သံယုတ္တနိကာယ်—၁၂
၂—အာဟာရဝဂ်
၁—အာဟာရသုတ်
၁၁။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်—အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ရဟန်းတို့ ဖြစ်ပြီး သတ္တဝါတို့အားလည်းကောင်း၊ ဖြစ်ဆဲသတ္တဝါတို့အားလည်းကောင်း တည်နေခြင်းငှါ ချီးမြှောက်ခြင်းငှါ ဆောင်တတ်သော သဘော ‘အာဟာရ’တို့သည် ဤလေးပါးတို့တည်း။
အဘယ်လေးပါးတို့နည်းဟူမူ— ကြမ်းတမ်းသည်လည်းဖြစ်စေ၊ နူးညံ့သည်လည်းဖြစ်စေ အလုတ် အလွေးပြု၍ မျိုအပ်သော ‘ကဗဠီကာရအာဟာရ’၊ နှစ်ခုမြောက် တွေ့ထိမှု ‘ဖဿာဟာရ’၊ သုံးခုမြောက် စိတ်ကို လှုံ့ဆော်မှု ‘မနောသေဉ္စတနာဟာရ’၊ လေးခုမြောက် အထူးသိမှု ‘ဝိညာဏာဟာရ’တို့တည်း။ ရဟန်းတို့ ဖြစ်ပြီးသတ္တဝါတို့အားလည်းကောင်း၊ ဖြစ်ဆဲသတ္တဝါတို့အားလည်းကောင်း တည်နေခြင်းငှါ ချီး မြှောက်ခြင်းငှါ ဆောင်တတ်သော သဘော ‘အာဟာရ’တို့သည် ဤလေးပါးတို့တည်း။
ရဟန်းတို့ ဤလေးပါးသော အာဟာရတို့သည် အဘယ်တရားလျှင် အကြောင်းရှိကုန်သနည်း၊ အဘယ်တရားလျှင် ဖြစ်ပေါ်ကြောင်းရှိကုန်သနည်း၊ အဘယ်တရားလျှင် ဖြစ်ကြောင်းရှိကုန်သနည်း၊ အဘယ် တရားလျှင် အမွန်အစရှိကုန်သနည်း။ ဤလေးပါးသော အာဟာရတို့သည် တပ်မက်မှု ‘တဏှာ’လျှင် အ ကြောင်းရှိကုန်၏၊ တပ်မက်မှု ‘တဏှာ’လျှင် ဖြစ်ပေါ်ကြောင်းရှိကုန်၏၊ တပ်မက်မှု ‘တဏှာ’လျှင် ဖြစ်ကြောင်း ရှိကုန်၏၊ တပ်မက်မှု ‘တဏှာ’လျှင် အမွန်အစရှိကုန်၏။
ရဟန်းတို့ ဤတပ်မက်မှု ‘တဏှာ’သည် အဘယ်တရားလျှင် အကြောင်းရှိသနည်း၊ အဘယ်တရား လျှင် ဖြစ်ပေါ်ကြောင်းရှိသနည်း၊ အဘယ်တရားလျှင် ဖြစ်ကြောင်းရှိသနည်း၊ အဘယ်တရားလျှင် အမွန်အစ ရှိသနည်း။ တပ်မက်မှု ‘တဏှာ’သည် ခံစားမှု ‘ဝေဒနာ’လျှင် အကြောင်းရှိ၏၊ ခံစားမှု ‘ဝေဒနာ’လျှင် ဖြစ်ပေါ် ကြောင်းရှိ၏၊ ခံစားမှု ‘ဝေဒနာ’လျှင် ဖြစ်ကြောင်းရှိ၏၊ ခံစားမှု ‘ဝေဒနာ’လျှင် အမွန်အစရှိ၏။
ရဟန်းတို့ ဤခံစားမှု ‘ဝေဒနာ’ သည် အဘယ်တရားလျှင် အကြောင်းရှိသနည်း၊ အဘယ်တရားလျှင် ဖြစ်ပေါ်ကြောင်းရှိသနည်း၊ အဘယ်တရားလျှင် ဖြစ်ကြောင်းရှိသနည်း၊ အဘယ်တရားလျှင် အမွန်အစရှိသ နည်း။ ခံစားမှု ‘ဝေဒနာ’ သည် တွေ့ထိမှု ‘ဖဿ’လျှင် အကြောင်းရှိ၏၊ တွေ့ထိမှု ‘ဖဿ’လျှင် ဖြစ်ပေါ်ကြောင်း ရှိ၏၊ တွေ့ထိမှု ‘ဖဿ’လျှင် ဖြစ်ကြောင်းရှိ၏၊ တွေ့ထိမှု ‘ဖဿ’လျှင် အမွန်အစရှိ၏။
ရဟန်းတို့ ဤတွေ့ထိမှု ‘ဖဿ’သည် အဘယ်တရားလျှင် အကြောင်းရှိသနည်း၊ အဘယ်တရားလျှင် ဖြစ်ပေါ်ကြောင်းရှိသနည်း၊ အဘယ်တရားလျှင် ဖြစ်ကြောင်းရှိသနည်း၊ အဘယ်တရားလျှင် အမွန်အစရှိသ နည်း။ တွေ့ထိမှု ‘ဖဿ’သည် တည်ရာ ‘အာယတန’ ခြောက်ပါးလျှင် အကြောင်းရှိ၏၊ တည်ရာ ‘အာယတန’ ခြောက်ပါးလျှင် ဖြစ်ပေါ်ကြောင်းရှိ၏၊ တည်ရာ ‘အာယတန’ ခြောက်ပါးလျှင် ဖြစ်ကြောင်းရှိ၏၊ တည်ရာ ‘အာယတန’ ခြောက်ပါးလျှင် အမွန်အစရှိ၏။
ရဟန်းတို့ ဤတည်ရာ ‘အာယတန’ ခြောက်ပါးသည် အဘယ်တရားလျှင် အကြောင်းရှိသနည်း၊ အဘယ်တရားလျှင် ဖြစ်ပေါ်ကြောင်းရှိသနည်း၊ အဘယ်တရားလျှင် ဖြစ်ကြောင်းရှိသနည်း၊ အဘယ်တရား လျှင် အမွန်အစရှိသနည်း။ တည်ရာ ‘အာယတန’ခြောက်ပါးသည် နာမ်ရုပ်လျှင် အကြောင်းရှိ၏၊ နာမ်ရုပ်လျှင် ဖြစ်ပေါ်ကြောင်းရှိ၏၊ နာမ်ရုပ်လျှင် ဖြစ်ကြောင်းရှိ၏၊ နာမ်ရုပ်လျှင် အမွန်အစရှိ၏။
ရဟန်းတို့ ဤနာမ်ရုပ်သည် အဘယ်တရားလျှင် အကြောင်းရှိသနည်း၊ အဘယ်တရားလျှင် ဖြစ်ပေါ် ကြောင်းရှိသနည်း၊ အဘယ်တရားလျှင် ဖြစ်ကြောင်းရှိသနည်း၊ အဘယ်တရားလျှင် အမွန်အစရှိသနည်း။ နာမ်ရုပ်သည် သိမှု ‘ဝိညာဏ်’လျှင် အကြောင်းရှိ၏၊ သိမှု ‘ဝိညာဏ်’လျှင် ဖြစ်ပေါ်ကြောင်းရှိ၏၊ သိမှု ‘ဝိညာဏ်’ လျှင် ဖြစ်ကြောင်းရှိ၏၊ သိမှု ‘ဝိညာဏ်’လျှင် အမွန်အစရှိ၏။
ရဟန်းတို့ ဤသိမှု ‘ဝိညာဏ်’ သည် အဘယ်တရားလျှင် အကြောင်းရှိသနည်း၊ အဘယ်တရားလျှင် ဖြစ်ပေါ်ကြောင်းရှိသနည်း၊ အဘယ်တရားလျှင် ဖြစ်ကြောင်းရှိသနည်း၊ အဘယ်တရားလျှင် အမွန်အစရှိသ နည်း။ သိမှု ‘ဝိညာဏ်’သည် ပြုစီရင်မှု ‘သင်္ခါရ’လျှင် အကြောင်းရှိ၏၊ ပြုစီရင်မှု ‘သင်္ခါရ’လျှင် ဖြစ်ပေါ်ကြောင်း ရှိ၏၊ ပြုစီရင်မှု ‘သင်္ခါရ’လျှင် ဖြစ်ကြောင်းရှိ၏၊ ပြုစီရင်မှု ‘သင်္ခါရ’လျှင် အမွန်အစရှိ၏။
ရဟန်းတို့ ဤပြုစီရင်မှု ‘သင်္ခါရ’တို့သည် အဘယ်တရားလျှင် အကြောင်းရှိကုန်သနည်း၊ အဘယ် တရားလျှင် ဖြစ်ပေါ်ကြောင်းရှိကုန်သနည်း၊ အဘယ်တရားလျှင် ဖြစ်ကြောင်းရှိကုန်သနည်း၊ အဘယ်တရား လျှင် အမွန်အစရှိကုန်သနည်း။ ပြုစီရင်မှု ‘သင်္ခါရ’တို့သည် မသိမှု ‘အဝိဇ္ဇာ’လျှင် အကြောင်းရှိကုန်၏၊ မသိမှု ‘အဝိဇ္ဇာ’လျှင် ဖြစ်ပေါ်ကြောင်းရှိကုန်၏၊ မသိမှု ‘အဝိဇ္ဇာ’လျှင် ဖြစ်ကြောင်းရှိကုန်၏၊ မသိမှု ‘အဝိဇ္ဇာ’လျှင် အမွန်အစရှိကုန်၏။
ရဟန်းတို့ ဤသို့လျှင် မသိမှု ‘အဝိဇ္ဇာ’ အကြောင်းခံကြောင့် ပြုစီရင်မှု ‘သင်္ခါရ’တို့ ဖြစ်ကုန်၏၊ ပြုစီ ရင်မှု ‘သင်္ခါရ’ အကြောင်းခံကြောင့် သိမှု ‘ဝိညာဏ်’ ဖြစ်၏။ပ။ ဤသို့လျှင် အလုံးစုံသော ဆင်းရဲအစု ဖြစ်ပွား၏။ မသိမှု ‘အဝိဇ္ဇာ’၏သာလျှင် (အရဟတ္တမဂ်ဖြင့်) အကြွင်းမဲ့ ချုပ်ခြင်းကြောင့် ပြုစီရင်မှု ‘သင်္ခါရ’တို့ ချုပ်ကုန်၏။ ပြုစီရင်မှု ‘သင်္ခါရ’တို့ ချုပ်ခြင်းကြောင့် သိမှု ‘ဝိညာဏ်’ ချုပ်၏။ပ။ ဤသို့လျှင် အလုံးစုံသော ဆင်းရဲအစု ချုပ်ပျောက်၏။
ပဌမသုတ်။