သံယုတ္တနိကာယ်—၁၂

၂—အာဟာရဝဂ်

၂—မောဠိယဖဂ္ဂုနသုတ်

၁၂။ သာဝတ္ထိပြည်၌ (သီတင်းသုံး) နေတော်မူ၏၊ ရဟန်းတို့ ဖြစ်ပြီးသတ္တဝါတို့အားလည်းကောင်း၊ ဖြစ်ဆဲသတ္တဝါတို့အားလည်းကောင်း တည်နေခြင်းငှါ ချီးမြှောက်ခြင်းငှါ ဆောင်တတ်သောသဘော ‘အာဟာရ’တို့သည် ဤလေးပါးတို့တည်း။

အဘယ်လေးပါးတို့နည်းဟူမူ— ကြမ်းတမ်းသည်လည်းဖြစ်စေ၊ နူးညံ့သည်လည်းဖြစ်စေ အလုတ် အလွေးပြု၍ မျိုအပ်သော ‘ကဗဠီကာရအာဟာရ’၊ နှစ်ခုမြောက် တွေ့ထိမှု ‘ဖဿာဟာရ’၊ သုံးခုမြောက် စိတ်ကို လှုံ့ဆော်မှု ‘မနောသေဉ္စတနာဟာရ’၊ လေးခုမြောက် အထူးသိမှု ‘ဝိညာဏာဟာရ’ ဤလေးပါးတို့ တည်း။ ရဟန်းတို့ ဖြစ်ပြီးသတ္တဝါတို့အားလည်းကောင်း၊ ဖြစ်ဆဲသတ္တဝါတို့အားလည်းကောင်း တည်နေခြင်းငှါ ချီးမြှောက်ခြင်းငှါ ဆောင်တတ်သော သဘော ‘အာဟာရ’တို့သည် ဤလေးပါးတို့တည်း။

ဤသို့ ဟောတော်မူသည်ရှိသော် အသျှင်မောဠိယဖဂ္ဂုနသည် မြတ်စွာဘုရားအား “အသျှင်ဘုရား အဘယ်သူသည် သိမှုဟူသော ဆောင်တတ်သော သဘော ‘ဝိညာဏာဟာရ’ ကို ဆောင်ပါသနည်း”ဟု လျှောက်၏၊ “အမေးသည် မသင့်လျော်ချေ”၊ “ဆောင်၏”ဟူ၍ ငါ မဟော။ “ဆောင်၏”ဟု အကယ်၍ ငါ ဟောခဲ့ပါမူ ထိုအရာ၌ “အသျှင်ဘုရား အဘယ်သူသည် ဆောင်ပါသနည်း”ဟူသော အမေးသည် သင့်လျော်သည် ဖြစ်ရာ၏၊ ဤသို့ကား ငါ မဟော၊ ဤသို့ မဟောသော ငါ့ကို အကြင်သူသည် “အသျှင် ဘုရား သိမှုဟူသော ဆောင်တတ်သော သဘော ‘ဝိညာဏာဟာရ’သည် အဘယ်တရား၏ အကြောင်း ဖြစ် သနည်း”ဟု ဤသို့ မေးခဲ့မူ ထိုသူ၏ ဤအမေးကား သင့်လျော်၏၊ “ဝိညာဏာဟာရသည် နောင်တစ်ဖန် ဘဝသစ်၌ ဖြစ်ကြောင်း ဖြစ်၏၊ ထိုဝိညာဏာဟာရ ဖြစ်သည်ရှိသော် တည်ရာ ‘အာယတန’ခြောက်ပါး ဖြစ်၏၊ တည်ရာ ‘အာယတန’ အကြောင်းခံကြောင့် တွေ့ထိမှု ‘ဖဿ’ ဖြစ်၏”ဟု ထိုအမေး၌ ဤအဖြေသည် သင့် လျော်၏ဟု မြတ်စွာဘုရား ဟောတော်မူ၏။

“အသျှင်ဘုရား အဘယ်သူသည် တွေ့ထိပါသနည်း”ဟု လျှောက်၏၊ “အမေးသည် မသင့်လျော်ချေ”၊ “တွေ့ထိ၏”ဟု ငါ မဟော။ “တွေ့ထိ်၏”ဟု အကယ်၍ ငါ ဟောခဲ့ပါမူ ထိုအရာ၌ “အသျှင်ဘုရား့အဘယ်သူသည် တွေ့ထိပါသနည်း”ဟူသော အမေးသည် သင့်လျော်သည် ဖြစ်ရာ၏၊ ဤသို့ကား ငါ မဟော၊ ဤသို့ မဟောသော ငါ့ကို အကြင်သူသည် “အသျှင်ဘုရား အဘယ်အကြောင်းခံကြောင့် တွေ့ထိမှု ‘ဖဿ’ ဖြစ်ပါသနည်း”ဟု ဤသို့ မေးခဲ့မူ ထိုသူ၏ ဤအမေးကား သင့်လျော်၏၊ “တည်ရာ ‘အာယတန’ ခြောက်ပါး အကြောင်းခံကြောင့် တွေ့ထိမှု ‘ဖဿ’ ဖြစ်၏၊ တွေ့ထိမှု ‘ဖဿ’ အကြောင်းခံကြောင့် ခံစားမှု ‘ဝေဒနာ’ ဖြစ်၏”ဟု ထိုအမေး၌ ဤအဖြေသည် သင့်လျော်၏ဟု မြတ်စွာဘုရား ဟောတော်မူ၏။

“အသျှင်ဘုရား အဘယ်သူသည် ခံစားပါသနည်း”ဟု လျှောက်၏၊ “အမေးသည် မသင့်လျော်ချေ”၊ “ခံစား၏”ဟု ငါ မဟော။ “ခံစား၏”ဟု အကယ်၍ ငါ ဟောခဲ့ပါမူ ထိုအရာ၌ “အသျှင်ဘုရား အဘယ် သူသည် ခံစားပါသနည်း”ဟူသော အမေးသည် သင့်လျော်သည် ဖြစ်ရာ၏၊ ဤသို့ကား ငါ မဟော၊ ဤသို့ မဟောသော ငါ့ကို အကြင်သူသည် “အသျှင်ဘုရား အဘယ်အကြောင်းခံကြောင့် ခံစားမှု ‘ဝေဒနာ’ ဖြစ်ပါသနည်း”ဟု ဤသို့ မေးခဲ့မူ ထိုသူ၏ ဤအမေးကား သင့်လျော်၏၊ “တွေ့ထိမှု ‘ဖဿ’ အကြောင်းခံ ကြောင့် ခံစားမှု ‘ဝေဒနာ’ ဖြစ်၏၊ ခံစားမှု ‘ဝေဒနာ’ အကြောင်းခံကြောင့် တပ်မက်မှု ‘တဏှာ’ ဖြစ်၏”ဟု ထိုအမေး၌ ဤအဖြေသည် သင့်လျော်၏ဟု မြတ်စွာဘုရား ဟောတော်မူ၏။

“အသျှင်ဘုရား အဘယ်သူသည် တပ်မက်ပါသနည်း”ဟု လျှောက်၏၊ “အမေးသည် မသင့်လျော် ချေ”၊ “တပ်မက်၏”ဟု ငါ မဟော။ “တပ်မက်၏”ဟု အကယ်၍ ငါ ဟောခဲ့ပါမူ ထိုအရာ၌ “အသျှင်ဘုရား အဘယ်သူသည် တပ်မက်ပါသနည်း” ဟူသော အမေးသည် သင့်လျော်သည် ဖြစ်ရာ၏၊ ဤသို့ကား ငါ မဟော၊ ဤသို့ မဟောသော ငါ့ကို အကြင်သူသည် “အသျှင်ဘုရား အဘယ်အကြောင်းခံကြောင့် တပ်မက်မှု ‘တဏှာ’ ဖြစ်ပါသနည်း”ဟု ဤသို့ မေးခဲ့မူ ထိုသူ၏ ဤအမေးသည် သင့်လျော်၏၊ “ခံစားမှု ‘ဝေဒနာ’ အကြောင်းခံကြောင့် တပ်မက်မှု ‘တဏှာ’ ဖြစ်၏၊ တပ်မက်မှု ‘တဏှာ’ အကြောင်းခံကြောင့် ပြင်းစွာ စွဲလမ်းမှု ‘ဥပါဒါန်’ ဖြစ်၏”ဟု ထိုအမေး၌ ဤအဖြေသည် သင့်လျော်၏ဟု မြတ်စွာဘုရား ဟောတော်မူ၏။

“အသျှင်ဘုရား အဘယ်သူသည် ပြင်းစွာ စွဲလမ်းပါသနည်း”ဟု လျှောက်၏၊ “အမေးသည် မသင့် လျော်ချေ”၊ “ပြင်းစွာ စွဲလမ်း၏”ဟု ငါ မဟော။ “ပြင်းစွာ စွဲလမ်း၏”ဟု အကယ်၍ ငါ ဟောခဲ့ပါမူ ထိုအရာ၌ “အသျှင်ဘုရား အဘယ်သူသည် ပြင်းစွာ စွဲလမ်းပါသနည်း”ဟူသော အမေးသည် သင့်လျော် သည် ဖြစ်ရာ၏၊ ဤသို့ကား ငါ မဟော၊ ဤသို့ မဟောသော ငါ့ကို အကြင်သူသည် “အသျှင်ဘုရား အဘယ်အကြောင်းခံကြောင့် ပြင်းစွာ စွဲလမ်းမှု ‘ဥပါဒါန်’ ဖြစ်ပါသနည်း”ဟု ဤသို့ မေးခဲ့မူ ထိုသူ၏ ဤ အမေးကား သင့်လျော်၏၊ “တပ်မက်မှု ‘တဏှာ’ အကြောင်းခံကြောင့် ပြင်းစွာ စွဲလမ်းမှု ‘ဥပါဒါန်’ ဖြစ်၏၊ ပြင်းစွာ စွဲလမ်းမှု ‘ဥပါဒါန်’ အကြောင်းခံကြောင့် ဘဝ ဖြစ်၏”ဟု ထိုအမေး၌ ဤအဖြေသည် သင့်လျော်၏ဟု မြတ်စွာဘုရား ဟောတော်မူ၏။ပ။ ဤသို့လျှင် အလုံးစုံသော ထိုဆင်းရဲအစု ဖြစ်ပေါ်၏။

ဖဂ္ဂုန ခြောက်ပါးသော တွေ့ထိမှု၏ တည်ရာ ‘ဖဿာယတန’တို့၏သာလျှင် အရဟတ္တမဂ်ဖြင့် အကြွင်းမဲ့ ချုပ်ခြင်းကြောင့် တွေ့ထိမှု ‘ဖဿ’ ချုပ်၏၊ တွေ့ထိမှု ‘ဖဿ’ ချုပ်ခြင်းကြောင့် ခံစားမှု ‘ဝေဒနာ’ ချုပ်၏၊ ခံစားမှု ‘ဝေဒနာ’ ချုပ်ခြင်းကြောင့် တပ်မက်မှု ‘တဏှာ’ ချုပ်၏၊ တပ်မက်မှု ‘တဏှာ’ ချုပ်ခြင်း ကြောင့် ပြင်းစွာ စွဲလမ်းမှု ‘ဥပါဒါန်’ ချုပ်၏၊ ပြင်းစွာ စွဲလမ်းမှု ‘ဥပါဒါန်’ ချုပ်ခြင်းကြောင့် ဘဝ ချုပ်၏၊ ဘဝ ချုပ်ခြင်းကြောင့် ပဋိသန္ဓေနေမှု ‘ဇာတိ’ ချုပ်၏၊ ပဋိသန္ဓေနေမှု ‘ဇာတိ’ ချုပ်ခြင်းကြောင့် အိုမှု ‘ဇရာ’၊ သေမှု ‘မရဏ’၊ စိုးရိမ်မှု ‘သောက’၊ ငိုကြွေးမှု ‘ပရိဒေဝ’၊ ဆင်းရဲမှု ‘ဒုက္ခ’၊ နှလုံးမသာမှု ‘ဒေါမနဿ’၊ ပြင်းစွာ ပင်ပန်းမှု ‘ဥပါယာသ’တို့ ချုပ်ကုန်၏၊ ဤသို့လျှင် အလုံးစုံသော ဆင်းရဲအစု ချုပ်၏ဟု မြတ်စွာဘုရားသည် ဟောကြားတော်မူ၏။

ဒုတိယသုတ်။