေနိုင်သော ခြေတို့၌မူလည်း ကိုင်၍ ဂင်္ဂါမြစ်တစ်ဖက်ကမ်းသို့ ပစ်နိုင်သော သူကို စင်စစ် ငါ မမြင်၊ ဘီလူး သို့သော်လည်း သင် အကယ်၍ အလိုရှိသည် ဖြစ်အံ့၊ မေးလော့”ဟု (မိန့်တော်မူ၏)။
“ဤလောက၌ ယောကျာ်း၏ မြတ်သောဥစ္စာကား အဘယ်နည်း၊ ကောင်းစွာ လေ့ကျက်အပ်သော အဘယ်တရားသည် ချမ်းသာကို ရွက်ဆောင်တတ်သနည်း၊ အရသာတို့တွင် အဘယ်အရသာသည် စင်စစ် အကောင်းမြတ်ဆုံးသော အရသာဖြစ် သနည်း၊ အဘယ်မည်သော အသက်မွေးခြင်းကို မြတ်သော အသက်မွေးခြင်းဟူ၍ ဆိုကုန်သနည်း”ဟု (မေး၏)။
“ဘီလူး ဤလောက၌ ယောကျာ်း၏ မြတ်သောဥစ္စာကား ယုံကြည်မှု ‘သဒ္ဓါ’တရား တည်း၊ ကောင်းစွာ လေ့ကျက်အပ်သော (ဆယ်ပါးသော ကုသိုလ်ကမ္မပထ) တရား သည် ချမ်းသာကို ရွက်ဆောင်တတ်၏၊ အရသာတို့တွင် (နိဗ္ဗာန်ဟူသော) ပရမတ္ထ သစ္စာနှင့် ဝစီသစ္စာသည် စင်စစ် အကောင်းမြတ်ဆုံးသော အရသာတည်း၊ ပညာဖြင့် အသက်မွေးခြင်းကို မြတ်သော အသက်မွေးခြင်းဟူ၍ ဆိုကုန်၏”ဟု (ဖြေတော်မူ၏)။
“အဘယ်မည်သော တရားဖြင့် သံသရာအလျဉ် ‘သြဃ’ကို ကူးမြောက်သနည်း၊ အဘယ်မည်သော တရားဖြင့် သံသရာသမုဒ္ဒရာကို ကူးမြောက်သနည်း၊ အဘယ် မည်သော တရားဖြင့် ကာမဂုဏ်ဆင်းရဲကို လွန်မြောက်သနည်း၊ အဘယ်မည်သော တရားဖြင့် စင်ကြယ်သနည်း”ဟု (မေး၏)။
“ဘီလူး ယုံကြည်မှု ‘သဒ္ဓါ’တရားဖြင့် သံသရာအလျဉ်ကို ကူးမြောက်၏၊ မမေ့ မလျော့မှု ‘အပ္ပမာဒ’တရားဖြင့် သံသရာသမုဒ္ဒရာကို ကူးမြောက်၏၊ အားထုတ်မှု ‘ဝီရိယ’ဖြင့် ဆင်းရဲကို လွန်မြောက်၏၊ ပညာဖြင့် စင်ကြယ်၏”ဟု (ဖြေတော်မူ၏)။
“အဘယ်သို့သော သူသည် ပညာကို ရသနည်း၊ အဘယ်သို့သော သူသည် ဥစ္စာကို ရသနည်း၊ အဘယ်တရားဖြင့် ကျော်စောခြင်းသို့ ရောက်သနည်း၊ အဘယ် သူသည် အဆွေခင်ပွန်းတို့ကို ရသနည်း၊ အဘယ်သူသည် ဤလောကမှ တမလွန် လောကသို့ ရောက်၍ မစိုးရိမ်ရသနည်း”ဟု (မေး၏)။
“ဘီလူး မမေ့လျော့သော ပညာရှိသော သူသည် နိဗ္ဗာန်သို့ ရောက်ခြင်းငှါ ရဟန္တာပုဂ္ဂိုလ်တို့၏ တရားကို ယုံကြည်စွာ နာသည်ဖြစ်၍ ပညာကို ရ၏၊ သင့်လျော် လျောက်ပတ်သော အမှုကို ပြုလေ့ရှိသော (ဝီရိယဟူသော) ဝန်ရှိသော ထကြွလုံ့လ ရှိသော သူသည် ဥစ္စာကို ရ၏၊ မှန်သော စကားဖြင့် ကျော်စောခြင်းသို့ ရောက်၏၊ ပေးကမ်းသော သူသည် အဆွေခင်ပွန်းတို့ကို ရ၏၊ ဤဆိုလတ္တံ့သော အကြောင်း ကြောင့် ဤလောကမှ တမလွန်လောကသို့ ရောက်၍ မစိုးရိမ်ရ။
ယုံကြည်မှု ‘သဒ္ဓါ’တရားရှိသော အိမ်ထောင်မှုကို ရှာမှီးလေ့ရှိသော အကြင်သူအား မှန်ကန်မှု ‘သစ္စာ’၊ ပညာရကြောင်း ‘ဒမ္မ’၊ အားထုတ်မှု ‘ဓိတိ’၊ စွန့်ကြဲမှု ‘စာဂ’ ဤ တရားလေးပါးတို့သည် အကယ်၍ ရှိကုန်အံ့၊ ထိုသူသည် စင်စစ် တမလွန်ဘဝသို့ ရောက်၍ မစိုးရိမ်ရ။
ဘီလူး ဤလောက၌ မှန်ကန်မှု ‘သစ္စာ’ ထက်လည်းကောင်း၊ ပညာရကြောင်း ‘ဒမ္မ’ ထက်လည်းကောင်း၊ စွန့်ကြဲမှု ‘စာဂ’ထက်လည်းကောင်း၊ အားထုတ်မှု ‘ဓိတိ’ထက်လည်းကောင်း လွန်ကဲသောတရားသည် အကယ်၍ ရှိသည် ဖြစ်အံ့။ ငါ တိုက်တွန်း၏၊ အခြားသော များစွာသော သမဏဗြာဟ္မဏတို့ကို မေးလေဦးလော့”ဟု (မိန့်တော်မူ၏)။
“မြတ်စွာဘုရား တမလွန်ဘဝ၌ ဖြစ်သော အကြောင်းတရားကို အကျွန်ုပ်သည် ယနေ့ သိရပါ၏၊ ယခုအခါ၌ အဘယ်အကြောင်းကြောင့် များစွာသော သမဏ ဗြာဟ္မဏတို့ကို မေးရပါတော့အံ့နည်း။
မြတ်စွာဘုရားသည် အကျွန်ုပ်၏အကျိုးငှါသာ အာဠဝီမြို့တော်သို့ သီတင်းသုံးရန် ကြွလာတော်မူပေစွတကား၊ အကြင်ပုဂ္ဂိုလ်၌ ပေးလှူအပ်သော အလှူသည် ကြီးသော အကျိုး ရှိ၏၊ (ထိုအလှူခံပုဂ္ဂိုလ်ကို) ယနေ့ အကျွန်ုပ် သိရပါ၏။
ထိုအကျွန်ုပ်သည် မြတ်စွာဘုရားကို ရှိခိုးလျက်လည်းကောင်း၊ တရားတော်၏ ကောင်းသော တရား၏ အဖြစ်ကို (ချီးမွမ်းလျက်လည်းကောင်း) တစ်ရွာမှ တစ်ရွာ တစ်ပြည်မှ တစ်ပြည်သို့ လှည့်လည်ပါအံ့”ဟု (လျှောက်၏)။
ယက္ခသံယုတ် ပြီး၏။