သံယုတ္တနိကာယ်—၅၆
၁—သမာဓိဝဂ်
၈—စိန္တသုတ်
၁ဝ၇၈။ ရဟန်းတို့ ‘လောကသည် မြဲ၏’ဟူ၍လည်းကောင်း၊ ‘လောကသည် မမြဲ’ဟူ၍လည်းကောင်း၊ ‘လောကသည် အဆုံးရှိ၏’ဟူ၍လည်းကောင်း၊ ‘လောကသည် အဆုံးမရှိ’ဟူ၍လည်းကောင်း၊ ‘ထိုအသက်သည်ပင် ထိုကိုယ်ဖြစ်၏’ဟူ၍လည်းကောင်း၊ ‘အသက်သည် တခြား ကိုယ်သည်တခြား’ဟူ၍လည်းကောင်း၊ ‘သတ္တဝါသည် သေပြီးသည်မှ နောက်၌ ဖြစ်၏’ဟူ၍လည်းကောင်း၊ ‘သတ္တဝါသည် သေပြီးသည်မှ နောက်၌ မဖြစ်’ဟူ၍လည်းကောင်း၊ ‘သတ္တဝါသည် သေပြီးသည်မှ နောက်၌ဖြစ်လည်း ဖြစ် မဖြစ်လည်း မဖြစ်’ဟူ၍ လည်းကောင်း၊ ‘သတ္တဝါသည် သေပြီးသည်မှ နောက်၌ဖြစ်သည်လည်း မဟုတ် မဖြစ်သည်လည်း မဟုတ်’ ဟူ၍လည်းကောင်း ဤသို့ ယုတ်ညံ့သောအကုသိုလ်စိတ်ကို မကြံစည်ကုန်ရာ။ ထိုသို့ မကြံစည်သင့်ခြင်း သည် အဘယ်ကြောင့်နည်း၊
ရဟန်းတို့ ဤအကြံအစည်သည် အကျိုးစီးပွားနှင့် မစပ်၊ မဂ်တည်းဟူသောအကျင့်မြတ်၏ အစမဟုတ်၊ ငြီးငွေ့ရန် တပ်ခြင်းကင်းရန် ချုပ်ရန် ငြိမ်းရန် ထူးသော ဉာဏ်ဖြင့် သိရန် ကိုယ်တိုင် သိရန်တဏှာမှ ထွက်မြောက်ရန် မဖြစ်။
ရဟန်းတို့ သင်တို့သည် ကြံစည်လိုကြကုန်သော် “ဤကား ဆင်းရဲတည်း”ဟု ကြံစည်ကုန်ရာ၏၊ “ဤကား ဆင်းရဲဖြစ်ပေါ်ကြောင်းတည်း”ဟု ကြံစည်ကုန်ရာ၏၊ “ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) တည်း”ဟုကြံစည်ကုန်ရာ၏၊ “ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်တည်း”ဟု ကြံစည်ကုန်ရာ၏။ ထိုသို့ ကြံစည်သင့်ခြင်းသည် အဘယ့်ကြောင့်နည်း၊
ရဟန်းတို့ ဤအကြံအစည်သည် အကျိုးစီးပွားနှင့် စပ်၏၊ မဂ်တည်းဟူသောအကျင့်မြတ်၏ အစဖြစ်၏၊ ငြီးငွေ့ရန် တပ်ခြင်းကင်းရန် ချုပ်ရန် ငြိမ်းရန် ထူးသော ဉာဏ်ဖြင့် သိရန် ကိုယ်တိုင် သိရန်တဏှာမှ ထွက်မြောက်ရန် ဖြစ်၏။
ရဟန်းတို့ ထို့ကြောင့် “ဤကား ဆင်းရဲတည်း”ဟု သိရန် အားထုတ်ရမည်။ပ။ “ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်တည်း”ဟု သိရန် အားထုတ်ရမည်ဟု (မိန့်တော်မူ၏)။
အဋ္ဌမသုတ်။