သံယုတ္တနိကာယ်—၈
၈—ပရောသဟဿသုတ်
၂၁၆။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ တစ်ထောင့်နှစ်ရာ့ငါးကျိပ်ကုန်သော များစွာသော ရဟန်းသံဃာနှင့်အတူ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို နိဗ္ဗာန်နှင့်စပ်သော တရားစကားဖြင့် (အကျိုး စီးပွားကို) ကောင်းစွာ ပြလျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန်ရွှင်လန်း စေတော်မူ၏၊ ထိုရဟန်းတို့သည်လည်း အရိုအသေပြုကာ နှလုံးသွင်းကုန်လျက် အလုံးစုံသော စိတ်ဖြင့် ကောင်းစွာ မှတ်သားပြီးလျှင် နားစိုက်ထောင်ကုန်သည်ဖြစ်၍ တရား နာကုန်၏၊ ထိုအခါ အသျှင်ဝင်္ဂီသအား ဤသို့သော အကြံ ဖြစ်၏— “ဤမြတ်စွာဘုရားသည် ရဟန်းတို့အား နိဗ္ဗာန်နှင့် စပ်သော တရားစကားဖြင့် အကျိုးစီးပွားကို ကောင်းစွာ ပြလျက် တရားကို ဆောက်တည်စေကာ တရားကျင့်သုံးရန် ထက်သန်ရွှင်လန်း စေတော်မူ၏၊ ထိုရဟန်းတို့သည်လည်း အရိုအသေ ပြုကာ နှလုံးသွင်းကုန်လျက် အလုံးစုံသော စိတ်ဖြင့် ကောင်းစွာ မှတ်သားပြီးလျှင် နားစိုက်ထောင်ကုန်သည် ဖြစ်၍ တရားနာကုန်၏၊ ငါသည် မြတ်စွာဘုရား၏ မျက်မှောက်၌ သင့်လျော်သော ဂါထာတို့ဖြင့် ချီးကျူးရမူကား ကောင်းလေစွ”ဟု အကြံ ဖြစ်၏။
ထိုအခါ အသျှင်ဝင်္ဂီသသည် နေရာမှ ထ၍ ပခုံးတစ်ဖက်၌ အပေါ်ရုံကို တင်ကာ မြတ်စွာဘုရား ရှိတော်မူရာသို့ လက်အုပ်ချီလျက် မြတ်စွာဘုရားအား “မြတ်စွာဘုရား အကျွန်ုပ်၏ ဉာဏ်၌ ရှေးရှုထင်ပါ၏၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရား အကျွန်ုပ်၏ ဉာဏ်၌ ရှေးရှုထင်ပါ၏”ဟု လျှောက်၏။ “ဝင်္ဂီသ သင်၏ ဉာဏ်၌ ရှေးရှုထင်စေလော့”ဟု မြတ်စွာဘုရားသည် မိန့်တော်မူ၏။ ထိုအခါ အသျှင်ဝင်္ဂီသသည် မြတ်စွာဘုရား၏ မျက်မှောက်၌ သင့်လျော်သော ဂါထာတို့ဖြင့် ချီးကျူး၏—
“ကိလေသာမြူ ကင်းသော၊ တစ်ရံတစ်ဆစ်မျှ ဘေးမရှိသော၊ နိဗ္ဗာန်ဟု ဆိုအပ် သော တရားကို ဟောတော်မူတတ်သော မြတ်စွာဘုရားကို ရဟန်းတစ်ထောင်ကျော် သည် ဆည်းကပ်၏။
မြတ်စွာဘုရား ဟောတော်မူအပ်သော အညစ်အကြေး ကင်းသော တရားကို ရဟန်းတို့သည် နာကုန်၏၊ ရဟန်းအပေါင်းတို့ဖြင့် ခြံရံအပ်သော မြတ်စွာဘုရား သည် တင့်တယ်တော်မူပေစွတကား။
ဘုရားတို့တွင် ခုနစ်ဆူမြောက် ဘုရားဖြစ်တော်မူသော မြတ်စွာဘုရားသည် နာဂ အမည်ရှိတော်မူ၏၊ မိုးကြီးသဖွယ် ဖြစ်၍ တပည့်သားအပေါင်း၌ (တရားမိုးကို) ရွာ သွန်းတော်မူ၏။
ကြီးသော လုံလရှိတော်မူသော မြတ်စွာဘုရား အသျှင်ဘုရား၏ တပည့် ဝင်္ဂီသ သည် မြတ်စွာဘုရားကို ဖူးမြင်လိုသောကြောင့် နေ့သန့်စင်ရာမှ ထွက်၍ အသျှင် ဘုရား၏ ခြေတော်တို့ကို ရှိခိုး၏”ဟု ချီးကျူး၏။
“ဝင်္ဂီသ အသို့နည်း သင့်အား ဤဂါထာကို ရှေးက ကြံထားအပ်ကုန်သလော၊ ထိုသို့မဟုတ် တစ် ခဏချင်းပင်လျှင် သင်၏ ဉာဏ်၌ ရှေးရှုထင်ကုန်သလော”ဟု မိန့်တော်မူ၏၊ “အသျှင်ဘုရား ဤဂါထာတို့ကို ရှေးက ကြံမထားပါ၊ စင်စစ်သော်ကား တစ်ခဏချင်းပင် အကျွန်ုပ်၏ ဉာဏ်၌ ရှေးရှုထင်ပါ၏”ဟု လျှောက်၏၊ ဝင်္ဂီသ သို့ဖြစ်လျှင် ရှေးက ကြံမထားကုန်သော ဂါထာတို့သည် သင်၏ ဉာဏ်၌ ရှေးရှု ပိုလွန်၍ ထင်စေကုန်ဦးလော့”ဟု မိန့်တော်မူ၏။ “အသျှင်ဘုရား ကောင်းပါပြီ”ဟု အသျှင်ဝင်္ဂီသသည် မြတ်စွာဘုရားအား ဝန်ခံပြီး၍ မြတ်စွာဘုရားကို ရှေးက ကြံမထားဖူးကုန်သော ဂါထာတို့ဖြင့် အတိုင်းထက် အလွန် ချီးကျူးပြန်၏—
“(အကြင်မြတ်စွာဘုရားသည်) မာရ်၏ လမ်းမှားကို လွှမ်းမိုးဖိနှိပ်ပြီးလျှင် ငြောင့်တို့ကို ချိုးဖြတ်၍ ကြွသွားတော်မူ၏၊ (ရာဂစသည်တို့သည်) မမှီအပ်သော အဖို့ အားဖြင့် တရားကို ခွဲခြားဝေဖန်၍ ဟောတော်မူတတ်သော အနှောင်အဖွဲ့မှ လွတ်ခြင်းကို ပြုတော်မူတတ်သော ထိုမြတ်စွာဘုရားကို ရှုကြကုန်လော့။
မြတ်စွာဘုရားသည် သြဃလေးပါးမှ ကူးမြောက်ခြင်းအကျိုးငှါ (သတိပဋ္ဌာန် စသော) များသော အပြားရှိသော လမ်းစဉ်တရားကို ဟောကြားတော်မူ၏၊ အမြိုက် နိဗ္ဗူ ဆောင်ယူနိုင်ငြား့ထိုလမ်းစဉ်တရားကိုလည်း ဟောကြားတော်မူအပ်သည် ရှိသော် တရားကို မြင်သော သူတို့သည် မရွေ့လျောသည် ဖြစ်၍ တည်ကုန်၏။
ထွန်းတောက်ပခြင်းကို ပြုတော်မူတတ်သော မြတ်စွာဘုရားသည် ထိုထွင်းသိတော်မူ၍ အလုံးစုံသော ဒိဋ္ဌိတို့၏ တည်ရာတို့ကို လွန်မြောက်ရာဖြစ်သော နိဗ္ဗာန်ကို မြင် တော်မူပြီ။ ထိုမြတ်စွာဘုရားသည် မြတ်သော တရားကို သိတေ်မူ၍လည်းကောင်း၊ မျက်မှောက်ပြုတော်မူ၍လည်းကောင်း ပဉ္စဝဂ္ဂီငါးဦးတို့အား (မြတ်သော တရားကို) ဟောကြားတော်မူပြီ။
ဤသို့ တရားတော်ကို ကောင်းစွာ ဟောသည်ရှိသော် တရားကို သိကုန်သော ပညာရှိတို့အား အဘယ်မှာ မေ့လျော့နိုင်အံ့နည်း၊ ထို့ကြောင့်သာလျှင် အကျွန်ုပ် သည် ထိုမြတ်စွာဘုရား၏ သာသနာတော်၌ အခါခပ်သိမ်း မေ့လျော့ခြင်း ကင်းသည် ဖြစ်၍ ရှိခိုးလျက် ကျင့်ပါအံ့”ဟု (ချီးကျူး၏)။