သံယုတ္တနိကာယ်—၄၅
၄—ပဋိပတ္တိဝဂ်
၄—ပါရံဂမသုတ်
၃၄။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ ဤတရားရှစ်ပါးတို့ကို ပွားများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်သည်ရှိသော် သံသရာဝဋ်ဟူသော ဤဘက်ကမ်းမှ နိဗ္ဗာန်ဟူသော ထိုဘက်ကမ်းသို့ ရောက်နိုင်ရန် ဖြစ်ကုန်၏။ အဘယ်ရှစ်ပါးတို့နည်း၊ မှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ’။ပ။ မှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ’တို့တည်း။
ရဟန်းတို့ ဤတရားရှစ်ပါးတို့ကို ပွားများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်သည်ရှိသော် သံသရာဝဋ်ဟူသော ဤဘက်ကမ်းမှ နိဗ္ဗာန်ဟူသော ထိုဘက်ကမ်းသို့ ရောက်နိုင်ရန် ဖြစ်ကုန်၏ဟု မြတ်စွာဘုရားသည် ဟောကြားတော်မူ၏၊ ထို့နောက် နတ်လူတို့၏ ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဤဆိုလတ္တံ့သော ဂါထာတို့ကို ဟောတော်မူ၏—“လူတို့တွင် (နိဗ္ဗာန်ဟူသော) တစ်ဖက်ကမ်းသို့ ရောက်သူတို့သည် အနည်းငယ်သာ ဖြစ်ကုန်၏၊ ဤနိဗ္ဗာန်သို့ ရောက်သူမှ တစ်ပါး အခြားသော သတ္တဝါသည်ကား ဝဋ် ဆင်းရဲဟူသောဤဘက်ကမ်း၌သာလျှင် လှည့်လည်ပြေးသွားရ၏။
ကောင်းစွာ ဟောကြားအပ်သော (မဂ်) တရား၌ တရားသို့ အစဉ်လိုက်၍ ကျင့် ကြသူတို့သည်ကူးမြောက်နိုင်ခဲသော သေမင်း၏ နိုင်ငံကို (လွန်မြောက်၍) နိဗ္ဗာန် ဟူသော တစ်ဖက်ကမ်းသို့ရောက်ကြရကုန်လတ္တံ့။
ပညာရှိသော သူသည် မည်းနက်သော (အကုသိုလ်) တရားကို ပယ်စွန့်၍ သံသရာ ဝဋ်မှ နိဗ္ဗာန်ကိုအာရုံပြုလျက် ဖြူစင်သော (ကုသိုလ်) တရားကို ပွားများကြရာ၏။ အကြင်ဆိတ်ငြိမ်မှု ‘ဝိဝေက’၌မွေ့လျော်နိုင်ခဲ၏၊ ထိုဆိတ်ငြိမ်မှု ‘ဝိဝေက’၌ အလွန် မွေ့လျော်မှုကို အလိုရှိရာ၏။ ပညာရှိသော သူသည်ကာမဂုဏ်တို့ကို ပယ်စွန့်လျက် ကိလေသာအကြွင်းအကျန် မရှိမူ၍ စိတ်ကို ညစ်ညူးစေတတ်သောနီဝရဏတရား တို့မှ မိမိကိုယ်ကို ဖြူစင်သန့်ရှင်းစေရာ၏။
အကြင်ပုဂ္ဂိုလ်တို့အား အရဟတ္တမဂ်၏ အကြောင်းဖြစ်သော ဗောဇ္ဈင်ခုနစ်ပါးတို့၌ စိတ်ကို ကောင်းစွာပွားများအပ်၏၊ ထိုပုဂ္ဂိုလ်တို့သည် မစွဲလမ်းမူ၍ စွဲလမ်းမှု ‘ဥပါဒါန်’ကို စွန့်ရာ နိဗ္ဗာန်၌ မွေ့လျော်ကြကုန်၏၊ လောက၌ အာသဝေါကုန်ပြီးသော ကြီးသောအာနုဘော်ရှိကုန်သောထိုပုဂ္ဂိုလ်တို့သည် ပရိနိဗ္ဗာန်ဝင်စံချုပ်ငြိမ်းကြကုန်၏”ဟု (မိန့်ဧတာ်မူ၏)။
စတုတ္ထသုတ်။