သံယုတ္တနိကာယ်—၃၆
၁—သဂါထာဝဂ်
၄—ပါတာလသုတ်
၂၅၂။ ရဟန်းတို့ အကြားအမြင် မရှိသော ပုထုဇဉ်သည် “မဟာသမုဒ္ဒရာ၌ ဝဲသြဃရှိ၏ “ဟူသော ဤစကားကို ပြောဆို၏။ ရဟန်းတို့ “ဝဲသြဃ”ဟူသော ဤအမည်သည် ကိုယ်၌ ကျရောက်လျက်ရှိသောဒုက္ခဝေဒနာတို့၏ အမည်တည်း။ ရဟန်းတို့ အကြားအမြင် မရှိသော ပုထုဇဉ်သည် ကိုယ်၌ ကျရောက်လျက်ရှိသော ဒုက္ခဝေဒနာဖြင့် တွေ့ထိခံစားရသော် စိုးရိမ်ရ၏၊ ပင်ပန်းရ၏၊ ငိုကြွေးရ၏၊ ရင်ထုလျက့်မြည်တမ်းရ၏၊ မိန်းမောခြင်းသို့ ရောက်ရ၏။ ရဟန်းတို့ အကြားအမြင် မရှိသော ဤပုထုဇဉ်ကိုဝဲသြဃ၌ မတည်တံ့နိုင်သူ ထောက်တည်ရာကို မရနိုင်သူဟု ဆိုရ၏။
ရဟန်းတို့ အကြားအမြင်ရှိသော အရိယာတပည့်သည်ကား ကိုယ်၌ ကျရောက်လျက်ရှိသော ဒုက္ခဝေဒနာဖြင့် တွေ့ထိခံစားရသော် မစိုးရိမ်ရ၊ မပင်ပန်းရ၊ မငိုကြွေးရ၊ ရင်ထုလျက် မမြည်တမ်းရ၊ မိန်းမောခြင်းသို့ မရောက်ရ။ ရဟန်းတို့ အကြားအမြင်ရှိသော ဤအရိယာတပည့်ကို ဝဲသြဃ၌ တည်တံ့နိုင်သူထောက်တည်ရာကို ရနိုင်သူဟု ဆိုရ၏ဟု (မိန့်တော်မူ၏)။
ဉာဏ်အားနည်းသော စွမ်းအားနည်းသော အကြင်သူသည် ကိုယ်၌ ကျရောက် လျက်ရှိသောအသက်ကိုပင် ဆောင်ယူသွားနိုင်လောက်သော ပေါ်ပေါက်လာသော ထို ဒုက္ခဝေဒနာတို့ကိုသည်းမခံနိုင်၊ ဝေဒနာတို့ဖြင့် တွေ့ထိခံရသော် တုန်လှုပ်၏၊ မြည်တမ်းငိုကြွေး၏၊ ထိုသူသည် ဝဲသြဃ၌ မတည်တံ့နိုင်သည်သာမက ထောက် တည်ရာမျှကိုလည်း မရနိုင်။
အကြင်သူသည်ကား ကိုယ်၌ ကျရောက်လျက်ရှိသော အသက်ကိုပင် ဆောင်ယူ သွားနိုင်လောက်သောပေါ်ပေါက်လာသော ထိုဒုက္ခဝေဒနာတို့ကိုသည်းခံနိုင်၏၊ ဝေဒနာတို့ဖြင့် တွေ့ထိခံရသော် မတုန်လှုပ်၊ ထိုသူသည် ဝဲသြဃ၌ တည်တံ့နိုင်သည် သာမက ထောက်တည်ရာကိုလည်း ရနိုင်၏။
စတုတ္ထသုတ်။