သံယုတ္တနိကာယ်—၁၂
၅—ဂဟပတိဝဂ်
၉—အရိယသာဝကသုတ်
၄၉။ သာဝတ္ထိပြည်၌ (သီတင်းသုံး) နေတော်မူ၏၊ ရဟန်းတို့ အကြားအမြင်နှင့် ပြည့်စုံသော အရိယာတပည့်အား ဤသို့သော အကြံ မဖြစ် — “အသို့နည်း အဘယ်တရားရှိသော် အဘယ်တရား ဖြစ် သနည်း၊ အဘယ်တရား ဖြစ်ခြင်းကြောင့် အဘယ်တရား ဖြစ်သနည်း၊ အဘယ်တရားရှိသော် ပြုစီရင်မှု ‘သင်္ခါရ’တို့ ဖြစ်ကုန်သနည်း၊ အဘယ်တရားရှိသော် သိမှု ‘ဝိညာဏ်’ ဖြစ်သနည်း၊ အဘယ်တရားရှိသော် နာမ်ရုပ် ဖြစ်သနည်း၊ အဘယ်တရားရှိသော် တည်ရာ ‘အာယတန’ခြောက်ပါး (သဠာယတန) ဖြစ်သနည်း၊ အဘယ်တရားရှိသော် တွေ့ထိမှု ‘ဖဿ’ ဖြစ်သနည်း၊ အဘယ်တရားရှိသော် ခံစားမှု ‘ဝေဒနာ’ ဖြစ်သနည်း၊ အဘယ်တရားရှိသော် တပ်မက်မှု ‘တဏှာ’ ဖြစ်သနည်း၊ အဘယ်တရားရှိသော် ပြင်းစွာ စွဲလမ်းမှု ‘ဥပါဒါန်’ ဖြစ်သနည်း၊ အဘယ်တရားရှိသော် ဘဝ ဖြစ်သနည်း၊ အဘယ်တရားရှိသော် ပဋိသန္ဓေနေမှု ‘ဇာတိ’ ဖြစ် သနည်း၊ အဘယ်တရားရှိသော် အိုခြင်း ‘ဇရာ’ သေခြင်း ‘မရဏ’ ဖြစ်သနည်း”ဟု (အကြံ မဖြစ်)။
ရဟန်းတို့ စင်စစ်သော်ကား အကြားအမြင်နှင့် ပြည့်စုံသော အရိယာတပည့်အား မိမိမှတစ်ပါး အားထားယုံကြည်အပ်သူ မရှိမူ၍ ဤအရာ၌ (ပဋိစ္စသမုပ္ပါဒ်) ဉာဏ်သည်သာလျှင် ဖြစ်၏၊ “ဤအကြောင်း တရားရှိသော် ဤအကျိုးတရား ဖြစ်၏၊ ဤအကြောင်းတရား၏ ဖြစ်ခြင်းကြောင့် ဤအကျိုးတရား ဖြစ်၏၊ အဝိဇ္ဇာ ရှိသော် သင်္ခါရတို့ ဖြစ်ကုန်၏၊ သင်္ခါရတို့ ရှိကုန်သော် ဝိညာဏ် ဖြစ်၏၊ ဝိညာဏ် ရှိသော် နာမ်ရုပ် ဖြစ်၏၊ နာမ်ရုပ် ရှိသော် သဠာယတန ဖြစ်၏၊ သဠာယတန ရှိသော် ဖဿ ဖြစ်၏၊ ဖဿ ရှိသော် ဝေဒနာ ဖြစ်၏၊ ဝေဒနာ ရှိသော် တဏှာ ဖြစ်၏၊ တဏှာ ရှိသော် ဥပါဒါန် ဖြစ်၏၊ ဥပါဒါန် ရှိသော် ဘဝ ဖြစ်၏၊ ဘဝ ရှိသော် ဇာတိ ဖြစ်၏၊ ဇာတိ ရှိသော် ဇရာမရဏ ဖြစ်၏”ဟု အသိဉာဏ်သာလျှင် ဖြစ်၏၊ ထို အရိယာတပည့်သည် “ဤလောကသည် ဤသို့ ဖြစ်၏”ဟု သိ၏။
ရဟန်းတို့ အကြားအမြင်နှင့် ပြည့်စုံသော အရိယာတပည့်အား ဤသို့သော အကြံ မဖြစ် — “အသို့ နည်း— အဘယ်တရား မရှိသော် အဘယ်တရား မဖြစ်သနည်း၊ အဘယ်တရား ချုပ်ခြင်းကြောင့် အဘယ် တရား ချုပ်သနည်း၊ အဘယ်တရား မရှိသော် သင်္ခါရတို့ မဖြစ်ကုန်သနည်း၊ အဘယ်တရား မရှိသော် ဝိညာဏ် မဖြစ်သနည်း၊ အဘယ်တရား မရှိသော် နာမ်ရုပ် မဖြစ်သနည်း၊ အဘယ်တရား မရှိသော် သဠာယတန မဖြစ်သနည်း၊ အဘယ်တရား မရှိသော် ဖဿ မဖြစ်သနည်း၊ အဘယ်တရား မရှိသော် ဝေဒနာ မဖြစ်သနည်း၊ အဘယ်တရား မရှိသော် တဏှာ မဖြစ်သနည်း၊ အဘယ်တရား မရှိသော် ဥပါဒါန် မဖြစ်သနည်း၊ အဘယ်တရား မရှိသော် ဘဝ မဖြစ်သနည်း၊ အဘယ်တရား မရှိသော် ဇာတိ မဖြစ်သ နည်း၊ အဘယ်တရား မရှိသော် ဇရာမရဏ မဖြစ်သနည်း”ဟု (အကြံ မဖြစ်)။
ရဟန်းတို့ စင်စစ်သော်ကား အကြားအမြင်နှင့် ပြည့်စုံသော အရိယာတပည့်အား မိမိမှ တစ်ပါး အားထားယုံကြည်အပ်သူ မရှိမူ၍ ဤအရာ၌ (ပဋိစ္စသမုပ္ပါဒ်) ဉာဏ်သည်သာလျှင် ဖြစ်၏၊ “ဤအကြောင်း တရားသည် မရှိသော် ဤအကျိုးတရား မဖြစ်၊ ဤအကြောင်းတရား ချုပ်ခြင်းကြောင့် ဤအကျိုးတရား ချုပ်၏၊ အဝိဇ္ဇာ မရှိသော် သင်္ခါရတို့ မဖြစ်ကုန်၊ သင်္ခါရတို့ မရှိကုန်သော် ဝိညာဏ် မဖြစ်၊ ဝိညာဏ် မရှိသော် နာမ်ရုပ် မဖြစ်၊ နာမ်ရုပ် မရှိသော် သဠာယတန မဖြစ်။ပ။ ဘဝ မဖြစ်။ ဇာတိ မဖြစ်၊ ဇာတိ မရှိသော် ဇရာမရဏ မဖြစ်”ဟု အသိဉာဏ် ဖြစ်၏၊ ထိုအရိယာတပည့်သည် “ဤလောက၌ ဤသို့ ချုပ်၏”ဟု သိ၏၊ ရဟန်းတို့ အကြင်အခါ၌ အရိယာတပည့်သည် ဤသို့ လောကဖြစ်ခြင်းကိုလည်းကောင်း၊ လောကချုပ်ခြင်းကိုလည်းကောင်းဟုတ်မှန်သောအတိုင်း သိ၏၊ ရဟန်းတို့ ထိုအခါ ဤအရိယာ တပည့်ကို ကောင်းသောအယူနှင့် ပြည့်စုံသူဟူ၍လည်းကောင်း။ပ။ အမြိုက်နိဗ္ဗာန် တံခါးသို့ ရောက်၍ တည်သူဟူ၍လည်းကောင်း ဆိုအပ်၏ဟု (ဟောတော်မူ၏)။
နဝမသုတ်။