သံယုတ္တနိကာယ်—၂၄

၁—သောတာပတ္တိဝဂ်

၈—မဟာဒိဋ္ဌိသုတ်

၂၁၃။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ အဘယ်တရားရှိလျှင် အဘယ်တရားကို အစွဲပြု၍ အဘယ်တရား ကိုအမှားနှလုံးသွင်း၍ ဤသို့သော အယူသည် ဖြစ်သနည်း။

“ ဤခုနစ်ပါးသော အစုတို့သည် ပြုလုပ်ထားအပ်သည် မဟုတ်ကုန်၊ ပြုလုပ်ထားစေအပ်သည် မဟုတ်ကုန်၊ ဖန်ဆင်းထားအပ်သည် မဟုတ်ကုန်၊ ဖန်ဆင်းထားစေအပ်သည် မဟုတ်ကုန်၊ မြုံကုန်၏၊ တောင်ထွတ်ကဲ့သို့ တည်ကုန်၏၊ ခိုင်မြဲသော တံခါးတိုင်ကဲ့သို့ တည်ကုန်၏၊ ထိုအစုတို့သည် မတုန်လှုပ်ကုန်၊ မဖောက်ပြန်ကုန်၊ အချင်းချင်း မညှဉ်းဆဲနိုင်ကုန်။ အချင်းချင်း ချမ်းသာရန်လည်းကောင်း၊ ဆင်းရဲရန်လည်းကောင်း၊ ချမ်းသာဆင်းရဲရန်လည်းကောင်း မတတ်နိုင်ကုန်။ ခုနစ်ပါးတို့ဟူသည် အဘယ်နည်း၊ မြေအစု၊ ရေအစု၊ မီးအစု၊ လေအစု၊ ချမ်းသာ၊ ဆင်းရဲ၊ ခုနစ်ခုမြောက် အသက်တို့တည်း။

ဤခုနစ်ပါးသော အစုတို့သည် ပြုလုပ်ထားအပ်သည် မဟုတ်ကုန်၊ ပြုလုပ်ထားစေအပ်သည် မဟုတ်ကုန်၊ ဖန်ဆင်းထားအပ်သည် မဟုတ်ကုန်၊ ဖန်ဆင်းထားစေအပ်သည် မဟုတ်ကုန်၊ မြုံကုန်၏၊ တောင်ထွတ်ကဲ့သို့ တည်ကုန်၏၊ ခိုင်မြဲသော တံခါးတိုင်ကဲ့သို့ တည်ကုန်၏၊ ထိုအစုတို့သည် မတုန်လှုပ်ကုန်၊ မဖောက်ပြန်ကုန်၊ အချင်းချင်း မညှဉ်းဆဲနိုင်ကုန်။ အချင်းချင်း ချမ်းသာရန်လည်းကောင်း၊ ဆင်းရဲရန်လည်းကောင်း၊ ချမ်းသာဆင်းရဲရန်လည်းကောင်း မတတ်နိုင်ကုန်။ [ထိုအစုတို့၌ သတ်သူ သတ်စေသူ၊ ကြားသူ ကြားစေသူ၊ သိသူ သိစေသူများ မရှိကုန်။ ]၁ အကြင်သူသည် ထက်စွာသော လက်နက်ဖြင့် ဦးခေါင်းကို ဖြတ်စေကာမူထိုသူသည်လည်း တစ်ဦးတစ်ယောက်ကိုမျှ သတ်သည် မမည်၊ လက်နက်သည် ခုနစ်ပါးသော အစုတို့၏အကြား ဟင်းလင်းသို့ ကျရောက်၏ဟု အယူရှိ၏။

ဤတစ်သန်း လေးသိန်း ခြောက်ထောင် ခြောက်ရာသော အဓိကသတ္တဝါမျိုးများ၊ ငါးရာသော ကံများ၊ ငါးပါးသော ကံများ၊ သုံးပါးသော ကံများ၊ (ပြည့်သော) ကံများ၊ ထက်ဝက်သော ကံများ၊ ခြောက်ဆယ့်နှစ်ပါးသော အကျင့်များ၊ ခြောက်ဆယ့်နှစ်ပါးသော အန္တရကပ်များ၊ ခြောက်မျိုးသော ဇာတ်အထူးများ၊ ရှစ်ပါးသော ယောကျာ်းတို့၏ အရွယ်များ၊ လေးထောင့်ကိုးရာသော အသက်မွေးမှုများ၊ လေး ထောင့်ကိုးရာသော ပရိဗိုဇ်များ၊ လေးထောင့်ကိုးရာသော နဂါးတို့ နေရာများ၊ နှစ်ထောင်သောဣန္ဒြေများ၊ သုံးထောင်သော ငရဲများ၊ သုံးဆယ့်ခြောက်မျိုးသော မြူဓာတ် (တည်ရာ) များ၊ ခုနစ်မျိုးသောသညာရှိ ပဋိသန္ဓေများ၊ ခုနစ်မျိုးသော သညာမဲ့ ပဋိသန္ဓေများ၊ ခုနစ်မျိုးသော အဆစ်ပဋိသန္ဓေများ၊ ခုနစ်မျိုးသော နတ်များ၊ ခုနစ်မျိုးသော လူများ၊ ခုနစ်မျိုးသော မြေဘုတ်ဘီလူးများ၊ ခုနစ်ခုသောအိုင်ကြီးများ၊ ခုနစ်ခု သော အဖုကြီးများ၊ ခုနစ်ရာသော အဖုငယ်များ၊ ခုနစ်ခုသော ချောက်ကြီးများ၊ ခုနစ်ရာသော ချောက်ငယ် များ၊ ခုနစ်ခုသော အိပ်မက်ကြီးများ၊ ခုနစ်ရာသော အိပ်မက်ငယ်များ၊ ရှစ်သန်းလေးသိန်းသော မဟာကပ် များ ရှိကုန်၏။

ယင်း (မဟာကပ်တို့) ပတ်လုံး လူမိုက်ဖြစ်စေ၊ ပညာရှိဖြစ်စေ (တစ်ဘဝမှ တစ်ဘဝသို့) ပြေးသွားကျင်လည်၍ ဆင်းရဲ ကုန်ဆုံးခြင်းကို ပြုကြလတ္တံ့။ ထိုအတွင်း (ဆင်းရဲ ကုန်ဆုံးခြင်း) မရှိ။ “ငါသည် ဤ သီလဖြင့်သော်လည်းကောင်း၊ ဤကျင့်ဝတ်ဖြင့်သော်လည်းကောင်း၊ ဤခြိုးခြံမှုဖြင့်သော်လည်းကောင်း၊ ဤ အကျင့်မြတ်ဖြင့်သော်လည်းကောင်း မရင့်သေးသော ကံကိုမူလည်း ရင့်စေမည်၊ ရင့်ပြီးသောကံကိုမူလည်း တွေ့၍ တွေ့၍ ပျက်စီးစေမည်ဟု ဤသို့ ပြုပြင်နိုင်ခြင်း မရှိ။ ချမ်းသာဆင်းရဲသည်စရွတ်တောင်းဖြင့် ခြင် ထားသကဲ့သို့ ဖြစ်၏၊ သံသရာသည် အပိုင်းအခြား ပြုထားပြီး ဖြစ်၏၊ အတိုးအဆုတ် မရှိ၊ အလွန် အယုတ် မရှိ၊ ချည်လုံးကို ပစ်လိုက်သော် (ချည်ရှိသရွေ့) သာ ပြေလျက်ပြေးသွားသကဲ့သို့ ဤအတူ လူမိုက်ဖြစ်စေ၊ ပညာရှိဖြစ်စေ (တစ်ဘဝမှ တစ်ဘဝသို့) ပြေးသွားကျင်လည်၍ ဆင်းရဲ ကုန်ဆုံးခြင်းကို ပြုလတ္တံ့”ဟု ဤသို့သော အယူ ဖြစ်သနည်း။

အသျှင်ဘုရား တပည့်တော်တို့အား တရားတို့သည် မြတ်စွာဘုရားသာ အရင်းခံ ရှိပါကုန်၏။ပ။ ရဟန်းတို့ ရုပ်ရှိလျှင် ရုပ်ကို အစွဲပြု၍ ရုပ်ကို အမှားနှလုံးသွင်း၍ “ ဤခုနစ်ပါးသော အစုတို့သည် ပြုလုပ်ထားအပ်သည် မဟုတ်ကုန်၊ ပြုလုပ်ထားစေအပ်သည် မဟုတ်ကုန်။ပ။ ကုန်ဆုံးလတ္တံ့”ဟု ဤသို့သောအယူသည် ဖြစ်၏။ ဝေဒနာရှိလျှင်။ပ။ သညာရှိလျှင်။ သင်္ခါရတို့ ရှိလျှင်။ ဝိညာဏ်ရှိလျှင် ဝိညာဏ်ကို အစွဲပြု၍ ဝိညာဏ်ကို အမှားနှလုံးသွင်း၍ “ ဤခုနစ်ပါးသော အစုတို့သည် ပြုလုပ်ထားအပ်သည် မဟုတ်ကုန်၊ ပြုလုပ်ထားစေအပ်သည် မဟုတ်ကုန်။ပ။ ကုန်ဆုံးခြင်းကို ပြုလတ္တံ့”ဟု ဤသို့သော အယူသည် ဖြစ်၏။

ရဟန်းတို့ ထိုအရာကို အဘယ်သို့ မှတ်ထင်ကြသနည်း၊ ရုပ်သည် မြဲသလော၊ မမြဲသလော။ မမြဲပါအသျှင်ဘုရား။ပ။ မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော ရုပ်ကို အစွဲ မပြုခဲ့မူ” ဤခုနစ်ပါး သော အစုတို့သည် ပြုလုပ်ထားအပ်သည် မဟုတ်ကုန်၊ ပြုလုပ်ထားစေအပ်သည်မဟုတ်ကုန်။ပ။ ကုန်ဆုံး ခြင်းကို ပြုလတ္တံ့”ဟု ဤသို့သော အယူသည် ဖြစ်နိုင်ရာသလော။ မဖြစ်နိုင်ရာပါအသျှင်ဘုရား။

မြင်အပ်သော အရာ၊ ကြားအပ်သော အရာ၊ တွေ့အပ်သော အရာ၊ သိအပ်သော အရာ၊ ရောက်အပ်သော အရာ၊ ရှာအပ်သော အရာ စိတ်ဖြင့် တွေးဆအပ်သော အရာသည်လည်း မြဲသလော၊ မမြဲသလော။ မမြဲပါ အသျှင်ဘုရား။ပ။ ထိုတရားကို အစွဲ မပြုခဲ့မူ “ ဤခုနစ်ပါးသော အစုတို့သည် ပြုလုပ်ထားအပ်သည် မဟုတ်ကုန်၊ ပြုလုပ်ထားစေအပ်သည် မဟုတ်ကုန်။ပ။ ဆင်းရဲ ကုန်ဆုံးခြင်းကိုပြုလတ္တံ့”ဟု ဤသို့သော အယူသည် ဖြစ်နိုင်ရာသလော။ မဖြစ်နိုင်ရာပါ အသျှင်ဘုရား။

ရဟန်းတို့ အကြင်အခါ၌ အရိယာတပည့်သည် ဤဆိုအပ်ခဲ့ပြီးသော အရာတို့၌ ယုံမှားခြင်းကို ပယ်ဖျောက်နိုင်၏၊ (ထိုအခါ) ထိုအရိယာတပည့်သည် ဆင်းရဲခြင်း၌လည်း ယုံမှားခြင်းကို ပယ်ဖျောက်နိုင်၏။ပ။ ဆင်းရဲချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်းအကျင့်၌လည်း ယုံမှားခြင်းကို ပယ်ဖျောက်နိုင်၏။ ရဟန်းတို့ ဤအရိယာတပည့်ကို အပါယ်သို့ ကျခြင်းသဘော မရှိသော ကိန်းသေမြဲသော အထက်မဂ်သုံးပါးလျှင် လားရာရှိသော သောတာပန် ဖြစ်၏ဟု ဆိုအပ်၏ဟု (မိန့်တော်မူ၏)။

အဋ္ဌမသုတ်။

၁။ [ ] ကွင်းအတွင်း စကားရပ်များ၊ ဤသံယုတ်ပါဠိတော်၌ မပါ၊ သီလက္ခန္ဓဝဂ္ဂပါဠိ သာမညဖလသုတ်၌ အပြည့်အစုံ ပါရှိသည်။