သံယုတ္တနိကာယ်—၁၃
၁—နခသိခါသုတ်
၇၄။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်— အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ မြတ်စွာဘုရား သည် လက်သည်းဖျား၌ မြေမှုန့်အနည်းငယ်ကို တင်၍ ရဟန်းတို့ကို မိန့်တော်မူ၏၊ “ရဟန်းတို့ ထိုအရာ ကို အဘယ်သို့ မှတ်ထင်ကုန်သနည်း၊ လက်သည်းဖျား၌ ငါ တင်ထားအပ်သော မြေမှုန့်အနည်းငယ်နှင့် ဤမြေကြီးသည် အဘယ်က များသနည်း”ဟု (မိန့်တော်မူ၏)။
အသျှင်ဘုရား ထိုမြေကြီးသည်သာလျှင် အလွန်များလှပါ၏၊ လက်သည်းဖျား၌ မြတ်စွာဘုရား တင် ထားအပ်သော နည်းပါးလှသော မြေမှုန့်သည် အနည်းငယ်မျှသာတည်း၊ မြတ်စွာဘုရား လက်သည်းဖျား၌ တင်ထားအပ်သော မြေမှုန့်အနည်းငယ်သည် ဤမြေကြီးကို ထောက်ထားလျှင် အစိတ်တစ်ရာ စိတ်၍ တစ်စိတ်ကိုမျှ မမီနိုင်၊ အစိတ်တစ်ထောင် စိတ်၍ တစ်စိတ်ကိုမျှ မမီနိုင်၊ အစိတ်တစ်သိန်း စိတ်၍ တစ်စိတ် ကိုမျှ မမီနိုင်ပါ။
ရဟန်းတို့ ဤအတူသာလျှင် အရိယာတပည့်ဖြစ်သော ဉာဏ်အမြင်နှင့် ပြည့်စုံသော (သစ္စာလေးပါး တရားကို) ထိုးထွင်း၍ သိပြီးသော ပုဂ္ဂိုလ်အား ကုန်ပြီးဆုံးပြီးသော ဆင်းရဲဒုက္ခသည်သာလျှင် အလွန် များ၏၊ ကြွင်းကျန်သော ဆင်းရဲဒုက္ခသည် အနည်းငယ်သာတည်း။ ခုနစ်ဘဝအတိုင်းအရှည်ရှိသော ဆင်းရဲ အစုသည် ရှေး၌ ကုန်ဆုံးပြီးသော ဆင်းရဲအစုကို ထောက်ထားလျှင် အစိတ်တစ်ရာ စိတ်၍ တစ်စိတ်ကိုမျှ မမီနိုင်၊ အစိတ်တစ်ထောင် စိတ်၍ တစ်စိတ်ကိုမျှ မမီနိုင်၊ အစိတ်တစ်သိန်း စိတ်၍ တစ်စိတ်ကိုမျှ မမီနိုင်။ ရဟန်းတို့ (သစ္စာလေးပါးတရားကို) ထိုးထွင်း၍ သိခြင်းသည် ဤသို့ အကျိုးကြီးလှ၏၊ ရဟန်းတို့ (တရားမျက်စိ) သောတာပတ္တိမဂ်ဉာဏ် ဓမ္မစက္ခုကို ရခြင်းသည် ဤသို့ အကျိုးကြီးလှ၏ဟု (ဟောတော်မူ၏)။
ပဌမသုတ်။