သံယုတ္တနိကာယ်—၄၁

၈—နိဂဏ္ဌနာဋပုတ္တသုတ်

၃၅ဝ။ ထိုအခါ၌ နိဂဏ္ဌနာဋပုတ္တသည် များစွာသော တက္ကတွန်းပရိသတ်နှင့် အတူ မစ္ဆိကာသဏ္ဍအရပ်သို့ ရောက်လာ၏။ စိတ္တသူကြွယ်သည် “နိဂဏ္ဌနာဋပုတ္တသည် များစွာသော တက္ကတွန်းပရိသတ်နှင့်အတူ မစ္ဆိကာသဏ္ဍအရပ်သို့ ရောက်လာသတတ်”ဟု ကြားလေ၏၊ ထိုအခါ စိတ္တသူကြွယ်သည် များစွာသော ဥပါသကာတို့နှင့် အတူ နိဂဏ္ဌနာဋပုတ္တထံသို့ ချဉ်းကပ်၍ နိဂဏ္ဌနာဋပုတ္တနှင့် အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆိုပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေ၏၊ တစ်ခုသော နေရာ၌ ထိုင်နေသောစိတ္တသူကြွယ်အား နိဂဏ္ဌနာဋပုတ္တသည် “သူကြွယ် သင်သည် ရဟန်းဂေါတမအား ကြံစည်မှု ‘ဝိတက်’ သုံးသပ်မှု ‘ဝိစာရ’ မရှိသော တည်ကြည်မှု ‘သမာဓိ’သည် ရှိ၏၊ ကြံစည်မှု ‘ဝိတက်’ သုံးသပ်မှု ‘ဝိစာရ’ တို့၏ချုပ်ခြင်းသည် ရှိ၏ဟု ယုံကြည်သလောဟု ပြောဆို၏။ အသျှင် အကျွန်ုပ်သည် ဤသာသနာတော်၌ ကြံစည် မှု ‘ဝိတက်’ သုံးသပ်မှု ‘ဝိစာရ’ မရှိသော တည်ကြည်မှု ‘သမာဓိ’သည် ရှိ၏၊ ကြံစည်မှု ‘ဝိတက်’သုံးသပ်မှု ‘ဝိစာရ’ တို့၏ ချုပ်ခြင်းသည် ရှိ၏”ဟု မြတ်စွာဘုရားအား ယုံကြည်ခြင်း’သဒ္ဓါ’ ဖြင့်ဆည်းကပ်သည် မဟုတ် ပါဟု ဆို၏။

ဤသို့ ဆိုသော် နိဂဏ္ဌနာဋပုတ္တသည် မော်ကြည့်၍ ဤသို့ ပြောဆို၏— “အသျှင်တို့ ဤသူကိုရှုကုန်လော့၊ ဤစိတ္တသူကြွယ်သည် အလွန်လျှင် ဖြောင့်မတ်သူတည်း၊ ဤစိတ္တသူကြွယ်သည် အလွန်လျှင်မစဉ်းလဲသူတည်း၊ ဤစိတ္တသူကြွယ်သည် အလွန်လျှင် မလှည့်ဖြားသူတည်း။ ကြံစည်မှု ‘ဝိတက်’ သုံးသပ်မှု’ဝိစာရ’ တို့ကို ချုပ်စေသင့်၏ဟု မှတ်ထင်သူသည် လေကို ပိုက်ကွန်ဖြင့် တားမြစ်သင့်၏ဟုသော်လည်းမှတ် ထင်ရာ၏။ ကြံစည်မှု’ဝိတက်’ သုံးသပ်မှု’ဝိစာရ’တို့ကို ချုပ်စေသင့်၏ဟု မှတ်ထင်သူသည် မိမိ၏လက်ဆုပ် ဖြင့် ဂင်္ဂါမြစ်ရေအလျဉ်ကို ပိတ်သင့်၏ဟုသော်လည်း မှတ်ထင်ရာ၏”ဟု ဆို၏။

အသျှင်ဘုရား ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ ဉာဏ်နှင့် သဒ္ဓါ နှစ်ပါးတို့တွင် အဘယ်ကသာ၍ မြတ်သနည်းဟု မေး၏။ သူကြွယ် သဒ္ဓါထက် ဉာဏ်သာလျှင် သာ၍ မြတ်၏ဟု ပြောဆို၏။

အသျှင် ဘုရား အကျွန်ုပ်သည် အလိုရှိတိုင်းသာလျှင် ကာမတို့မှ ကင်းဆိတ်၍ သာလျှင်အကုသိုလ်တရားတို့မှ ကင်း ဆိတ်၍ သာလျှင် ကြံစည်ခြင်း ‘ဝိတက်’ နှင့် တကွဖြစ်သောသုံးသပ်ဆင်ခြင်ခြင်း ‘ဝိစာရ’ နှင့် တကွဖြစ်သော နီဝရဏ ကင်းဆိတ်ခြင်းကြောင့် ဖြစ်သောနှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ ရှိသော ပဌမဈာန်သို့ ရောက်၍ နေ၏။ အသျှင်ဘုရားအကျွန်ုပ်သည် အလိုရှိတိုင်းသာလျှင် ကြံစည်ခြင်း ‘ဝိတက်’ နှင့် တကွ ဖြစ်သောသုံးသပ်ဆင်ခြင်ခြင်း ‘ဝိစာရ’နှင့်တကွ ဖြစ်သော နီဝရဏကင်းဆိတ်ခြင်းကြောင့်။ပ။ ဒုတိယဈာန်သို့ရောက်၍ နေ၏။ အသျှင်ဘုရား အကျွန်ုပ်သည် အလိုရှိတိုင်းသာလျှင် နှစ်သိမ့်ခြင်း ‘ပီတိ’ကိုလည်းစက်ဆုပ် ခြင်းကြောင့်။ပ။ တတိယဈာန်သို့ ရောက်၍ နေ၏။ အသျှင်ဘုရား အကျွန်ုပ်သည်အလိုရှိတိုင်းသာလျှင် ချမ်းသာခြင်း ‘သုခ’ ကိုလည်း ပယ်ခြင်းကြောင့်။ပ။ စတုတ္ထဈာန်သို့ ရောက်၍ နေ၏။

အသျှင်ဘုရား ဤသို့ သိသော ဤသို့ မြင်သော ထိုအကျွန်ုပ်သည် အခြားသောအဘယ်သမဏအားသော်လည်းကောင်း၊ အဘယ် ဗြာဟ္မဏအားသော်လည်းကောင်း ကြံစည်မှု ‘ဝိတက်’သုံးသပ်ဆင်ခြင်မှု ‘ဝိစာရ’တို့၏ ချုပ်ခြင်းသည် ရှိ၏ဟု ယုံကြည်မှု ‘သဒ္ဓါ’ တရားဖြင့် မချဉ်းကပ်ဘဲရှိပါအံ့နည်းဟု (ဆို၏)။

ဤသို့ ဆိုသော် နိဂဏ္ဌနာဋပုတ္တသည် မိမိပရိသတ်ကို စောင်းငဲ့ကြည့်၍ “အသျှင်တို့ ဤသူကို ရှုကုန်လော့၊ ဤစိတ္တသူကြွယ်သည် အလွန်လျှင် မဖြောင့်မတ်သူတည်း၊ ဤစိတ္တသူကြွယ်သည် အလွန်လျှင်စဉ်းလဲသူတည်း၊ ဤစိတ္တသူကြွယ်သည် အလွန်လျှင် လှည့်ဖြားသူတည်း”ဟု ဆို၏။

အသျှင် ယခုအခါ၌ ပင်လျှင်လည်း “အသျှင်တို့ ဤသူကို ရှုကုန်လော့၊ ဤစိတ္တသူကြွယ်သည် အလွန်လျှင် ဖြောင့်မတ်သူတည်း၊ ဤစိတ္တသူကြွယ်သည် အလွန်လျှင် မစဉ်းလဲသူတည်း၊ ဤစိတ္တသူကြွယ်သည်အလွန်လျှင် မလှည့်ဖြားသူတည်း”ဟု ဆိုအပ်သည်ကို အကျွန်ုပ်တို့ သိရပါကုန်၏၊ အသျှင် ယခုအခါ၌ ပင်လျှင်လည်း “အသျှင်တို့ ဤသူကို ရှုကုန်လော့၊ ဤစိတ္တသူကြွယ်သည် အလွန်လျှင် မဖြောင့်မတ်သူတည်း၊ ဤစိတ္တသူကြွယ်သည် အလွန်လျှင် စဉ်းလဲသူတည်း၊ ဤစိတ္တသူကြွယ်သည် အလွန်လျှင် လှည့်ဖြားသူတည်း”ဟု ဆိုအပ်သည်ကို အကျွန်ုပ်တို့ သိရပါကုန်၏။ အသျှင် သင့်၏ ရှေ့စကားသည် အကယ်၍ မှန်လျှင် သင်၏ နောက်စကားသည် မှား၏၊ အသျှင် သို့မဟုတ် သင်၏ ရှေ့စကားသည် အကယ်၍ မှားလျှင်သင်၏ နောက်စကားသည် မှန်၏။ အသျှင် စင်စစ် တစ်ခုသော ပြဿနာ တစ်ခုသော ဥဒ္ဒေသတစ်ခုသော အဖြေ၊ နှစ်ခုသော ပြဿနာ နှစ်ခုသော ဥဒ္ဒေသ နှစ်ခုသော အဖြေ၊ သုံးခုသော ပြဿနာသုံးခုသော ဥဒ္ဒေသ သုံးခုသော အဖြေ၊ လေးခုသော ပြဿနာ လေးခုသော ဥဒ္ဒေသ လေးခုသောအဖြေ၊ ငါးခုသော ပြဿနာ ငါးခုသော ဥဒ္ဒေသ ငါးခုသော အဖြေ၊ ခြောက်ခုသော ပြဿနာခြောက်ခုသော ဥဒ္ဒေသ ခြောက်ခုသော အဖြေ၊ ခုနစ်ခုသော ပြဿနာ ခုနစ်ခုသော ဥဒ္ဒေသ ခုနစ်ခုသောအဖြေ၊ ရှစ်ခုသော ပြဿနာ ရှစ်ခုသော ဥဒ္ဒေသ ရှစ်ခုသော အဖြေ၊ ကိုးခုသော ပြဿနာ ကိုးခုသောဥဒ္ဒေသ ကိုးခုသော အဖြေ၊ ဆယ်ခုသော ပြဿနာ ဆယ်ခုသော ဥဒ္ဒေသ ဆယ်ခုသော အဖြေတို့ဟူ၍ ဤဆယ်ပါးကုန်သော အကြောင်း နှင့် တကွကုန်သော ဤပြဿနာတို့သည် ရောက်လာပါကုန်၏၊ ထိုပြဿနာတို့၏ အနက်ကို သိလိုသော အခါ၌ တက္ကတွန်းပရိသတ်နှင့် အတူ အကျွန်ုပ်ထံသို့လာလှည့်ပါလော့ဟု လျှောက်၏။ ထို့နောက် စိတ္တ သူကြွယ်သည် နိဂဏ္ဌနာဋပုတ္တတက္ကတွန်းအား ဤဆယ်ပါးကုန်သော အကြောင်းနှင့် တကွသော ပြဿနာ တို့ဖြင့် ဖိတ်ကြား၍ နေရာမှ ထကာပြန်ခဲ့လေ၏။

အဋ္ဌမသုတ်။